Covid-19 ကပ်ရောဂါဆိုးကြောင့် ထိန်းချုပ်ရေးစခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင်း ခြေချုပ်နေနေသူများအတွက် အကြံပြုချက်ပါ၊
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သော Covid – 19 ကူးစက်မြန်အဆုပ်ရောင်ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ကျက်သွားခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်မှာဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ မတ်လ ၂၀၂၀ မှ စတင်၍ ကမ္ဘာ့ကပ်ရောဂါ (Pandemic Disease) အဖြစ် သတ်မှတ်ခဲ့ပါသည်။ အမေရိကန်၊အီတလီနှင့် စပိန်နိုင်ငံများတွင် ကူးစက်ခံရသူ အရေအတွက်လည်းများပြီး သေဆုံးသူလည်း များပြားပါသည်။ ကျနော်တို့မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်သူ ၁၄ ယောက်အထိဖြစ်လာနေပါသည်။
ထိုကပ်ရောဂါကို ကာကွယ်ရန် ဆေးဝါးလည်း စမ်းသပ်နေဆဲအဆင့်သာ ဖြစ်သောကြောင့် လူအများမှာလည်း ရောဂါဖြစ်လျှင် ဆေးမရှိဆိုသော အသိက လူအများ၏ စိတ်ပိုင်းဆိုင်ရာကို ပိုမိုဒုက္ခရောက်စေပါသည်။
နိုင်ငံအများအပြားတွင်လည်း ရောဂါပိုးရှိသူများကို သီးသန့်ခွဲထား၍ ဆေးကုသပေးနေခြင်း၊ သံသယရှိသူများကို သီးခြားခွဲ၍ နေထိုင်စေခြင်း၊ ရောဂါပိုးရှိသူများ၏ မိသားစုများ၊ ထိတွေ့ဆက်ဆံဖူးသူများကို သီးခြားခွဲ၍ နေထိုင်စေခြင်းများနှင့် နိုင်ငံအလိုက်ပါ အခြားနိုင်ငံများနှင့် ကူးလူးဆက်ဆံခွင့်များကို ပိတ်လိုက်ခြင်း စသည်ဖြင့် ရောဂါပိုးကို ထိမ်းချုပ်ရန် နိုင်ငံအသီးသီးက ကြိုးစားနေကြသည်ကို တွေ့ရှိရသည်။ ထိုသို့ ကပ်ရောဂါပိုးကို ထိမ်းချုပ်ရန် ကြိုးစားနေခြင်းများကို ပြည်သူတစ်ဦီးချင်းကလည်း အသိ၊သတိ ဖြင့်ပူးပေါင်းဆောင်ရွက်လိုအပ်ပါသည်။
သို့သော် လူဆိုသည်မှာ လွတ်လပ်မူကို နှစ်သက်သည့် သဘောသဘာဝ ရှိသူများဖြစ်သည့်အလျောက် မိမိ လွတ်လပ်မူ ဆုံးရှုံးလိုက်ပြီ သို့မဟုတ် ဆုံးရှုံးရတော့မည်ဟု သေသေချာချာ သိလိုက်ရသည့်အခါမျိုးတွင် စိုးရိမ်မူများ ၊ကြောက်ရွံ့မူများ ခံစားလာရလေ့ရှိပြီး စိတ်ဖိစီးမူများကြောင့် မလိုလားအပ်သော ပြဿနာများ၊ အမှားများကို ပြုလုပ်တတ်ပါသည်။ ထိုသို့မဖြစ်စေရန် အရေးကြီးပါသည်။ အထူးသဖြင့် အိမ်တွင် သား၊ သမီးငယ်များ ရှိနေလျှင် မိဘများအနေဖြင့် ပိုသတိထားရန် လိုအပ်ပါသည်။
လွတ်လပ်မူ ဆုံးရှုံးလိုက်ရလျှင် ပထမဆုံး ခံစားရမည်မှာ စိတ်အားငယ်မူ သို့မဟုတ် ဒေါသဖြစ်ပါမည်။ ပျင်းရိခြင်း၊ အထီးကျန်ဆန်ခြင်း၊မျှော်လင့်ချက်ကင်းမဲ့ခြင်း စသည့် စိတ်အားငယ်ခြင်း ဖြစ်ပြီး မစားချင် မသောက်ချင်နှင့် ငါဘာမှ မလုပ်နိုင်တော့၊ ငါ့မိသားစုကိုလည်း အကာအကွယ်မပေးနိုင်စသည့် ကိုယ့်ကိုကိုယ်ယုံကြည်မူ ပျက်တာမျိုးထိ ဖြစ်သွားနိုင်ပါသည်။ ဒေါသ ဖြစ်လျှင်လည်း အမူအယာ နှင့် နုတ်ရော စိတ်ပါ ကြမ်းတမ်းလာတတ်ပြီး အနီးဆုံးလူများကို ပြဿနာရှာတတ်ပါသည်။
ကျနော်တို့ သတိထားရမှာက ကလေးများမှာလည်း ဒီလိုစိတ်ခံစားရမူပြဿနာများ ဖြစ်နေတတ်ပြီး လူကြီးများက သတိထားပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်ပေးရပါမည်။ ထို့အတွက် လူကြီးများ အနေဖြင့် ထိုသို့ စိတ်ခံစားရမူများ ဖြစ်လျှင် ကျော်လွှားနိုင်ရန် ကိုယ်တွေ့ကျော်ဖြတ်ခဲ့ပုံများဖြင့် တင်ပြခြင်းဖြစ်ပါသည်။
ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းမြောက်မြားစွာသည် ထိုသို့ လွတ်လပ်မူ ဆုံးရှုံးရခြင်းကို နှစ်ပေါင်းများစွာ ခံစားခဲ့ရဖူးပြီး ကျော်ဖြတ်ခဲ့ကြသူများဖြစ်ပါသည်။
အတွေ့အကြုံ
ကျနော်သည် အကျဉ်းထောင်ထဲတွင် ၇ နှစ်ကျော်နေထိုင်ခဲ့ရပြီး ထို ၇ နှစ်ကျော်ထဲ ၁ နှစ်လောက်နီးပါး တယောက်တည်း အခန်းကျဉ်းလေးထဲတွင် ထားရှိခြင်းခံခဲ့ရဖူးပါသည်။
အခန်းကျဉ်းလေးဆိုသည် ၈ပေ၊ ၁၂ ပေ ကျယ် အခန်း။ ဖျာတချပ်ရှိသည်။ ဂန်ဖလားတလုံး၊ တံခါးအပြင်ဖက်မှာ သောက်ရေအိုးတလုံး၊သောက်ရေခွက်တခွက်၊ အိမ်ကပေးထားတဲ့ အစားအသောက်ရှိသည်။ ခေါင်းအုံးသည် ဇိမ်ခံပစ္စည်းဆိုပြီး သုံးမရ၊ အဝတ် ၂ ထည်လောက်ကို ခေါင်းအုံးအုံးအိပ်ရသည်။ စာရေး စာဖတ်ခြင်းမပြုရ၊ တရက်လုံး ၂၄ နာရီ၌ မိနစ် ၂၀ ပဲ ရေချိုးရန် အပြင်ထွက်ရသည်။ မိသားစုနှင့် ၁၄ ရက်တခါ ၁၅ မိနစ်ပဲ တွေ့ဆုံရသည်။ အလုပ်လုပ်စရာ ဘာမှ မရှိ။ အခြားလူကို တနေ့တနေ့တွေ့ရသည့်အချိန် အင်မတန်ရှားသည်။
စဉ်းစားကြည့်ပါ။ နေရထိုင်ရ အလွန်မှ ခက်ခဲသော နေ့ရက်များပင်။
ဤနေရာတွင် ကျနော့်စဉ်းစားချက်မှာ
၁။ အရှိတရားကို လက်ခံခြင်း – ဒီလိုမျိုးမနေချင်ပါ။ သို့သော် ရွေးချယ်စရာမရှိပါ။ ငါရှင်သန်အောင် ကြိုးစားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သည်။
၂။ စစ်အစိုးရက ကျနော်တို့ကို ဒီလိုထားတာ ကျနော်တို့ထောင်ကပြန်လွတ်ရင် ငတုံးတွေဖြစ်အောင် ထားတာ၊ ဒီ့အတွက် သူတို့ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဖက်ဖြစ်အောင် ကြိုးစားမယ် ဆိုပြီး ဆုံးဖြတ်သည်။ ထောင်ထဲမှာ ရှိနေစဉ် English ဘာသာစကားကို ဖြစ်နိုင်သမျှ တတ်ကျွမ်းအောင်လေ့လာမယ် ဆိုပြီး ဆုံးဖြတ်ချက်ကို အင်းစိန်ထောင် ၅ တိုက် အခန်း ၇ မှာ တယောက်တည်း ချခဲ့သည်။
၃။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် နည်းလမ်းရှာသည်။ ကံကောင်းချင်တော့ အင်းစိန်ထောင် ၅ တိုက် တဖက်ခန်းတွင် ဒေါက်တာအေးချမ်း ရှိသည်။ သူက Engllish, Japan, စကားကျွမ်းကျင်သည်။ ဝန်ထမ်းလစ်ချိန် သူက English ဝါကျ တစ်ကြောင်း၊ နှစ်ကြောင်း အော်ပြောသည်။ သံမံတလင်းပေါ်မှာ လိုက်ရေးသည်။ ဝန်ထမ်းလစ်တိုင်း အဲသလိုမျိုးလုပ်သည်။ နောက်ပြီး ကိုယ့်စိတ်ထဲမှာ ပြောချင်နေတာ အကုန်ကို သံမံတလင်းပေါ်မှာ ချရေးလိုက်ခြင်းဖြစ်သည်။ တချို့က ကဗျာရေးသည်။ ဆောင်းပါးရေးသည်။ ဝတ္တုရေးသည်။ သီချင်းရေးသည် အစရှိသဖြင့် အချိန်တွေကို အသုံးချခဲ့ကြသည်။
၄။ လွတ်မြောက်မယ့် ရက်ကို မစဉ်းစားပါ။ အဖမ်းခံရပြီးပြီ၊ အမိန့်ချခံထားရပြီးပြီ။ အချိန်တန်လျှင် လွတ်မည်။ လွတ်တဲ့အခါ ကျန်းမာရေးကောင်းကောင်းနှင့် လွတ်မြောက်အောင် ကြိုးစားမည်။ ထို့ကြောင့် အခန်းကျဉ်းထဲမှာ နေနေရသော်လည်း နာရီပေါင်းများစွာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည်။
ကျနော်ကြုံတွေ့ခဲ့ရသည့် အခြေအနေက အခြေအနေဆိုးတခု ဖြစ်သည်။ သို့သော် အဆိုးထဲက အကောင်းတွေ ရှာတွေ့ခဲ့သည်။ အဓိကက စိတ်ဓာတ်မကျရန်နှင့် ကိုယ်လုပ်နိုင်တာ တခုခုကို ရှာလုပ်နိုင်နေရန် ဖြစ်သည်။ ၎င်းသည် အခြေအနေဆိုးကို ကျော်လွှားနိုင်စေပြီး ပြန်လည်တည်ဆောက်ရေးကာလအတွက် ကိုယ့်ဖက်က အဆင်သင့်ဖြစ်သွားစေလိမ့်မည်။
အခု ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် လူအများအပြား နေအိမ် သို့မဟုတ် ထိန်းချုပ်ရေးစခန်း သို့မဟုတ် ဆေးရုံများတွင် နေနေကြရသည်။ သို့သော် ဆိုရှယ်မီဒီယာကို အသုံးပြုနေနိုင်သည်။ ဆိုရှယ်မီဒီယာနှင့်ပင် ကိုယ့်အချိန်ကို မကုန်လွန်စေဖို့ကလည်း အရေးကြီးသည်။ သတင်းတုတွေကိုလည်း သတိထားသင့်သည်။ သတင်း ကြည့်သည့်အခါမျိုးမှာလည်း မကောင်းသတင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ပိုကျတတ်သည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးပြုဖို့လိုသည်။ အခုခေတ် က ယူကျူကနေ ကိုယ်လေ့လာချင်တာကို လေ့လာရနိုင်သော အခွင့်အရေးရှိသည်။ အွန်လိုင်းကနေ သင်တန်းပေါင်းစုံ ဖွင့်နေတာတွေ ရှိသည်။ စာကြည့်တိုက်များ အခမဲ့ ဝင်ကြည့်ခွင့်တွေ ပေးနေသည်။
မဖြစ်မနေ လုပ်သင့်တာတွေ
အရင်က ပုံမှန်အလုပ်သွား၊ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် အတူနေ အလုပ်လုပ်၊ ပြီး အိမ်ပြန် ဒါက စနေ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များကလွဲ နေ့စဉ်ပုံမှန်ဘဝဖြစ်သည်။ ရုံးပိတ်ရက် သို့မဟုတ် အားလပ်ရက်များတွင် အပြင်ထွက်လည်မည်။
အခု အိမ်ကနေသာ အလုပ်လုပ်၊ လက်ဘက်ရည်ဆိုင်တောင် မထိုင်ရဘဲ ပါဆယ်ဆွဲ ဆိုတော့ ပုံမှန်လည်ပတ်နေမှု ပျက်သွားသည်။ သို့သော် ကိုယ့်ဖာသာကိုယ် ပုံမှန် အလုပ်လုပ်နေသော ပုံစံဖြစ်အောင် ဆက်လက်လုပ်ဆောင်နေသင့်သည်။ အဆိုးထဲကအကောင်းတွေလည်း ရှိနေတတ်သည်။
အနည်းဆုံး မိသားစုနှင့် ၂၄ နာရီနေခွင့်ရမည်။ အခြားသော ကုန်ကျစားရိတ်များ သက်သာသွားမည် အစရှိသဖြင့် ကောင်းတာလေးတွေလည်း စဉ်းစားပေးသင့်သည်။
မဖြစ်မနေ လုပ်ရမည်က လေ့ကျင့်ခန်း ဖြစ်သည်။ ကိုယ်နေထိုင်သော အခန်းကျဉ်းသော်လည်း အနည်းဆုံး ခြေလှမ်း ၆၀၀၀ လောက်ရအောင် လမ်းလျှောက်ပေးပါ။ ဟာသကားများ သို့မဟုတ် စိတ်အပန်းပြေစေသော ရုပ်ရှင်ကားများလည်း ကြည့်ပေးပါ။ အခု အနေအထားက ကျနော်တို့လို အကျဉ်းကျခြင်း မဟုတ်ဘဲ ဖျော်ဖြေရေးတွေ လက်လှမ်းမီတဲ့ အနေအထားပါ။
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများကလည်း မိမိစိတ်ကို ထိန်းချုပ်နိုင်သော နည်းဖြစ်သည်။ မည်သည့်ဘာသာဝင်မဆို လုပ်နိုင်သည်။
သူငယ်ချင်းများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များနှင့် ဖုန်းပြောပေးပါ။ ဒါကလည်း စိတ်သက်သောင့်သက်သာ ဖြစ်စေသည်။
ကောင်ဆယ်လာများနှင့် စကားပြောပေးနိုင်လျှင်လည်း ကောင်းသည်။ အခုခေတ်မှာတော့ ကောင်ဆယ်လင်းလုပ်ပေးနိုင်သောသူများ ရှိနေပါသည်။ ကောင်ဆယ်လာများသည် မိမိရင်တွင်းဖြစ်ပျက်နေသော စိတ်ခံစားရမူများကို မည်သို့မည်ပုံ သက်သောင့်သက်သာ ဖြစ်စေရန် ကူညီပေးနိုင်သူများဖြစ်ပြီး၊ မိမိ၏ အတွင်းရေးများကို ထိန်းသိမ်းပေးနိုင်သူများဖြစ်ကြသည်။
သားသမီး ရှိသူများ ကလေးများနှင့် ကစားပေးပါ။ ဒါက ကလေးများအတွက် ကိုယ့်အတွက်ပါ စိတ်သက်သာရာ ရစေသည်။
မိမိအတွက် အကျိုးရှိမယ်ထင်တာလေးကို စလုပ်လိုက်ပါ။
မိမိစိတ်ထဲရှိသမျှတွေ စာအုပ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာမှာဖြစ်ဖြစ် ချရေးထားလိုက်ပါ။ တချိန်ချိန်မှာ နာမည်ကြီးဝတ္တုဖြစ်လာနိုင်သည်။
FIGHTING!
သေချာတာက ကျနော်တို့ အခုရင်ဆိုင်နေရသော အခြေအနေထက် ဆိုးနေသောသူတွေ လောကမှာ အများကြီးရှိနေသေးသည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)
You may also like these stories:
နိုင်ငံရေးအကျဉ်းသားဟောင်းများ ထူထောင်ခဲ့တဲ့ AAPP ရဲ့ မပြီးသေးသော ခရီးရှည်
ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားပြန်လျှောက်ချင်လျှင်
လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ