လွန်ခဲ့သောတနှစ်ခန့်က အထိပင် ပြည်ပမှသုတေသီများသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တုံ့ဆိုင်းနေသော်လည်း နိဂုံးချုပ်မသွားသေးသည်မှာ သေချာသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်းပြောနေကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟု အမည်တပ်သော ကိစ္စများအတွက် ငွေကို ပုံအောသုံးပြီး ပညာရှင်များ၊ လုံခြုံရေး အတိုင်ပင်ခံများနှင့် အခြားသူများကလည်း မြန်မာတွင် ဖြစ်ပေါ်နေသည်ဟု ၎င်းတို့ယူဆသော စစ်အုပ်ချုပ်ရေးမှ ပိုမိုအရပ်သားဆန်သော အုပ်ချုပ်ရေး ပုံစံသို့ကူးပြောင်းမှုအတွက် စာတမ်းများ တစောင်ပြီးတစောင် ရေးသားကြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ အထွဋ်အထိပ်ဖြစ်သော အခန်းကဏ္ဍကို ဆန့်ကျင်သူ အားလုံးအား ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများနောက်တွင်မူ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဆယ်စုနှစ်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် ပိုမိုပွင့်လင်းသော နိုင်ငံရေးပတ်ဝန်းကျင်ကို အစပျိုးခြင်းတို့နှင့် ပတ်သက်သည့် ဖွင့်ဆိုချက်များ လုံးဝမှားယွင်းကြောင်း အထင်အရှား သိသင့်လောက်ပြီ ဖြစ်သည်။
အသွင်ကူးပြောင်းခြင်း မဟုတ်ကြောင်း သဘောပေါက်ရန်အတွက် နေပြည်တော်တွင် မည်သူအစိုးရဖွဲ့သည်ဖြစ်စေ စစ်အုပ်ချုပ်ရေးကို ဆက်လက်ကျင့်သုံးရန် အုတ်မြစ်ချရေး စစ်အုပ်စု၏ ကြီးကြပ်မှုဖြင့် ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရုံမျှဖြင့် လုံလောက်သင့်သည်။
၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မိမိတို့တွေ့မြင်ခဲ့ရသည်များသည် အခြေခံအားဖြင့် မည်သည့် နိုင်ငံရေးစနစ်သစ်မျှသို့ အသွင်ကူးပြောင်းခြင်း မဟုတ်ကြောင်း သဘောပေါက်ရန်အတွက် နေပြည်တော်တွင် မည်သူအစိုးရဖွဲ့သည်ဖြစ်စေ စစ်အုပ်ချုပ်ရေးကို ဆက်လက်ကျင့်သုံးရန် အုတ်မြစ်ချရေး စစ်တပ်၏ ကြီးကြပ်မှုဖြင့် ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရုံမျှဖြင့် လုံလောက်သင့်သည်။
ထိုဖွဲ့စည်းပုံတွင် စစ်တပ်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်မည်ဟု ဖော်ပြထားပြီး လွှတ်တော်အားလုံးတွင် နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကို ရယူခြင်းနှင့် အရေးပါသော ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ပြည်တွင်းလုံခြုံရေး ယန္တရားပါဝင်သော ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ထိန်းချုပ်ကာ ထိုအတိုင်းလုပ်ခဲ့ကြသည်။
ထိုဖွဲ့စည်းပုံ အခန်း ၁၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ရှုပ်ထွေးလှသော စည်းမျဉ်းများကို ဖော်ပြထားပြီး လက်ရှိအာဏာစနစ်ကို အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး စစ်တပ်ကို ထိရောက်သည့် တချက်လွှတ်အာဏာ ပေးထားသည်။ အရေးမပါသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြောင်းအလဲများကို ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေကြမ်းတင်သွင်းလျှင် ထည့်သွင်း စဉ်းစားမည်ဖြစ်သည်။ သို့သော် ပုဒ်မပေါင်း ၁၀၄ ခုကမူ အဓိကကျသော ဖွဲ့စည်းပုံပြင်ဆင်ချက်များကို လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းက ကြိုတင်သဘောတူညီမှုမရှိဘဲ မပြင်ဆင်နိုင်သကဲ့သို့ ထိုသို့သဘောတူပြီးသည့်တိုင် မဲပေးခွင့်ရှိသူ ထက်ဝက်အထက် မဲပေးသည့် ဆန္ဒခံယူပွဲ ကျင်းပအတည်ပြုရမည် ဖြစ်သည်။
ထို့အပြင် ထိုသို့အခြေခံအားဖြင့်ပင် ဒီမိုကရေစီနည်းလမ်း မကျသည့် ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ရေးသည် ၎င်းတို့၏တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်များက မကြာခဏ ပြောသည်။ စစ်အာဏာမသိမ်းမီ ရက်ပိုင်းအလို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာစစ်တပ်သည် ဥပဒေအားလုံး၏ မိခင်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် သူက အောက်တိုဘာလ ၁၂ ရက်နေ့အထိပင် စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီကြောင်းပြောနေသည်။
သို့သော် ပြည်ပမှ ဆရာကြီးအများအပြား ပြောသကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားဟုဆိုသူ ဗိုလ်ချုပ်ကြီး သိန်းစိန် မြန်မာနိုင်ငံ သမ္မတဖြစ်စေခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံတွင် မည်သည်တို့ ဖြစ်ခဲ့သနည်း။
အားလုံးပြီးဆုံးသွားသည့်အခါ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။ သတင်းနှင့် စာပေ ဆင်ဆာ စိစစ်ဖြတ်တောက်ခြင်းကို ရုပ်သိမ်းပေးပြီး နိုင်ငံရေးပါတီများ ပိုမိုပွင့်လင်းစွာ လုပ်ကိုင်နိုင်လာသည်။ မြန်မာ့နိုင်ငံရေးကို အလေးအနက် လေ့လာသူ အားလုံးအတွက် အဖြေမှာ ရှင်းလင်းလှသည်။ ပြည်သူများ ခံစားရသည့် မကြုံစဘူး လွတ်လပ်ပွင့်လင်းမှုများသည် မြန်မာလူ့အဖွဲ့အစည်း ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။
မျိုးဆက်တခုလုံးသည် အင်တာနက်ကို မည်သို့သုံးရမည်၊ လူမှုကွန်ရက်တွင် မည်သို့ ဆက်သွယ်ရမည်၊ ဒီမိုကရေစီနှင့် နိုင်ငံသား အခွင့်အရေးများဆိုင်ရာ ဆွေးနွေးပွဲများ မည်သို့ကျင်းပရမည်ကို လေ့လာသိရှိခဲ့ကြသည်။ ထို့ကြောင့် Generation Z အပြင် ကနဦးတွင် ငြိမ်းချမ်းပြီးနောက် လက်နက်ကိုင်ကာ စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီ (SAC) ကို အလုံးအရင်းဖြင့် ဆန့်ကျင်ခြင်းတို့ကို မွေးဖွားပေးလိုက်သည်။
၎င်းတို့၏ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အလိုကျ ဗြောင်ကျကျ မဲလိမ်သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အပြောင်းအလဲများကို စတင်သည့်အချိန်တွင် ဗိုလ်ချုပ်များသည် အထက်ပါကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုများကို မမျှော်လင့်ခဲ့ဟု ယူဆနိုင်သည်။
သို့သော်ဗိုလ်ချုပ်များသည် မည်သည့်အတွက် နိုင်ငံကို တံခါးဖွင့်ပေးရန် သဘောတူခဲ့သနည်း။ တရုတ်နိုင်ငံကို အလွန်အကျွံ မှီခိုရခြင်းသည် အကြောင်းရင်းတခုဖြစ်သည်။
သို့သော် ဗိုလ်ချုပ်များသည် မည်သည့်အတွက် နိုင်ငံကို တံခါးဖွင့်ပေးရန် သဘောတူခဲ့သနည်း။ တရုတ်နိုင်ငံကို အလွန်အကျွံ မှီခိုရခြင်းသည် အကြောင်းရင်းတခုဖြစ်သည်။ အနောက်တိုင်း အရေးယူမှုများနှင့် သပိတ်မှောက်မှုများသည် ကုန်သွယ်ရေးနှင့် သံတမန်ရေးတွင် တရုတ်ကို မှီခိုရစေပြီး စာရေးသူကြည့်ခွင့်ရသော စစ်တပ်တွင်း စာရွက်စာတမ်းများအရ အခြေအနေမှာ လွန်စွာ ဆိုးရွားသောကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည်ဟု ဗိုလ်ချုပ်များက ယူဆလာသည်။ နိုင်ငံတကာ အသိုက်အဝန်းက ပိုမို လက်ခံလာစေရေး အတွက် အပြောင်းအလဲ တစုံတရာလုပ်ရန် လိုအပ်လာပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း စစ်အုပ်စုအတွက် အထွတ်အထိပ်အာဏာကို အာမခံ ကာကွယ်ထားပေးသောကြောင့် ဗိုလ်ချုပ်များသည် ထိုသို့ လုပ်နိုင်ခဲ့ကြသည်။
အခြားအချက်တခုမှာ အာဏာရှင်ဟောင်းဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အငြိမ်းစားယူပြီး မြန်မာ့သမိုင်းတွင် ယခင်အုပ်ချုပ်သူများ လုပ်ခဲ့သည့်အတိုင်း မြို့တော်သစ် တည်ဆောက်ခြင်း အပါအဝင် နိုင်ငံသစ်ကို ဖန်တီးသူဖြစ်သည်ဆိုသည့် အမွေကိုထားခဲ့လိုသည်။ အတွင်းလူများ၏ အဆိုအရ သူနှင့်သူ့မိသားစုသည် သူ့ဆရာသမားများဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်ချုပ်ကြီး စောမောင်တို့ကဲ့သို့သော အရှက်တကွဲအကျိုးနည်းကာ ဇာတ်သိမ်းရသည့် ကံကြမ္မာကို ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။
ထိုကြောင့် သူသည် သူ့ကို ဆက်ခံမည့်သူ သုံးဦးရွေးချယ်သည်။ ထိုစဉ်က စစ်အုပ်စု ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သိန်းစိန်ကို သမ္မတခန့်သည်။ ထူးထူးခြားခြား သြဇာမရှိသလို စည်းရုံးသိမ်းသွင်းနိုင်စွမ်းလည်း မရှိသည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို စစ်တပ်အကြီးအဲခန့်ကာ ရာထူးတိုးပေးပြီး ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်ပြီး နောင်တွင် USDP ဥက္ကဋ္ဌ ဖြစ်လာစေသည်။ အာဏာကို ထို သုံးဦးအကြား ခွဲထားပေးခြင်းဖြင့် ဦးသန်းရွှေအတွက် လုံခြုံစေမည်ဟု သူထင်ခဲ့သည်။
ပထမဆုံး အတွက်အချက် မှားယွင်းခြင်းနှင့် ပတ်သက်သူမှာ သူရ ဦးရွှေမန်းဖြစ်သည်။ သူသည် အခြေအနေကို စောစောစီးစီး သဘောပေါက်ပြီး လူထုထောက်ခံသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းသည်။
ပထမဆုံး အတွက်အချက် မှားမိသူမှာ သူရ ဦးရွှေမန်းဖြစ်သည်။ သူသည် အခြေအနေကို စောစောစီးစီး သဘောပေါက်ပြီး လူထုထောက်ခံသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းသည်။ ထိုသို့ပူးပေါင်းသောကြောင့်လည်း သူ ကျဆုံးရသည်။
၂၀၁၅ ခုနှစ် ဩဂုတ်လတွင် သူ့ကို USDP ဥက္ကဋ္ဌ အဖြစ်မှ ဖယ်ရှားပြီး ၂၀၁၆ ခုနှစ် ဧပြီလရောက်သောအခါ ပါတီမှ လုံး၀ ထုတ်ပယ်လိုက်သည်။ နောက်ဆုံး ၂၀၁၉ ခုနှစ်တွင် သူသည် သူ့ပါတီဖြစ်သော ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ထူထောင်သော်လည်း ထိုပါတီသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် တနေရာမျှပင် အနိုင်မရပေ။
သို့သော် ဦးသိန်းစိန်သည် ဦးရွှေမန်းထက် များစွာသာသည်။ သူသည် မြန်မာနိုင်ငံကို နိုင်ငံတကာ အထီးကျန်ခြင်းမှ လွတ်မြောက်စေပြီး အနောက်နိုင်ငံများ၏ အချစ်တော်ဖြစ်လာစေသည်။ ထိုဗိုလ်ချုပ်ဟောင်းကို နယူးယောက်တိုင်းမ် အပါအဝင် သတင်းဌာန အများအပြားက မြန်မာ မီခေးလ် ဂိုဘာချော့ဗ် ဟုပင် ချီးကျူးကြသည်။
New Mandala မှ အယ်ဒီတာတဦးဖြစ်သူ နီကိုလပ် ဖာရယ်လီက ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသင့်ကြောင်း ၂၀၁၂ ခုနှစ်၊ မေလတွင် ရေးသားခဲ့သည်။
သြစတြေးလျနိုင်ငံ၊ ကင်ဘာရာအခြေစိုက် ပညာရှင်တပိုင်း သတင်းဌာန ဖြစ်သော New Mandala မှ အယ်ဒီတာတဦးဖြစ်သူ နီကိုလပ် ဖာရယ်လီက ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသင့်ကြောင်း ၂၀၁၂ ခုနှစ်၊ မေလတွင် ရေးသားခဲ့သည်။ Financial Times သတင်းစာ သတင်းထောက်ဟောင်း ဂွမ် ရော်ဘင်ဆင်က ဦးသိန်းစိန်ကို မြန်မာ့ပြုပြင်ပြောင်းလဲရေး သမ္မတကြီးဟုခေါ်ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလထုတ် Foreign Policy ဆောင်းပါးတပုဒ်တွင် ဦးသိန်းစိန်သည် ပြည်သူ့အသံကို နားထောင်သည့် အကြီးအကဲ ဖြစ်သည်ဟု ရေးသည်။
သူသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုက ချမှတ်ခဲ့သော မူဝါဒများကိုသာ အကောင်အထည်ဖော်ရန် သမ္မတလုပ်နေသည် ဆိုသည့်အချက်ကို ထိုသို့သော ချီးကျူးပြောဆိုမှုအားလုံးက မမြင်နိုင်ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ပိုင်နက်၊ အမျိုး၊ ဘာသာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဆိုသည့် စစ်တပ်နှင့် USDP ပြောဆိုချက်များကို ဦးသိန်းစိန်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ထောက်ခံပြီး ထိုနှစ်နိုဝင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် တိုင်းပြည်ကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် တောင်းဆိုလိုက်သောအခါ သူ၏ အရောင်အသွေး အစစ်အမှန်ကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။
ယခုနှစ် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီဒလန်ဟု သံသယရှိသောကြောင့် သတ်ဖြတ်ခံရသည့် သို့မဟုတ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရသည့် USDP အဖွဲ့ဝင် မိသားစုများအတွက် ဦးသိန်းစိန်သည် ငွေကြေးလှူဒါန်းသည်။ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြရုံသက်သက်မျှဖြင့် စစ်တပ်နှင့် ရဲများက ပစ်သတ်ခဲ့သူများအတွက် သူ ငွေကြေးလှူဒါန်းခြင်း မဟုတ်ကြောင်းကို ပြောရန်ပင် မလိုတော့ပေ။
သို့သော် ထိုသို့ထင်ရှားနေသည့် အချက်အလက်များ ရှိနေသော်လည်း နော်ဝေအစိုးရ ငွေကြေး ထောက်ပံ့ထားသည့် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု အော်စလိုမှ သုတေသီ မာတီနယ်လ်ဆန်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အကြောင်း ရေးသားပြီး ထိုဆောင်းပါးကို နော်ဝေ မဂ္ဂဇင်း Bistandsaktuelt တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိပင် ဖော်ပြနေသည်။ ထိုဆောင်းပါးတွင် ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး အစိုးရ အကြီးအကဲအဖြစ် ဖော်ပြသည်။
မှတ်သားစရာကောင်းသော အချက်မှာ စစ်ကောင်စီခန့် ဝန်ကြီးသုံးဦးသည် ဦးသိန်းစိန် ခေါင်းဆောင်သည့် ထိုပြုပြင်ပြောင်းလဲရေး အစိုးရတွင် ဝန်ကြီးလုပ်ခဲ့သူများ ဖြစ်သည်။ ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ် ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်သည့် ဦးဝဏ္ဏမောင်လွင်သည် ယခုစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ယခင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ယခု လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဖြစ်သည်။ ယခင် ပြည်ထဲရေး ဒု ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းသည် ယခု ပြန်ကြားရေး ဝန်ကြီးဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ထိုစဉ်က ရဲချုပ်ဖြစ်သော ဦးခင်ရီသည် ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသည့် သံဃာတော်များ ဦးဆောင်သော လူထုလှုပ်ရှားမှုကို သွေးချောင်းစီး နှိမ်နင်းရန် အမိန့်ပေးခဲ့သည်။ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးသည် ဦးသိန်းစိန် လက်အောက်တွင် ဝန်ကြီးမဟုတ်သော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲဖြစ်သည်။
ဦးသိန်းစိန်က စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီးနောက် အနည်းနှင့်အများဆိုသလို ထိုနည်းအတိုင်း ဆက်လက် လုပ်ကိုင်ခဲ့သည့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုသော ကိစ္စအပေါ် ပြည်ပမှ ချဉ်းကပ်မှု နည်းလမ်းတွင်လည်း မြေပြင်မှ ပကတိအခြေအနေကို နားမလည်ခြင်း၊ နုံအခြင်းများကို အထင်အရှားတွေ့နေရသည်။
ထိုလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု ပြဿနာကို နားမလည်သည့် ပြည်ပမှ ငြိမ်းချမ်းရေး အကျိုးဆောင် အများအပြားကို စွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် နော်ဝေနှင့် ဆွစ်ဇာလန် အစိုးရများသာမက ဥရောပသမဂ္ဂနှင့် အခြားအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက ဒေါ်လာသန်း ရာပေါင်းများစွာ ယူဆောင်လာကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို အကျိုးအမြတ်များသော လုပ်ငန်းတခုအဖြစ် ပြောင်းလဲလိုက်ကြသော်လည်း နယ်စပ်ဒေသများမှ ပြည်သူများ ခံစားနေရသော ဒုက္ခများကို လျော့ကျစေရန် မည်သည်ကိုမျှ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။
ငြိမ်းချမ်းရေး အကျိုးဆောင်များ ပြောသကဲ့သို့ဆိုပါက ထိုစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင် တွန်းအားပေးသည့် အလေ့အထတခုမှာ စစ်တပ်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့မှ ကိုယ်စားလှယ်များကို မြောက်အိုင်ယာလန်၊ ကိုလံဘီယာ၊ တောင်အာဖရိကနှင့် ဂွာတီမာလာအပါအဝင် ကမ္ဘာတဝှမ်းသို့ လေ့လာရေး ခရီးများ စေလွှတ်ခြင်း ဖြစ်သည်။ ထိုခရီးများ နောက်ကွယ်တွင် အဓိကပါဝင်သည့် အဖွဲ့အစည်းမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၏ အရာရှိချုပ်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ အထိ လုပ်ကိုင်ခဲ့သူ မစ္စတာ ဂျိုနသန် ပါဝဲလ် ထူထောင်သည့် ဗြိတိန်အခြေစိုက် Intermediate အဖွဲ့ ဖြစ်သည်။
သို့သော် ထိုခရီးစဉ်များ၏တန်ဖိုးကို ထိုစဉ်ကပင် မေးခွန်းထုတ်စရာဖြစ်နေပြီး ယခုအခါတွင် တိုက်ပွဲများ မည်သည့်အခါကမျှ မရပ်ခဲ့သည့် နယ်စပ်ဒေသများမှ တိုက်ပွဲများသည် စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းသို့ပါ ပျံ့နှံ့လာသောကြောင့် ပို၍ပင် မေးခွန်းထုတ်ရာဖြစ်နေသည်။
စစ်အာဏာမသိမ်းမီ ကာလများစွာကပင် မြန်မာနိုင်ငံမှ နိုင်ငံခြားသုတေသီတဦးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသား ခေါင်းဆောင်များကို အလုပ်ရှုပ်စေပြီး လက်တွေ့ညှိနှိုင်းမှုများ တိုးတက်မှုမရှိသည့် မပြီးဆုံးနိုင်သော နိုင်ငံတကာငြိမ်းချမ်းရေး ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးမှုခရီးများဖြင့် ဟန်ရေးပြခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
တချိန်တည်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးစားပြီး ပြဿနာများကို ထောက်ပြသူများကိုပင် တိုးတက်မှုကို ပျက်စီးစေသူများအဖြစ် သတ်မှတ်ကြသည်ဟု ထိုသုတေသီက ပြောသည်။ ထိုသို့သောဖြစ်စဉ်များကို မြန်မာလူ့အခွင့်အရေးဆိုင်ရာ ဝန်ထမ်းတဦးက ငြိမ်းချမ်းရေး ပြဇာတ်ဟု သံသယဖြင့် သတ်မှတ်သည်။ ထိုထက်မက ထိုပြဇာတ်သည် ဦးဆောင်သီဆိုသူဖြစ်ချင်သူ အများအပြားပါဝင်ပြီး အဖွဲ့လိုက်သီဆိုချင်သူ တဦးမျှ မပါသည့် အော်ပရာ ပြဇာတ်ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို အော်စလိုတွင်လည်း ကျင်းပကြပြီး “မှန်ကန်သော အမြင်”ရှိသည်ဟု ယူဆသူများကို ဂရုတစိုက် ရွေးချယ်ဖိတ်ကြားသည်။ ၂၀၁၆ ခုနှစ်တွင် ဆွစ်ဇာလန် နိုင်ငံသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ခေါင်းဆောင် ယွက်ဆစ်နှင့် ကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ကြားဧည့်ခံသည်။
ထိုကြောင့် စစ်ရေးအထူးပြု Jane’s စာစောင် သတင်းအချက်အလက် အဖွဲ့မှ သုတေသီ အန်ထော်နီ ဒေးဗစ်က ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယွက်ဆစ်သည် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဦးဆောင်သူအဖြစ် ဆွစ်အစိုးရ၏ ဧည့်ဝတ်ပြုခြင်းကို ခံစားကျေနပ်နေချိန်တွင် သူ၏တပ်များသည် ရှမ်းပြည်မြောက်ပိုင်းမှ အခြားတိုင်းရင်းသား လက်နက်ကိုင်များကို လိုက်လံတိုက်ခိုက်နေကြောင်း ရေးသားခဲ့သည်။
ထိုသို့ အကုန်အကျများသော လေကြောင်းခရီးစဉ်များသည် ဆွစ် အခွန်ထမ်း ပြည်သူများကို မည်မျှကုန်ကျစေသည်နှင့် ယွက်ဆစ်သည် “ဆွစ်ပုံစံ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ထိတွေ့ရသောကြောင့် မည်မျှ အကျိုးရှိသည်”ကို ရှင်းလင်းစွာမသိရကြောင်း ဒေးဗစ်က ဆက်လက်ရေးသားသည်။
ထိုငြိမ်းချမ်းရေး အစီအစဉ်များနှင့် ခရီးစဉ်များသည် ငွေဖြုန်းတီးခြင်းနှင့် အနောက်နိုင်ငံ အလှူရှင်များ၏ မသိနိုးနားမှုကို ထင်ဟပ်နေကြောင်း ထင်ရှားလှသည်။
ထို”ငြိမ်းချမ်းရေး အစီအစဉ်”များနှင့် ခရီးစဉ်များသည် ငွေဖြုန်းတီးခြင်းနှင့် အနောက်နိုင်ငံ အလှူရှင်များ၏ မသိနိုးနားမှုကို ထင်ဟပ်နေကြောင်း ထင်ရှားလှသည်။ ၎င်းတို့သည် ဝေးကွာသော နေရာများမှ ငြိမ်းချမ်းရေး ပုံစံများကို လိုက်မရှာဘဲ မြန်မာနိုင်ငံတွင် စစ်ပွဲများ အဆုံးသတ်ရန် ယခင်က ရရှိခဲ့သည့် အတွေ့အကြုံများကို လေ့လာခဲ့ပါက ၁၉၆၃ ခုနှစ် ရန်ကုန်တွင် ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ စတင်ပြီး စစ်တပ်၏ ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် သဘောထားမှာ ပြောင်းလဲခြင်းမရှိကြောင်း တွေ့ရမည်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ချပြီး လက်နက်စွန့်လွှတ်ကာ အပြန်အလှန်အားဖြင့် ၎င်းတို့ကို စီးပွားရေး အခွင့်အလမ်းများပေးမည် ဆိုသည့် ပုံစံသာဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ လက်နက်များကို မစွန့်လွှတ်လိုပါက ၎င်းတို့သည် ဒေသခံပြည်သူစစ်များ ဖြစ်လာပြီး ၎င်းတို့ကို ထောက်ပံ့ရန် စီးပွားရေးမျိုးစုံ လုပ်ခွင့်ပေးသည်။ ၂၀၁၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်မူ ထိုသို့လုပ်ဆောင်ခြင်းကို လက်နက်ဖြုတ်၊ တပ်ဖျက်၊ ပြန်လည်ထူထောင်ရေး (DDR) ဟု ခေါ်လိုက်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက တိုင်းရင်းသားပါတီများက အမြဲတမ်း တောင်းဆိုနေသည့် အစွန်အဖျား တိုင်းရင်းသားဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားခြင်း မရှိပေ။
ယခု အာဏာသိမ်းပြီး ၁၁ လကြာသောအခါ ထိုအတုအယောင်ကိစ္စအတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲခဲ့သောသူများအနေဖြင့် မည်သည်တို့ကို အောင်မြင်ရရှိသည်နှင့် ငွေကုန်ရကျိုး နပ်၊ မနပ်ကို စဉ်းစားသင့်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေသော မေးခွန်းများ မေးမြန်းသင့်သည်မှာ ထွေထွေထူးထူး ပြောရန်ပင် မလိုပေ။ စစ်အာဏာသိမ်းမှုမတိုင်မီက အနောက်နိုင်ငံများကို မျက်ကန်းသဖွယ်ဖြစ်စေသည့် အပြုသဘော ထိတွေ့ဆက်ဆံရေး မူဝါဒကို ဝေဖန်စမ်းစစ် ပြန်လည်အကဲဖြတ်မှုလည်း ရှိသင့်သည်။ ဦးသိန်းစိန်သည် မည်သည့်အခါကမျှ မြန်မာ ဂိုဘာချော့ဗ် မဖြစ်ခဲ့ဘဲ မည်သည့် အခြေအနေသို့ မည်သည့် အသွင်ကူးပြောင်းမှုမျှ မရှိပေ။
ဦးရွှေမန်း ဘက်ပြောင်း သွားခြင်းနှင့် ၎င်းတို့အတွက် အလေ့အထဖြစ်နေသော လွတ်လပ်မှုကို မစွန့်လွှတ်နိုင်သည့် မျိုးဆက်သစ်တခုကို ၂၀၁၀ ပြည့်နှစ်လွန် မူဝါဒများက မလွှဲသာမရှောင်သာ ဖန်တီးပေးလိုက်သည်ဆိုသည့် အချက်တို့ အပြင် စစ်တပ် တွက်ကိန်းမှားခဲ့သောကြောင့် စစ်အာဏာသိမ်းမှု ဖြစ်လာသည်။
ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရရှိနေသည့် လူထုထောက်ခံမှု အတိုင်းအတာကို လျှော့တွက်ခဲ့ကြောင်း ထင်ရှားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ပိုမိုကောင်းမွန် လွတ်လပ်သော အနာဂတ်ကို လိုလားသည့် ဆန္ဒ၏ သင်္ကေတဖြစ်ပြီး ဦးသိန်းစိန် အာဏာရစဉ်က လုပ်ဆောင်ခဲ့သည်များ ရှိစေကာမူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) စနစ်ဟောင်းကို ကိုယ်စားပြုနေသည်ကို ၎င်းတို့ သဘောမပေါက်ကြပေ။
ဦးသိန်းစိန်ကို သူလုပ်ဆောင်ခဲ့သည့် ကိစ္စများအတွက် လူထုကထောက်ခံသည်၊ USDP အနိုင်ရမည်ဟု ဗိုလ်ချုပ်များ ထင်နေကြကြောင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အချိန်အနည်းငယ် အလိုတွင် စာရေးသူ တွေ့ဆုံခဲ့သည့် ရင်းမြစ်များအားလုံးက ပြောသည်။ ပြည်သူများ မဲမပေးမီ တပတ်အလိုတွင် USDP အမာခံများနှင့် စစ်တပ်သည် နေပြည်တော်တွင် အစည်းအဝေးတခုကျင်းပပြီး ရွေးကောက်ပွဲ အပြီးတွင် မည်သူသည် မည်သည့် ဝန်ကြီးဖြစ်သင့်သည်ကို ဆုံးဖြတ်ကြသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေက ကြားဝင်သောအခါမှသာ ၎င်းတို့သည် NLD ကို အစိုးရဖွဲ့ခွင့် တွန့်တိုစွာ ပေးခဲ့သည်။
ထိုနောက် ၂၀၂၀ ရွေးကောက်ပွဲ ရောက်လာသောအခါတွင်လည်း NLD သည် စိတ်ပျက်စရာဖြစ်နေပြီး တိုင်းရင်းသား ဒေသများနှင့် မြို့ပြလူလတ်တန်းစား ထောက်ခံမှုဆုံးရှုံးသောကြောင့် USDP အနိုင်ရမည်ဟု စစ်တပ်ခေါင်းဆောင်ပိုင်းက ထင်နေပြန်သည်။
၂၀၁၅ နှင့် ထိုထက်ပိုမိုစောသည့် ၁၉၉၀ ရွေးကောက်ပွဲများ ကဲ့သို့ပင် ၂၀၂၀ ရွေးကောက်ပွဲသည်လည်း NLD နှင့် USDP အကြား လူထုဆန္ဒခံယူပွဲ လုပ်လိုက်သည်နှင့် တူသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က နိုင်သော်လည်း အစိုးရဖွဲ့ခွင့် မပေးခဲ့ပေ။ NLD သည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ကိုယ်စားပြုပြီး USDP သည် ဟောင်းနွမ်းစုတ်ပြတ်နေသည့် စစ်တပ်လွှမ်းမိုးသော စနစ်ကိုသာ ကိုယ်စားပြုနေသည်။ သို့သော် စစ်တပ်ခေါင်းဆောင်ပိုင်းသည် NLD အစိုးရ သက်တမ်းတကြိမ်သည် လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သောကြောင့် နေပြည်တော်နှင့် ရန်ကုန် လမ်းမများပေါ်သို့ တင့်ကားများ ရောက်လာသည်။
သို့သော် ထိုသို့ဆုံးဖြတ်လိုက်ခြင်းသည် ဗိုလ်ချုပ်များ၏ လက်ရှိအချိန်အထိ အဆိုးရွားဆုံးမှားသည့် တွက်ကိန်းဖြစ်သွားသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ခြင်းသည် ထိုမျှကြီးမားမည်ဟု ၎င်းတို့ ထင်မထားပေ။ လူငယ်များ ရှေ့တန်းမှပါဝင်သည့် လူသန်းပေါင်းများစွာသည် မြောက်ပိုင်းတွင် ပူတာအိုမှ တောင်ပိုင်းတွင် ကော့သောင်းအထိ တနိုင်ငံလုံးမှ မြို့ကြီးမြို့ငယ်များရှိ လမ်းမများတွင် ပြည့်ကျပ်သွားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်ကို မြန်မာနိုင်ငံတွင် လူမုန်းအများဆုံး အဖွဲ့အစည်း တခုအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချရန်နှင့် သူ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ရန် သူ၏ကြမ္မာငင်သော ဆုံးဖြတ်ချက်ကြောင့် စစ်တပ်သည် မည်သည့်အခါမျှ နာလန်ထူတော့မည်ပုံ မပေါ်ပေ။
သူနှင့် သူ့လက်ပါးစေများကို ပြည်သူလူထုက မည်သို့ သဘောထားသည်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ ထိုနေ့က တနိုင်ငံလုံးတွင် လုံးဝအပြင်မထွက်ဘဲ စစ်ကောင်စီကို ဆန့်ကျင်သည့် အသံတိတ် သပိတ်ဆင်နွဲသည်။ မြို့ကြီးများရှိ လမ်းမများတွင် တနေကုန် လူသူကင်းမဲ့ သွားပြီး ဆိုင်များပိတ်ထားကာ ပြည်သူများက အိမ်အတွင်းတွင်သာ နေထိုင်၍ အင်အားကြီးမားသည့် ဖီဆန်မှု ပြုခဲ့ကြသည်။
မျိုးဆက်မှားပြီး ပြဿနာသွားရှာသည်၊ တိုက်ပွဲကိုနိုင်သော်လည်း စစ်ပွဲကို ရှုံးသည်၊ သမိုင်း၏ မှားယွင်းသော ဘက်တွင် ရပ်တည်သည် စသည့် စကားစုများသည် အခြေအနေတခုကို ဖော်ပြရန် မကြခဏ သုံးနေသော၊ မကြာခဏ မှားယွင်းသုံးစွဲသော ဖန်တရာတေနေသည့် စကားလုံးများဖြစ်သည်။
ထိုအခြေအနေမှာ ပို၍ ပို၍ ခေတ်နောက်ပြန်ဆွဲနေသော အင်စတီကျူးရှင်းတခုသည် အောင်နိုင်သော်လည်း ပိုမိုကျယ်ပြန့် အရေးပါသည့် ရည်မှန်းချက်ကို ဆုံးရှုံးရခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ အခြေအနေကို သရုပ်ဖော်ရန် ထိုစကားစုများသည် လုံးဝသင့်တော်နေသည်။
မေးစရာရှိလာသည့် မေးခွန်းမှာ စစ်အုပ်ချုပ်ရေးက မြန်မာ့လူ့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ၊ လူမှုအရ၊ စီးပွားရေးအရ နှင့် လူမျိုးစုရေးရာအရ မည်မျှ ထိခိုက်နစ်နာစေဦးမည်လဲဆိုသည့် မေးခွန်းနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်မည့် ပြည်ပကျွမ်းကျင်သူ နောက်တဖွဲ့သည် အတိတ်က အဖွဲ့များထက် ပိုမို ထွင်းဖောက် မြင်နိုင်မည်လားဆိုသည့် မေးခွန်းပင်ဖြစ်တော့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘာတေးလ် လစ်တနာ၏ Myanmar’s Society Has Been Transformed Over the Last Decade ကို ဘာသာပြန်ဆိုသည်။ ဘာတေးလ်လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ
မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ
၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်
မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း