အဲဒီနေ့က မစ်ရှင်ဟာ ကျနော်တို့အတွက် မလုပ်ချင်ဆုံး အရာတခုဖြစ်ပေမယ့် မလုပ်လို့မဖြစ်တဲ့ အရေးပေါ် မစ်ရှင်တခုပါ။ “လွတ်မြောက်မှု စစ်ဆင်ရေး” လို့ ခေါ်ရမှာပါ။
စစ်အုပ်စုရဲ့ နိုင်ငံရေးဖိနှိပ်မှုကို ရှောင်ရှားဖို့ တိုင်းပြည်ကနေ ကျနော် ထွက်ပြေးရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင် အာဏာသိမ်း စစ်အုပ်စုရဲ့ အကျဉ်းထောင်က လွတ်ပြီး တနှစ်အကြာ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ထပ်မံ ဖမ်းဆီးမခံရဖို့ ကျနော် ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်။ အခု နောက်ထပ်နှစ်ပေါင်း ၂၂ နှစ်ကြာတဲ့ အခါမှာလည်း တိုင်းပြည်ကို စွန့်ခွာရပြန်ပြီ။
မနှစ်က ဒီအချိန်ပေါ့။ အတိအကျပြောရရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်နဲ့ ၂၃ ရက် အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့။ အဲဒီ တနှစ်ကျော်ကျော် ကာလအတွင်းမှာ သူတို့ကို ဆန့်ကျင်သူတွေအပေါ် စစ်ကောင်စီရဲ့ တောက်လျှောက် အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲနှိမ်နင်းမှုတွေကြောင့် မရေတွက်နိုင်တဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဖြစ်တဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေအပါအဝင် တခြားကျွမ်းကျင်ပညာရှင်တွေ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ကြရတယ်။
အဲဒီနေ့က ကျနော်တို့ အလှည့်ပေါ့။
တနှစ်ကျော်ကျော် ကာလအတွင်းမှာ သူတို့ကို ဆန့်ကျင်သူတွေအပေါ် စစ်ကောင်စီရဲ့ တောက်လျှောက် အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲနှိမ်နင်းမှုတွေကြောင့် မရေတွက်နိုင်တဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဖြစ်တဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေအပါအဝင် တခြားကျွမ်းကျင်ပညာရှင်တွေ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ကြရတယ်။
မနက်အရုဏ်မတက်ခင် ၂ နာရီလောက်အလို ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ဟာ ကားဆရာ စောင့်နေမယ့် နေရာကိုလာခဲ့ကြတယ်။ ကားဆရာ ဘယ်သူဘယ်ဝါဆိုတာ ကျနော်တို့ အတိအကျ မသိသလို၊ သူကလည်း ကျနော်တို့ ဘယ်သူဘယ်ဝါဆိုတာကို သေချာ မသိပါဘူး။ ခဏနေတော့ နောက်ထပ် လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ထပ်ရောက်လာတယ်။ အားလုံး ၄ ယောက်။ လူစုံတာနဲ့ ခပ်အေးအေး တည်တည်ငြိမ်ငြိမ် ကားဆရာလေးက ထွေထွေထူးထူး မပြောဘဲ ရန်ကုန်မြို့ရဲ့ အမှောင်ထုထဲကနေ သူ့ ကားအဟောင်းလေးကို ခပ်သွက်သွက် မောင်းထွက်လိုက်တယ်။ သူ့ရဲ့တာဝန်က ကျနော်တို့ကို နယ်စပ်မြို့လေးတမြို့ဆီ အရောက်ပို့ ပေးဖို့ဖြစ်ပြီး၊ ကျနော်တို့ရဲ့ မစ်ရှင်ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်နေတဲ့ ကျနော်တို့ချစ်တဲ့ မွေးရပ်မြေကို စွန့်ခွာထွက်ပြေးဖို့ပါပဲ။
အမြန်မောင်းနေတဲ့ ကားထဲမှာ တယောက်မျက်နှာတယောက် သေချာမမြင်ရလောက်အောင် မှောင်နေဆဲဖြစ်သလို၊ တယောက်မှ ဘာမှမပြောဘဲ နှုတ်ဆိတ်နေကြတယ်။ အမှောင်ထုရော၊ တိတ်ဆိတ်မှုရော လွှမ်းမိုးနေတာပေါ့။ ဒါပေမယ့် ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရင်ထဲမှာ စိုးရမ်မှုတွေ၊ ဝမ်းနည်းမှုတွေ ရောထွေး ခံစားနေရမယ်ဆိုတာ ကျနော်မှန်းဆ ခံစားလို့ရတယ်။ သူတို့ဘဝမှာ တခါမှမကြုံဖူးတဲ့ အတွေ့အကြုံနဲ့၊ တခါမှမခံစားဖူးတဲ့ ခံစားမှုမျိုးကို ခံစားနေရမှာ သေချာပါတယ်။ မွေးရပ်မြေကို စွန့်ခွာထွက်ပြေးရတာ သူတို့ဘဝမှာ ပထမဆုံးပဲ မဟုတ်ပါလား။ ကားဆရာလေးလည်း စိုးရိမ်မှု ကင်းမှာမဟုတ်ပါဘူး။ သူ့ကားပေါ်က ကျနော်တို့ဟာ သတင်းသမား ဂျာနယ်လစ်တွေဆိုတာ မသိပေမယ့် စစ်ကောင်စီလက်က လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ “ဝရမ်းပြေး” တွေဆိုတာကို တပ်အပ်သိပါတယ်။
ကျနော်တို့ စိုးရိမ်မှုကတော့ ရည်ရွယ်တဲ့နေရာကို မရောက်ခင် စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရမှာကိုပါ။ ဝမ်းနည်းမှုတွေ ဆိုတဲ့နေရာမှာ ချစ်ရတဲ့ မိသားစုဝင်တွေရယ်၊ ပြီးတော့ ကျနော်တို့ ရင်းနှီးကျွမ်းဝင် အသားကျနေပြီး၊ နိစ္စဓူဝ ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရာအားလုံးကို ရုတ်တရက်ကြီး စွန့်ခွာခဲ့ရတာကြောင့်ပါပဲ။ စွန်းထင်းအက်ကြောင်းထနေတဲ့ သောက်နေကျ ကော်ဖီခွက်အဟောင်း ကအစ၊ မိသားစုဝင်တွေအားလုံး မနက် နေ့လယ် ညစာ စားနေကျ ထမင်းစားပွဲ၊ ဗလာနတ္တိ ဒါမှမဟုတ် ညစ်ထေးထေး နံရံ၊ နံရံပေါ်က ခပ်စောင်းစောင်း ပန်းချီကားတချပ် ဒါမှမဟုတ် ဝါကျင့်ကျင့် မိသားစုဓာတ်ပုံ၊ ကိုယ့်အိပ်ယာရဲ့ အနံ့အသက်၊ အခန်းထဲက အိုက်စပ်စပ်လေ၊ ပြူတင်းတံခါးက ဝင်လာလေ့ရှိတဲ့ နေရောင်ခြည်၊ မိသားစုဝင်ဖြစ်နေတဲ့ အချစ်တော် ခွေးလေး၊ ကြောင်လေးတွေနဲ့ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေ အဆုံးထိပါပဲ။ ဒါတွေကို ပိုလှပတဲ့ ဒါမှမဟုတ် ပိုတန်ဖိုးကြီးတဲ့ တခြားဘယ်အရာနဲ့မှ အစားထိုးလို့ ရမှာမဟုတ်ပါဘူး။ ဒီအရာတွေအားလုံး ပါဝင် ပေါင်းစုထားတဲ့နေရာကို “အိမ်” လို့ခေါ်တာ မဟုတ်ပါလား။ ဒါတွေကင်းမဲ့တဲ့နေရာဟာ အိမ် လို့မမည်တဲ့ အဆောက်အအုံ တခုသာပါ။ ဘဝမှာ ဒါတွေနဲ့ ဝေးသွားပြီဆိုရင် အိမ်အလွမ်း ဆိုတာကို ခံစားရတော့တာပါပဲ။
စွန်းထင်းအက်ကြောင်းထနေတဲ့ သောက်နေကျ ကော်ဖီခွက်အဟောင်း ကအစ၊ မိသားစုဝင်တွေအားလုံး မနက် နေ့လယ် ညစာ စားနေကျ ထမင်းစားပွဲ၊ ဗလာနတ္တိ ဒါမှမဟုတ် ညစ်ထေးထေး နံရံ၊ နံရံပေါ်က ခပ်စောင်းစောင်း ပန်းချီကားတချပ် ဒါမှမဟုတ် ဝါကျင့်ကျင့် မိသားစုဓာတ်ပုံ၊ ကိုယ့်အိပ်ယာရဲ့ အနံ့အသက်၊ အခန်းထဲက အိုက်စပ်စပ်လေ၊ ပြူတင်းတံခါးက ဝင်လာလေ့ရှိတဲ့ နေရောင်ခြည်၊ မိသားစုဝင်ဖြစ်နေတဲ့ အချစ်တော် ခွေးလေး၊ ကြောင်လေးတွေနဲ့ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေ အဆုံးထိပါပဲ။ ဒါတွေကို ပိုလှပတဲ့ ဒါမှမဟုတ် ပိုတန်ဖိုးကြီးတဲ့ တခြားဘယ်အရာနဲ့မှ အစားထိုးလို့ ရမှာမဟုတ်ပါဘူး။
အိမ်ကို စွန့်ခွာရတာ ကျနော်တို့ မလုပ်ချင်ဆုံး အရာတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ ရှင်သန်ဖို့လိုတယ်။
ကျနော်တို့ အခုထွက်မပြေးခင် ၃ ရက်က ကျနော်တို့ ဧရာဝတီသတင်းဌာနက ဝန်ထမ်းတယောက်ကို စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဖမ်းဆီးခဲ့ပြီး၊ ကျနော်တို့နေအိမ်တွေကို လိုက်ပြခိုင်းခဲ့တယ်။ သူသိတဲ့ တချို့အိမ်တွေကို ပြခဲ့ရတယ်၊ ကျနော်တို့တွေ ချက်ချင်း ရှောင်တိမ်းဖို့ ဆုံးဖြတ်ခဲ့ရတယ်။ အခုကားပေါ်က သူတွေဟာ ကျနော်တို့ ဧရာဝတီသတင်းဌာနက နောက်ဆုံးထွက်ပြေးရတဲ့ သူတွေထဲက တစုပါပဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး မကြာခင် စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အတွက် ထောင်နဲ့သောင်းနဲ့ ချီတဲ့ပြည်သူတွေ သူတို့အိမ်တွေကို စွန့်ခွာပြီး တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရတယ်။ ရာနဲ့ချီတဲ့ သတင်းသမား ဂျာနယ်လစ်တွေလည်း ထွက်ပြေးရတဲ့သူတွေထဲမှာ ပါခဲ့တယ်။
စစ်ကောင်စီဟာ သူ့ကို အင်နဲ့အားနဲ့ ဆန့်ကျင်ဆန္ဒပြတာကို ရင်ဆိုင်ရပြီး နောက်ပိုင်းမှာ သတင်းဌာနနဲ့ ဂျာနယ်လစ်တွေကို သူတို့ရဲ့ အဓိကရန်သူ အဖြစ်နဲ့ သတ်မှတ်ခဲ့ကြတယ်။ အထူးသဖြင့် ပြည်သူလူထုအပေါ်မှာ သူတို့ရဲ့ လူမဆန်စွာ ရက်စက်ကြမ်းတမ်း သတ်ဖြတ်မှုတွေကို ဖော်ထုတ်တင်ပြတဲ့ သတင်းဌာနတွေ နဲ့ ဂျာနယ်လစ်တွေကိုပါ။ သတင်းဌာနတွေရဲ့ နေ့စဉ်ရေးသား ဖော်ထုတ်မှုတွေက အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မီဒီယာကို အငြိုးထားစရာ ရန်သူအဖြစ် သတ်မှတ်တာပါပဲ။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ အထိ စစ်ကောင်စီဟာ အနည်းဆုံး ဂျာနယ်လစ် ၄၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် ကမ္ဘာပေါ်မှာ တတိယအများဆုံး ဂျာနယ်လစ်တွေကို ဖမ်းဆီးထားတဲ့ နိုင်ငံအဖြစ် သတင်းသမားများ ကာကွယ်စောင်းရှောက်ရေး ကော်မတီ (CPJ) က မှတ်တမ်းတင်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ၁ နှစ်တာကာလအထိ ဧရာဝတီသတင်းဌာန အယ်ဒီတာအဖြစ် ပြည်တွင်းမှာပုန်းပြီး ဆက်လုပ်နေဖို့ အန္တရာယ်ကြီးတဲ့ ဆုံးဖြတ်ချက်ကို ကျနော်ချခဲ့တယ်။ တခြားလွတ်လပ်တဲ့ သတင်းဌာနတွေလိုပဲ ဧရာဝတီကို စစ်ကောင်စီက တရားတွေစွဲပြီး ရုံးခန်းကိုပိတ်သိမ်းထားတဲ့ ကြားထဲက အဲဒီလိုဆက်လုပ်နေတဲ့အတွက် မိတ်ဆွေတွေကတော့ ကျနော့်ကို “တော်တော် အတင့်ရဲတယ်” လို့ ဆိုကြတယ်။ အာဏာသိမ်းပြီး တလလောက်ကြာတဲ့ အချိန်မှာ အိမ်ကခွာပြီး စတင် ပုန်းအောင်းခဲ့ရပေမယ့် တနေရာက တခြားတနေရာ ပုန်းပြီး ဆက်လုပ်ရင်ရမယ်လို့ ကျနော် တွေးခဲ့တယ်။ မကြာခဏ နေရာပြောင်းပြီး ပုန်းရတာ နဲ့ ရုပ်ဖျက်နေရတာက ပထမနှစ်အတွင်းမှာ အဆင်ပြေသလိုရှိပေမယ့် ကြာလာတော့ ပိုပိုခက်လာပါတော့တယ်။ ဧည့်စာရင်းတိုင်ရတာ၊ နေရာသစ်ကို ပြောင်းတိုင်း ရပ်ကွက်ထောက်ခံစာ ယူရတာတို့ အစရှိတဲ့ စစ်ကောင်စီရဲ့ စည်းမျဉ်း ဥပဒေအသစ်တွေ ကလည်းပိုခက်စေသလို သူတို့ရဲ့ မြေလှန်ရှာဖွေ ဖမ်းဆီးတာတွေကလည်း ပိုဆိုးလာပါတယ်။ ကျနော့်ကို ဝှက်ထားပေးကြတဲ့ မိတ်ဆွေတွေလည်း “ဝရမ်းပြေး သတင်းသမား” ကို ကူညီရတဲ့အတွက် သူတို့ကိုယ်တိုင် လုံခြုံရေးအတွက် စိုးရိမ်လာကြတယ်။
အာဏာသိမ်းပြီး တလလောက်ကြာတဲ့ အချိန်မှာ အိမ်ကခွာပြီး စတင် ပုန်းအောင်းခဲ့ရပေမယ့် တနေရာက တခြားတနေရာ ပုန်းပြီး ဆက်လုပ်ရင်ရမယ်လို့ ကျနော် တွေးခဲ့တယ်။ မကြာခဏ နေရာပြောင်းပြီး ပုန်းရတာ နဲ့ ရုပ်ဖျက်နေရတာက ပထမနှစ်အတွင်းမှာ အဆင်ပြေသလိုရှိပေမယ့် ကြာလာတော့ ပိုပိုခက်လာပါတော့တယ်။
လုံခြုံရေးအခြေအနေ တနေ့တခြား ဆိုးရွားလားလာနေတဲ့ အချိန်မှာ ရုံးဝန်ထမ်းတဦး ရုတ်တရက် ဖမ်းဆီးခံရတာကြောင့် ကျနော်တို့ နိုင်ငံကနေ ချက်ချင်းထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။
ခရီးတလျှောက် လုံခြုံရေးဂိတ် အများအပြားမှာ ကျနော်တို့ကားကို ရပ်ပေးပြီး အစစ်ဆေးခံရတယ်။ ဒါပေမယ့် ကျနော်တို့ ကားဆရာလေးက ဒီကိစ္စကို ဘယ်လိုရှင်းရမလဲ ဆိုတာသိပြီး ကြိုတင်ပြင်ဆင် ထားခဲ့တယ်။ ကားမောင်းနေရင်း သူကြိုတင်လိပ်ထားတဲ့ ပိုက်ဆံလိပ်လေးတွေ တလိပ်ပြီးတလိပ်ကို ဂိတ်တွေရပ်တိုင်း လုံခြုံရေးတပ်သားတွေရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။ သူ့နည်းလမ်း အောင်မြင်တယ် ဆိုရမယ်။ ကျနော်တို့တွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ နဲ့ ဘယ်သွားမှာလဲဆိုတာ သေချာ အမေးမခံရဘူး။
ကျနော်တို့ ထွက်ပြေးတာကတော့ ဖမ်းဆီးနှိပ်စက်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ အကျမခံရဖို့အတွက်ပါ။ အခန့်မသင့်ရင် စစ်ကောင်စီရဲ့ အာဏာပါးကွက်သားတွေ လက်ထဲမှာ အသက်တောင် ပျောက်သွားနိုင်ပါတယ်။ ဒီလိုပြစ်ဒဏ်တွေက “ကလောင်” အသုံးပြုပြီး “စကားလုံးတွေ” နဲ့ ရေးသားဖော်ပြရတဲ့ ကျနော်တို့အလုပ်နဲ့ မတန်ပါဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေ အောက်မှာ ဒါမှမဟုတ် ဘယ်လို အာဏာရှင်စနစ် အောက်မျိုးမှာမှ ကျနော်တို့နိုင်ငံသားတွေ နေထိုင်အလုပ်လုပ်ဖို့ မထိုက်တန်ပါဘူး။ ကျနော်တို့ နိုင်ငံဟာ ဆယ်စုနှစ် ခြောက်ခုလောက် စစ်အာဏာရှင် နဲ့ တပါတီအာဏာရှင်တွေရဲ့ အုပ်ချုပ်တာ ခံခဲ့ရပြီးပြီ။ တကယ်တော့ ဘယ်သူမှ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူမျိုးနဲ့ မတန်ပါဘူး၊ ယူကရိန်းနိုင်ငံသားတွေလည်း ဗလာဒီမာ ပူတင်ရဲ့ ကျူးကျော်စစ်နဲ့ မထိုက်တန်သလိုပါပဲ။
လျှော့ပေါ့ပြောရရင်တောင် ကျနော်ဟာ အရင်စစ်အုပ်စုအောက်မှာ ကျနော်နဲ့ မထိုက်တန်တာတွေ အများကြီး ခံစားခဲ့ရတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတုန်းက အာဏာသိမ်း စစ်အုပ်စုကို ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်ခြင်း၊ ကျောင်းသားသမဂ္ဂ အနေနဲ့ ဒီမိုကရေစီဂျာနယ် တစောင် ထုတ်ဝေခြင်းစတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက် ၁၉ နှစ်အရွယ် ကျောင်းသားဘဝမှာ ကျနော့်ကို စစ်ခုံရုံးက ထောင် ၁၀ နှစ်ချခဲ့တယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ ဆိုးဝါးတဲ့ ထောင် နှစ်ခုမှာ ၈ နှစ်ကြာ ထောင်သွင်းအကျဉ်းချမှုကို ကျနော် ရှင်သန်ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဘာအတွက်လဲ။ ကျနော်ဆယ်ကျော်သက်အရွယ်မှာ စခဲ့တဲ့ မတရားမှုနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲဖို့ဖြစ်တယ်။
ကျနော်ထောင်ကလွတ်ပြီး တနှစ်အကြာ ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံကနေ ပထမဆုံးအကြိမ် ထွက်ခွာခဲ့တယ်။ အရင်းခံအကြောင်းက ထပ်အဖမ်းမခံရဖို့ပါ။ ပြည်ပမှာ “ပြည်ပြေး” ဘဝနဲ့ ၁၃ နှစ်ကြာ အာဏာယစ်မူး လောဘကြီးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကြောင်းတွေနဲ့ အခြားသြဇာကြီးတဲ့ ခေါင်းဆောင်တွေရဲ့ သရုပ်မှန်တွေကို ရေးသားဖော်ထုတ်တဲ့ ဂျာနယ်လစ်အနေနဲ့ ဘဝကို မြှုပ်နှံလုပ်ကိုင်ခဲ့တယ်။
ကျနော်ထောင်ကလွတ်ပြီး တနှစ်အကြာ ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံကနေ ပထမဆုံးအကြိမ် ထွက်ခွာခဲ့တယ်။ အရင်းခံအကြောင်းက ထပ်အဖမ်းမခံရဖို့ပါ။ ပြည်ပမှာ “ပြည်ပြေး” ဘဝနဲ့ ၁၃ နှစ်ကြာ အာဏာယစ်မူး လောဘကြီးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကြောင်းတွေနဲ့ အခြားသြဇာကြီးတဲ့ ခေါင်းဆောင်တွေရဲ့ သရုပ်မှန်တွေကို ရေးသားဖော်ထုတ်တဲ့ ဂျာနယ်လစ်အနေနဲ့ ဘဝကို မြှုပ်နှံလုပ်ကိုင်ခဲ့တယ်။
ထောင်နန်းစံ အကျဉ်းသားဘဝကို ကျော်ဖြတ်နိုင်ခဲ့သလို အိမ်အဝေး ပြည်ပြေးဘဝကိုလည်း ဖြတ်သန်းနိုင်ခဲ့တယ်။ ဘာအတွက်လဲ။ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကိုပြောပြဖို့၊ စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်ဖိနှိပ်မှု တွေကိုသာမက မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်သတ္တိရှိမှု တွေကိုလည်း ပြောပြဖို့အတွက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို မကြုံဖူးတဲ့ ကမ္ဘာသူကမ္ဘာသားတွေ သိရှိဖို့၊ နောက်မျိုးဆက်သစ်တွေလည်း ဒီဖြစ်ရပ်မှန်တွေကနေ သင်ခန်းစာတွေ ယူပြီး ရှင်သန်ရပ်တည်နိုင်ဖို့ ရည်ရွယ်တာပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးပြီးချင်း မိတ်ဆွေတွေက ကျနော့်ကို နိုင်ငံကနေ ချက်ချင်းထွက်ခွာဖို့ တိုက်တွန်းကြတယ်။ နောက်တကြိမ် နှစ်ရှည်ထောင်ထပ်ကျမယ်ဆိုရင် မတန်ဘူးလို့ ဆိုကြတယ်။ ဒါပေမယ့် ကျနော်က ခေါင်းမာမာနဲ့ ပုန်းရှောင်ပြီး အလုပ်ဆက်လုပ်ခဲ့တယ်။ ဘာကြောင့်လဲ။ ရက်စက်ကြမ်းတမ်းတဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေပြီး တပြိုင်တည်းမှာ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့ ဇာတ်လမ်းတွေကို ကမ္ဘာသိအောင် မျှဝေချင်တယ်၊ မျှဝေတဲ့နေရာမှာ မြေပြင်ကနေ တိုက်ရိုက် ကျနော် ရေးသားတင်ပြချင်တယ်။
ဒါပေမယ့် နောက်ဆုံးတော့ ဒုတိယအကြိမ် နိုင်ငံကိုစွန့်ခွာရပြန်ပြီ။ မလုပ်ချင်ဘဲ လုပ်ခဲ့ရပေမယ့်လည်း ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ကျနော်ယုံကြည်တယ်။ ဆက်ရှင်သန်ဖို့ လိုတယ်လေ။ အကြောင်းအရင်းကတော့ အတူတူပါပဲ။ စစ်အာဏာရှင်အောက်က ကျနော့် အတွေ့အကြုံတွေနဲ့ အတူ ကျနော်တို့ အားလုံးဖြတ်သန်းရတဲ့ ကြောက်မက်ဖွယ်၊ စိတ်ဝင်စားဖွယ် ခေတ်တွေထဲက ဇာတ်လမ်းတွေကို ပြောပြနိုင်ဖို့ပါပဲ။
ကျနော်တို့ ကားဆရာအသစ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တခုရဲ့ အရာရှိတယောက်။ သူတို့စခန်းဆီကိုဦးတည်ပြီး မြေလမ်းကြမ်းကို ဖြတ်မောင်းနေတုန်း သူက လုံခြုံရေးအခြေအနေ ပိုတင်းကျပ်နေတဲ့အတွက် ပြည်တွင်းက ထွက်ပြေးတဲ့သူတွေကို အခုလိုခေါ်ထုတ်ပေးတာ ဒီကာလမှာ ရပ်ဆိုင်းထားတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အရေးကြီးတယ်ဆိုလို့ ချွင်းချက်အနေနဲ့ ကူပေးတာလို့ ရှင်းပြတယ်။
၁၂ နာရီကြာလောက် ကားမောင်းပြီးနောက် နယ်စပ်မြို့လေး တမြို့ကို ကျနော်တို့ ရောက်ခဲ့တယ်။ ကားဆရာလေးက ကျနော်တို့ကိုစောင့်နေတဲ့ လမ်းကြမ်းမောင်းနိုင်တဲ့ ပစ်ကပ်ကားတစီးဆီကို ခေါ်သွားတယ်။ ကားဆရာနှစ်ယောက်က သိကျွမ်းပြီး ဒီလိုမစ်ရှင်မျိုးတွေ တော်တော်များများ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အတူတူလုပ်ထားဖူးပုံရတယ်။ ကျနော်တို့ ကျောပိုးအိတ်ကိုယ်စီနဲ့ ပစ်ကပ်ကားပေါ် ပြောင်းတက်ပြီး ချက်ချင်းပဲ ကားကမောင်းထွက်ခဲ့တယ်။ ကျနော်တို့ ကားဆရာအသစ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တခုရဲ့ အရာရှိတယောက်။ သူတို့စခန်းဆီကိုဦးတည်ပြီး မြေလမ်းကြမ်းကို ဖြတ်မောင်းနေတုန်း သူက လုံခြုံရေးအခြေအနေ ပိုတင်းကျပ်နေတဲ့အတွက် ပြည်တွင်းက ထွက်ပြေးတဲ့သူတွေကို အခုလို ခေါ်ထုတ်ပေးတာ ဒီကာလမှာ ရပ်ဆိုင်းထားတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အရေးကြီးတယ်ဆိုလို့ ချွင်းချက်အနေနဲ့ ကူပေးတာလို့ ရှင်းပြတယ်။ “ခင်ဗျားတို့က VIP တွေ။ ဒါကြောင့်မို့လို့ လုပ်ပေးတာ” လို့ အသံဝဲဝဲနဲ့ ရှင်းပြတယ်။ ဒါပေမယ့် ကျနော်တို့မတိုင်ခင် VIP တွေအများကြီး ထွက်ခဲ့မယ်ဆိုတာ ကျနော်သေချာ ပြောနိုင်ပါတယ်။ နှစ်နာရီလောက် တောလမ်းကို ဖြတ်မောင်းပြီးတဲ့အခါ သူတို့စခန်းတခုကို ရောက်ခဲ့ပါတယ်။ ကျနော်တို့ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီး နှုတ်ဆက်ခဲ့ကြတယ်။
အဲဒီကနေ မြစ်ကိုလှေနဲ့ကူးပြီး နောက်ထပ် တစ်နာရီလောက် ကားထပ်စီးပြီးတဲ့အခါမှာတော့ ကျနော်တို့ လိုရာခရီးကိုရောက်ခဲ့ပါတယ်။ ခြုံပြောရရင် ဒီခရီးစဉ်ဟာ တော်တော်ကိုမြန်ပြီး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ကျနော်တို့နဲ့ တချိန်တည်းထွက်ပြေးကြတဲ့ လုပ်ဖော်ကိုင်ဖက် တချို့ဟာ ကျနော်တို့လောက် ကံမကောင်းပါဘူး။ လူမမယ်ကလေးလေး တယောက်နဲ့အတူ သူတို့အဖွဲ့က ၂ ရက်နဲ့ ၂ ညကြာ ပုန်းအောင်းပြီး ခြေကျင်တလှည့် ကားနဲ့တလှည့် ခက်ခက်ခဲခဲ ထွက်ပြေးခဲ့ကြရတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့လည်း လိုရာခရီးရောက်ခဲ့ပါတယ်။
စစ်အာဏာရှင်အုပ်စိုးတဲ့ ငရဲတွင်းကနေလွတ်တဲ့အတွက် ကျနော်တို့ရဲ့ မစ်ရှင် အောင်မြင်ခဲ့ပါပြီ။ ကျနော်တို့ လွတ်မြောက်ခဲ့ပြီ၊ ရှင်သန်နိုင်ခဲ့ပြီ။
ဒါပေမယ့် စစ်အုပ်စုရဲ့ လက်ကလွတ်မြောက်ဖို့ဟာ ကျနော်တို့ရဲ့ မစ်ရှင်တခုမျှသာ ဖြစ်ပါတယ်။ ဂျာနယ်လစ်အဖြစ် ကျနော်တို့ရဲ့ အဓိကမစ်ရှင်က မြန်မာပြည်သူတွေ အပါအဝင် ကမ္ဘာကြီးကို ရက်စက်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ကျနော်တို့တိုင်းပြည် ဘယ်လိုဖြစ်ပျက် ခံစားနေရလဲဆိုတာ ဆက်လက်ဖော်ထုတ် ရေးသားတင်ပြနေဖို့ဖြစ်တယ်။ ဒါတင်မက နေ့စဉ်ဖြစ်နေတဲ့ သတင်းတွေရဲ့ နောက်ကွယ်က အရင်းခံ အကြောင်းတရားတွေ နဲ့ အမှန်တရားတွေကိုပါ ရှင်းပြဖို့က ကျနော်တို့ရဲ့ ပိုအဓိကကျတဲ့ မစ်ရှင်ပဲ ဖြစ်ပါတယ်။
အိမ်အလွမ်းဆိုတာ ဝမ်းနည်းစရာတွေချည်း မဟုတ်ဘူးဆိုတာ ကျနော့်ရဲ့ ပထမအကြိမ် ပြည်ပြေးဘဝ ကတည်းက သိခဲ့ရပါတယ်။ လွမ်းဆွတ်ရပေမယ့် ကြည်နူးစရာတွေလည်းရှိပါတယ်။ သူ့ရဲ့ကောင်းတဲ့ တချက်က အိမ်ကနေထွက်ပြေးရတဲ့ သူတဦးကို သူ့အိမ်အပြန်လမ်းကို ကြိုးစားရှာဖွေဖို့ စွမ်းအားတွေ ပေးစွမ်းနိုင်တာပါပဲ။
နောက်နေ့မနက် ယာယီခိုလှုံရတဲ့အိမ်မှာ ပထမဆုံး ကျနော်တို့ စလုပ်တာကတော့ နေ့စဉ်လုပ်နေကျအတိုင်း သတင်းတွေကို ရေးသားတင်ပြဖို့ အတွက် ကျနော်တို့ ကွန်ပျူတာတွေကို ဖွင့်ခဲ့တာပါပဲ။ တခုတည်းသော ကွာခြားမှုကတော့ ကျနော်တို့ဟာ ကိုယ့်နိုင်ငံထဲမှာ မဟုတ်တော့သလို ကျနော်တို့ အိမ်တွေနဲ့လည်း ဝေးခဲ့ပါပြီ။ ချစ်ရတဲ့ မိသားစု၊ ကျနော်တို့နေ့စဉ်ဘဝထဲက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေအားလုံးနဲ့အတူ ကျနော်တို့ရဲ့ အိမ် ကို ရုတ်တရက် ခွဲခွာလိုက်ရတာကတော့ အိမ်အလွမ်းကို ဖြစ်စေတာအမှန်ပါ။ ဒါပေမယ့် အိမ်အလွမ်းဆိုတာ ဝမ်းနည်းစရာတွေချည်း မဟုတ်ဘူးဆိုတာ ကျနော့်ရဲ့ ပထမအကြိမ် ပြည်ပြေးဘဝ ကတည်းက သိခဲ့ရပါတယ်။ လွမ်းဆွတ်ရပေမယ့် ကြည်နူးစရာတွေလည်းရှိပါတယ်။ သူ့ရဲ့ကောင်းတဲ့ တချက်က အိမ်ကနေထွက်ပြေးရတဲ့ သူတဦးကို သူ့အိမ်အပြန်လမ်းကို ကြိုးစားရှာဖွေဖို့ စွမ်းအားတွေ ပေးစွမ်းနိုင်တာပါပဲ။
ကျနော့်အတွက်တော့ အဲဒီနေ့ဟာ ဒုတိယအကြိမ် ပြည်ပြေးဘဝရဲ့ အစပါပဲ။ ကျနော့် လုပ်ဖော် ကိုင်ဖက်တွေ အတွက်တော့ ဒါ ပထမဆုံးအကြိမ်ပါ။ ပထမတခေါက်တုန်းက အိမ်ပြန်ခွင့်ရဖို့ ကျနော် ဆယ်သုံးနှစ်ကြာ စောင့်ခဲ့ရတယ်။ ခါးသီးတဲ့ အမှန်တရားကတော့ ဒီတကြိမ်မှာ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်တာပါပဲ။ ဒါဟာ ကျနော့်အတွက်တော့ ပြဿနာ မဟုတ်တော့ပါဘူး။ ကျနော်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ ရွေးချယ်ခဲ့ပြီးတဲ့နောက် ကျနော်ရဲ့ဖြစ်တည်မှုဟာ ကျနော်ပဲ မဟုတ်ပါလား။ ဒီယူဆချက်က အများအကျိုးသယ်ပိုးဖို့အတွက် မွေးရပ်မြေနဲ့ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေအားလုံးနဲ့ တရားတဲ့ဘက်က တိုက်ပွဲဝင်နေတဲ့ သူတွေအားလုံးအတွက် အမှန်တရားဖြစ်မှာပါ။
ကျနော်တို့ အားလုံး ဆက်လက်ရှင်သန်ဖို့ လိုပါတယ်။ အနည်းဆုံး စစ်အာဏာရှင်စနစ် ကျဆုံးတာကို မျက်မြင်တွေ့ ရဖို့အတွက်ပါ။ အဲဒါက ကျနော်တို့အားလုံးရဲ့ အပြီးသတ်ဆောင်ရွက်ရမယ့် ကြီးလေးတဲ့ မစ်ရှင် ဒါမှမဟုတ် တာဝန်ပါပဲ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ Kyaw Zwa Moe ၏ Fleeing Military-Ruled Myanmar: Mission Accomplished; Now a Greater Task Awaits ကို ဘာသာပြန်သည်။)
You may also like these stories:
နာမည်ဆိုးနဲ့ ကျော်တဲ့ အိုးဘိုးထောင်
တော်လှန်ရေး ဆေးဆိုးပန်းရိုက် သို့မဟုတ် CDM များ၏ ဘဝသစ်၊ အလုပ်သစ်
ယခုနှစ် မြန်မာ့စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို အကဲဖြတ်ခြင်း
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
မပြန်လမ်းထိ လိုက်သွားခဲ့တဲ့ သျှောင်နောက် ဆံထုံး