မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေချိန်တွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းပြည်ပအကူအညီပေးရေးအဖွဲ့များသည် ပြည်ပအစိုးရများ၏ နောက်လိုက်များဖြစ်သည်ဟု စွပ်စွဲပြီး ပိုမိုအနီးကပ်ကြီးကြပ်ရန် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ညွှန်ကြားလိုက်သည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် လူပေါင်း ၁.၉ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA)၏ အဆိုအရ သိရသည်။
မေလက ဆိုးရွားသည့် မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ လူတသန်းကျော်သည် စစ်ကောင်စီက မုန်တိုင်းဒဏ်ပြည်သူများအတွက် အကူအညီများကို ကန့်သတ်နေသောကြောင့် ပြန်လည်နာလန်ထရန် လိုအပ်နေဆဲဖြစ်သည်။ ထိုအစားအစာနှင့် နေစရာ လိုအပ်နေသူများကို စစ်ကောင်စီက အကူအညီ အနည်းငယ်သာ ပေးသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် ကုသလသမဂ္ဂအဆင့်မြင့်အရာရှိတဦးက မြန်မာမှအကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် ကူညီရန် ကျယ်ပြန့်သော လူသားချင်းစာနာမှု အကူအညီပေးခွင့်ရရေး တောင်းဆိုသည်။
“မြန်မာမှ အကျပ်အတည်းအဆက်ဆက်သည် လူဦးရေ သုံးပုံတပုံကို လူသားချင်းစာနာမှု အကူအညီများ လိုအပ်သွားစေသည်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ လက်ထောက် အတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းူရေးမှူ မာတင်ဂရစ်ဖစ်ကပြောသည်။
ထိုနေ့တွင်ပင် OCHA က “မြန်မာမှ လူသားချင်းစာနာမှု လိုအပ်ချက်များသည် မကြာသေးမီ နှစ်များအတွင်း မြင့်မားလာပြီး သုံးနှစ်မပြည့်မီအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၂၀၂၁ ခုနှစ်အစက ၃၈၀၀၀၀ သာရှိရာမှ ယခုအခါ ၁.၉ သန်းအထိ ၅ ဆ တိုး လာသည်” ဟု ဖေါ်ပြသည်။
သို့သော် စစ်ကောင်စီသည် အကူအညီပေးရေးအဖွဲ့အစည်းများကို အညှိုးထားပြီး ထိုအဖွဲ့များက ခုခံတော်လှန်ရေးအင်အားစုများကို ကူညီနေသည်ဟု စွပ်စွဲသည်။
လွန်ခဲ့သောနှစ်အောက်တိုဘာလတွင် မင်းအောင်လှိုင်သည် ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ပိုမိုပြင်းထန်သော ဥပဒေဖြင့် ကာကွယ်ရန် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင် ဥပဒေကို ပြင်ဆင်သည်။ ထိုဥပဒေသစ်က စစ်ကောင်စီအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် NGO များကို ဖျက်သိမ်းရန်၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် ပြဋ္ဌာန်းချက်များ ချိုးဖေါက်သည်ဟု ယူဆသူများကို ထောင်ချရန် အခွင့်အာဏာ ပေးအပ်သည်။
ထိုဥပဒေအရ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီက အကြမ်းဖက်သမားများဟု သတ်မှတ်ထားသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သို့မဟုတ် စစ်ကောင်စီကို ဆန့်ကျင်သော အုပ်စုများနှင့် မတရားသင်းများနှင့်အဖွဲ့ဝင်များနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့ခြင်း ဆက်ဆံခြင်းကို တားမြစ်သည်။
စစ်ကောင်စီသည် စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည်။
အသင်းအဖွဲ့ မှတ်ပုံတင်သည့် ဥပဒေဟောင်းသည် မတရားသင်းများနှင့် သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိခြင်းအတွက် ငွေဒဏ်သာ ချမှတ်သော်လည်း ဥပဒေသစ်ကို ချိုးဖေါက်သည်ဟု သတ်မှတ်ခံရသူများသည် ထောင် ၅ နှစ်အထိ ကျနိုင်ပြီး ကျပ် ၅ သန်း (အမေရိကန်ဒေါ်လာ ၂၃၇၅) အထိ ပေးဆောင်ရနိုင်သည်။
ဥပဒေဟောင်းအရ ၎င်းတို့မြို့နယ်များနှင့် တိုင်းများတွင်သာ လှုပ်ရှားသည့် အဖွဲ့အစည်းများသည် မှတ်ပုံတင်ရန် မလိုအပ်ခဲ့ပေ။ သို့သော် ဥပဒေသစ်တွင် မှတ်ပုံမတင်ပါက ထောင် ၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တသန်း ချနိုင်သည်။
ဥပေဒေသစ်အရ မြန်မာနိုင်ငံတွင် လုပ်ကိုင်သော အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ၎င်းတို့ ဒါရိုက်တာဘုတ်မှ ၄၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားများအတွက် သီးသန့်ထားပေးရသည်။ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများကို နိုင်ငံရေး၊ ဘာသာရေးနှင့် ပြည်တွင်းရေးများနှင့် မပတ်သက်ရန် တားမြစ်ထားပြီး အစိုးရအရာရှိများက ရှောင်တခင် စစ်ဆေးရန် လိုအပ်သည်။
၂၀၀၈ ခုနှစ်က လူ တသိန်းကျော်သေဆုံးနေသည့် အပျက်အစီးများလှသော ဆိုင်ကလုန်းနာဂစ် အပြီးတွင် ထိုစဉ်က စစ်အုပ်စုသည်လည်း ဆိုင်ကလုန်းဒဏ်ခံရသူများကို လူသားချင်းစာနာမှု အကူအညီပေးခြင်းမှ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို တားမြစ်သည်။
ဦးသိန်းစိန်အစိုးရနှင့် ဖြုတ်ချခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ခေတ်များက စစ်တပ်လိုလားသူများက နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများကို NLD ထောက်ခံသူများ လော်ဘီများဟု စွပ်စွဲသည်။
ရှေ့လျှောက် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဖြိုခွဲမှု ပိုမိုပြင်းထန်လာနိုင်သည်။
မေလတွင် စစ်ကောင်စီသည် နိုင်ငံခြားနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ဥပဒေသစ် မူကြမ်းရေးဆွဲရန် အဖွဲ့ဝင် ၁၉ ဦးပါသည့် အဖွဲ့တခုဖွဲ့သည်။ ဒုရဲချုပ် ဦးဆောင်ပြီး ထိုကော်မတီတွင် နိုင်ငံခြားရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဥပဒေရေးရာ၊ ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများနှင့် အခြားဌာနများ မှ အရာရှိများပါဝင်သည်။
ထိုကော်မတီသည် မြန်မာနှင့် သင့်တော်သည့် ဥပဒေမူဘောင်ရေးဆွဲရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း အိမ်နီးချင်းများနှင့် အခြားနိုင်ငံများမှ ပြည်ပနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပတ်သက်သည့် ဥပဒေ အလေ့အထများကို လေ့လာမည်ဖြစ်ကြောင်း စစ်ကောင်စီပြောသည်။ ထိုဥပဒေသစ်သည် ပြည်ပနိုင်ငံများ ဘဏ္ဍာရေးနှင့် အခြားအကူအညီများဖြင့် မြန်မာ့ရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို တားမြစ်ပိတ်ပင်သည် ဟုလည်း စစ်ကောင်စီ ပြောသည်။
မြန်မာစစ်တပ်သည် ကိုလိုနီခေတ်က မတရားသင်း ဥပဒေကိုသုံးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူများကို ဖိနှိပ်နေသည်မှာ ဆယ်စုနှစ် များစွာ ကြာပြီဖြစ်သည်။
You may also like these stories:
အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ
တော်လှန်ရေးအဖွဲ့များက အကူအညီပေးရေးကို နှောင့်ယှက်ဆိုသည့် စွပ်စွဲချက် မမျှတ
လူသားချင်းစာနာမှု ကူညီပေးရေး တင်းကျပ်ကန့်သတ်ခံထားရ UNOCHA အကြီးအကဲပြော
ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း
မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း