တရုတ်မြို့သစ်အဖြစ် လူသိများတဲ့ မြဝတီမြို့နယ်၊ ရွှေကုက္ကို မြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်ထက် ကျော်လွန်တည်ဆောက်ထားတဲ့အတွက် ခေတ္တရပ်ဆိုင်းထားရပါတယ်။
မြဝတီစီးပွားရေးဇုန်နဲ့ ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒီစီမံကိန်းမှာ အဆင့်မြင့်အိမ်ရာတွေ၊ ကာစီနိုပါတဲ့ ဟိုတယ်တွေ၊ KTV ၊Club နဲ့ Spa တို့လို ဇိမ်ခံဖျော်ဖြေရေးတွေ၊ ဈေးဝယ်စင်တာတွေ၊ ပန်းခြံ၊ ဂေါက်ကွင်းနဲ့ လေဆိပ်တွေအထိ မျှော်မှန်းတည်ဆောက်နေကြတာ ဖြစ်ပါတယ်။
တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တာကြောင့် ပြည်နယ်အစိုးရနဲ့ မြဝတီမြို့နယ် ဒေသခံတွေက တရုတ် ရဲ့ လွှမ်းမိုးမှုကို စိုးရိမ်မှုတွေလဲ ရှိနေကြပါတယ်။
စီမံကိန်းတည်ဆောက်မှုအနေနဲ့ မြေဧက ၂၀၀၀ ကျော်ပေါ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် အသုံးပြုရင်းနှီးမြုပ်နှံဖို့လဲ တရုတ်လုပ်ငန်းစု Jilin Yatai Group ဘက်က ထုတ်ဖော်ကြေညာဖူးပြီး တရုတ်လူမျိုး ၃ ထောင်ခန့် လာရောက်လုပ်ကိုင်နေကြပါတယ်။
တပ်မတော်ဘက်ကတော့ စီမံကိန်တရားဝင်ဖြစ်မှသာ ဆက်လုပ်ဖို့ ကရင်နယ်ခြားစောင့်တပ်(BGF)ကို သတိပေးထားပြီး ကမ္ဘာလှည့်နေတဲ့ စီးပွားရေးသမားတွေရဲ့ အသုံးချမခံရအောင် သတိထားဖို့လည်း သတိပေးထားပါတယ်။
အင်တာဗျူး – ထွန်းထွန်း
ရိုက်ကူး/တည်းဖြတ် – ဝေယံမိုးမြင့်