အမျိုးသမီးနှင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှု
စစ်အေးတိုက်ပွဲ အပြီးကာလတွေမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ သဘောတရားက ကမ္ဘာ့အဆင့်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံလာခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကျင်းပတဲ့ လူသားများရဲ့ စိတ်သဏ္ဍာန်အတွင်းမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဂရက်မှာ Côte d’Ivoire မှ Yamoussoukro ဆိုသူက ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ စကားလုံးကို စတင်သုံးစွဲခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ရောက်တော့ ယူနက်စကိုအဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်သူ Federico Mayorက ငြိမ်းချမ်းရေး အခွင့်အရေးကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ပြီး၊ “ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီသို့” ဆိုတဲ့ အစီအစဉ်တရပ်ကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှာ ၂၀၀၀ ခုနှစ်ကို ငြိမ်းချမ်းရေး ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာနှစ် အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ မှ သတ်မှတ်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်ကာလကို ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ကမ္ဘာ့ကလေး သူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ဆယ်စုနှစ်ကာလအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ရောက်တော့ ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေညီလာခံက ငြိမ်းချမ်းရေးယဉ်ကျေးမှု ကြေငြာစာတမ်းကြီး ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီကနေ တဆင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုရဲ့ သဘောတရားတွေ စတင်ကျယ်ပြန့်လာခဲ့ပြီး ဆယ်စုနှစ်ကာလ ပြီးဆုံးသွားချိန် နောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးဆိုင်ရာ သုတေသန နယ်ပယ်နဲ့ လက်တွေ့နယ်ပယ်မှာ ဆက်လက်ပြီး နေရာယူစိုးမိုးလာခဲ့ပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ စကားလုံးဟာ ၁၉၈၉ ခုနှစ်ရောက်မှ ပေါ်ထွက်လာခဲ့တာ ဖြစ်ပေမယ့် သဘောတရားကတော့ ၁၉၄၅ ခုနှစ်ကတည်းက ပေါ်ထွက်ပြီးသား ဖြစ်တယ်လို့ အချို့ပညာရှင်များက ဆိုကြပြီး၊ ဥပမာအနေနဲ့ ယူနက်စကိုအဖွဲ့ကြီးကို ညွန်းဆိုထားကြပါတယ်။ ယူနက်စကိုအဖွဲ့မှာ ရည်မှန်းချက်များစွာရှိပေမယ့် မစ်ရှင်ကတော့ တခုတည်းဖြစ်ကြောင်းနဲ့ ဒီမစ်ရှင်ကလည်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်ကြောင်း ဆိုကြပါတယ်။
၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ထုတ်ပြန်ကြေငြာခဲ့တဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ကြေငြာစာတမ်းကြီးမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အဓိပ္ပာယ်ကို (၁) ဘဝအား လေးစား တန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအား အဆုံးသတ်ခြင်းနှင့် ပညာရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြင့် အကြမ်းမဖက်ရေးနည်းလမ်းများကို ကျင့်သုံးခြင်း၊ (၂) အချုပ်အခြာ အာဏာ၊ နယ်မြေပိုင်နက်၊ တိုင်းပြည်များ၏ နိုင်ငံရေးလွတ်လပ်ခွင့်၊ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းရေး စသည်တို့ကို ကမ္ဘာ့ကုလသမဂ္ဂပဋိဉာဉ်နှင့် နိုင်ငံတကာ ဥပဒေများ နှင့်အညီ အပြည့်အ၀ လေးစားခြင်း၊ (၃) လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀ လေးစား၍ လက်ခံကျင့်သုံးခြင်း၊ (၄) ပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို လက်ခံကျင့်သုံးခြင်း၊ (၅) လက်ရှိမျိုးဆက်များနှင့် အနာဂတ်မျိုးဆက်များ၏ ဖွံ့ဖြိုးရေးနှင့် သဘာ၀ ပတ်ဝန်းကျင် လိုအပ်ချက်များကို ပြည့်မှီစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ (၆) ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းအား လေးစားလိုက်နာခြင်း (၇) ကျားမ တန်းတူညီမျှအခွင့်အရေးနှင့် အခွင့်အလမ်းများအား လေးစားလိုက်နာခြင်း၊ (၈) အတွေးအမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်၊ သတင်းအချက်အလက်များကို လွတ်လပ်စွာ တင်ပြခွင့် စသည်တို့အား လေးစားလိုက်နာခြင်း၊ (၉) လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ သည်းခံမှု၊ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများဆန္ဒကို လိုက်နာမှု၊ ယဉ်ကျေးမှုရေးရာ ကွဲပြားမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်များအကြား အပြန်အလှန် နားလည်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာကျင့်သုံးခြင်း၊ ယင်းသို့လိုက်နာကျင့်သုံးခြင်းကို အားပေးသည့် ငြိမ်းချမ်းသော နိုင်ငံတော်နှင့် နိုင်ငံတကာ ပတ်ဝန်းကျင်ရှိခြင်း စတဲ့ အချက်ကိုးချက် အပေါ်မှာ အခြေခံသော သဘောထား၊ ဓလေ့ထုံးစံ၊ တန်ဖိုး၊ အပြုအမူနှင့် ဘဝနေထိုင်မှုများရှိသော ယဉ်ကျေးမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ ဖွင့်ဆိုချက်များအရ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲမရှိခြင်းတဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတရားတခုဆိုတာကို လူအများကို သိမြင်လာစေခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို လူအများက စစ်ပွဲများ အဆုံးသတ်ခြင်းလို့ သိနားလည်ထားကြပေမယ့်၊ ငြိမ်းချမ်းရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဖြစ်ပြီး၊ ဘဝရှင်သန်နေထိုင်နည်း တခုဖြစ်ကြောင်းကို ငြိမ်းချမ်းရေးယဉ်ကျေးမှု သဘော တရားက မီးမောင်းထိုးပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး ယဉ်ကျေးမှုသဘောတရားမှာ အပြန်အလှန် နားလည်မှုဆိုတဲ့ အချက်ကို အရေးပါတဲ့ အချက်တခုအနေနဲ့ ဖော်ပြထားလေ့ရှိပါတယ်။ အပြန်အလှန် နားလည်မှုရှိရေးအတွက် ကျားမ၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့ထုံးစံ ကွဲပြားမှုတွေကို ကနဦး အသိအမှတ်ပြုမှု လိုအပ်ပါတယ်။ ဒီလို အသိအမှတ်ပြုမှုရှိမှသာ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ကွဲပြားမှုတွေကို အသိအမှတ်ပြုစိတ် နဲ့ အပြန်အလှန်နားလည်မှုတွေ ထွန်းကားလာတဲ့အခါ ပဋိပက္ခဖြစ်မှုများ လျော့ကျလာစေနိုင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ပဋိပက္ခများ လျော့နည်းမှုက ဆက်နွယ် နေပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှုဟာ အဓိကတန်ဖိုးတွေကတော့ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ မျှဝေခံစားမှုနဲ့ လူ့အခွင့်အရေးများအား လေးစားတန်ဖိုးထားမှု စတာတွေပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာများဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားသတ်မှတ်မှု ၊ လူမှုတရားမျှတခြင်းမရှိမှု၊ လူသားစိတ် ကင်းမဲ့မှု စတာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဒီလိုဖြေရှင်းရာမှာလည်း တွေ့ဆုံဆွေးနွေးခြင်း (Dialogue)၊ စေ့စပ်ညှိနှိုင်းခြင်း (Negotiation) နှင့် ကြားဝင်ဖြန်ဖြေခြင်း (Mediation) စတဲ့ နည်းလမ်းများကို အသုံးပြုပြီး၊ စစ်ပွဲနဲ့ အကြမ်းဖက်မှု နည်းလမ်းများ အသုံးပြုခြင်းကို ရှောင်ရှား နိုင်ရေးဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အနှစ်သာရ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှု ပေါ်ထွန်းရှင်သန်ရေးအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များက The Manifesto 2000 for a Culture of Peace and Non-Violence ကို ရေးသား ပြုစုခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းရေး ယဉ်ကျေးမှု ပေါ်ထွန်းရေးအတွက် လူသားတိုင်းမှာ ကိုယ်စီတာဝန်ရှိကြောင်းနဲ့ ဒီတာဝန်ကို ကိုယ့်ဘာသာကိုယ် စတင်ထမ်းဆောင်ရမှာဖြစ်ကြောင်း ဆိုထားကြပါတယ်။
Manifesto 2000 ဟာ သူတပါးကို တောင်းဆိုခြင်း၊ အထက်အရာရှိများအား လုပ်ဆောင်ပေးပါရန် စုပေါင်းလက်မှတ် ရေးထိုးတင်ပြခြင်း စတာတွေနဲ့ မသက်ဆိုင်ပဲ လူတဦးချင်းစီက ကျင့်သုံးတဲ့ တန်ဖိုး၊ သဘောထား အမြင်တွေနဲ့ ပြုမူလုပ်ဆောင်ချက်များနဲ့သာ သက်ဆိုင်ပါတယ်။ သက်ဆိုင်ရာ မိသားစု၊ မြို့နယ်၊ ဒေသ၊ တိုင်းပြည်တွေမှာ လူတဦးချင်းက အကြမ်းမဖက်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ သည်းခံခွင့်လွှတ်မှု၊ ပြန်လည် သင့်မြတ်ရေး၊ တရားမျှတမှု စတဲ့ သဘောတရားများကို နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများအဖြစ် ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ဆောင်လို့ရကြောင်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင်များက ဖော်ပြထားကြပါတယ်။
Manifesto 2000 အရ လူတဦးချင်းစီမှ မိမိတို့ ဘာသာ လိုက်နာကျင့်သုံးရန် ကတိသစ္စာခံယူရမယ့် ကတိသစ္စာပြုလွှာမှာ အောက်ပါအချက်များကို ထည့်သွင်းထားပါတယ်။
” လူသားတို့၏ အနာဂတ်၊ အထူးသဖြင့် ယနေ့ကာလ ကလေးသူငယ်များနဲ့ အနာဂတ် မျိုးဆက်များအတွက် ကျွနု်ုပ်မှာ တာဝန်ရှိသည်ဟု ယူဆသည့်အတွက် ကျွန်ုပ်၏ နေ့စဉ်ဘဝ၊ မိသားစု၊ အလုပ်အကိုင်၊ လူ့အဖွဲ့အစည်း၊ တိုင်းပြည်နှင့် ကိုးကွယ်ရာဘာသာ တို့နှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လုပ်ဆောင်ရန် ကတိသစ္စာပြုပါသည်။
(၁) လူသားတို့အား လေးစားမည်။ လူသားတို့၏ ဘဝနဲ့ လူ့ဂုဏ်သိက္ခာတို့အား ခွဲခြားဆက်ဆံခြင်း၊ ကြိုတင်ဝေဖန်သုံးသပ်ခြင်းများ မပြုပဲ လေးစားတန်ဖိုးထားမည်။
(၂) အကြမ်းဖက်မှုများအား ဆန့်ကျင်မည်။ ကိုယ်ကာယအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးရာ အကြမ်းဖက်မှုနှင့် လူမှုရေးရာ အကြမ်းဖက်မှုများ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် မိဘမဲ့များအား အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်အားလုံးကို ဆန့်ကျင်၍ အကြမ်းမဖက်ရေး နည်းလမ်းများကိုသာ ကျင့်သုံးမည်။
(၃) သူတပါးနှင့် မျှဝေခံစားမည်။ အချိန်နှင့် ရုပ်အရင်းအနှီးများအား ဖယ်ရှားမှု၊ မတရားမှုနှင့် နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးဖိနှိပ်မှုများ အဆုံးသတ်ရန် မျှဝေခံစား သုံးစွဲမည်။
(၄) နားလည်ရန် နားထောင်မည်။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ ယဉ်ကျေးမှုရေးရာ ကွဲပြား ခြားနားမှုတို့ကို ကာကွယ်စောင့်ရှောက်မည်။ သူတပါးအား ပြစ်တင်ခြင်း၊ ဝေဖန်ရှုံ့ချခြင်း၊ ငြင်းဆိုခြင်းများ မပြုလုပ်ပဲ တွေ့ဆုံဆွေးနွေးခြင်းနှင့် နားထောင်ခြင်းတို့ကိုသာ ပြုလုပ်ကျင့်သုံးမည်။
(၅) သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်မည်။ သဘာဝတရား ချိန်ခွင်လျှာကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဘဝဖြစ်တည်မှုအားလုံးကို လေးစားတန်ဖိုးထားသော ဖွံ့ဖြိုးရေးကျင့်စဉ်များ နှင့် တာဝန်ယူသော စားသုံးသူ ပြုမူဆောင်ရွက်မှုများ ထွန်းကားလာစေရန် ဆောင်ရွက်မည်။
(၆) သွေးစည်းညီညွတ်မှုကို ပြန်လည်ရှာဖွေမည်။ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည်။ အထူးသဖြင့် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အဝရှိပြီး၊ ဒီမိုကရေစီ အခြေခံ သဘောတရားများကို တန်ဖိုးထားသော သွေးစည်းညီညွတ်ရေး သဏ္ဍာန်တရပ် ပေါ်ထွန်း လာစေရန် ဆောင်ရွက်မည်။”
ဒီအချက်ခြောက်ချက်ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ အတွင်းမှ အပြင်သို့ သွားသော သဏ္ဍာန်ကို အခြေခံထားတာကို သိနိုင်ကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ မိမိကိုယ်မှာ စတင်ပြီး၊ မိမိအိမ်၊ မိမိပတ်ဝန်းကျင်၊ မိမိမြို့၊ မိမိနိုင်ငံအထိ ကျယ်ပြန့်သွားစေနိုင်တဲ့ အရာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှု တည်ထောင်ရေးဟာ အပင်များ စိုက်ပျိုးသလို အမြစ်တွယ်ရှင်သန်ရေး၊ ကြီးထွားရေးအတွက် အာရုံစိုက်ရမယ့် အရာဖြစ်ကြောင်း ဥပမာပေး ဖော်ပြထားကြပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှု အကောင်အထည်ဖော်ဆောင်ရန် လိုအပ်သော ကဏ္ဍရှစ်ခုကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပညာရှင်များက ဖော်ထုတ်ထားခဲ့ကြပါတယ်။ ဒီကဏ္ဍရှစ်ခုကတော့
(၁) ပညာရေး (အထူးသဖြင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုင်ရာ ငြိမ်းချမ်းရေး ပညာရေး)
(၂) ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေး (ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တန်းတူညီမျှမှု မရှိခြင်းများ လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး)
(၃) လူ့အခွင့်အရေး
(၄) ကျားမ တန်းတူညီမျှမှု
(၅) ဒီမိုကရေစီ နည်းလမ်းကျ ပါဝင်ပတ်သက်မှု
(၆) သည်းခံခွင့်လွှတ်မှုနှင့် သွေးစည်းညီညွတ်မှုကို နားလည်ရေး (လူအများအကြား၊ ကွဲပြားခြားနားသော အုပ်စုများအကြား၊ ပြည်ပမှ အခြေချနေထိုင်လာသူများနှင့် ဒေသခံများအကြားနှင့် နိုင်ငံများအကြားတွင် နားလည်မှု ရှိလာရေး)
(၇) လူအများပါဝင်ခွင့်ရှိသော ဆက်ဆံရေးနှင့် သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းခွင့်
(၈) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး (လက်နက်ကိုင်မှုကို စွန့်လွှတ်ရေးနှင့် အခြား လုပ်ငန်းစဉ်များ)
စတာတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ ပညာရှင် de Rivera ဆိုသူက ကုလသမဂ္ဂစာတမ်း များနဲ့ ယူနက်စကို စာတမ်းများကို လေ့လာမှုပြုလုပ်ပြီး၊ အခြားသုတေသန ရလဒ်များနဲ့ ထပ်မံပေါင်းစပ်ကာ လူမှုနိုင်ငံရေးသီအိုရီ သဘောတရားများပါဝင်သော ငြိမ်းချမ်းရေးယဉ်ကျေးမှု မော်ဒယ်တရပ်ကို ရေးဆွဲခဲ့ပါတယ်။ သူ့မော်ဒယ်မှာ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးတမ်းစဉ်လာများ ပြောင်းလဲကျင့်သုံးခြင်း၊ လူမှုနိုင်ငံရေး တည်ဆောက်မှု သဏ္ဍာန်များအား ပြောင်းလဲခြင်းနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ထွန်းကားနိုင်သော ပတ်ဝန်းကျင် ပေါ်ထွက်နိုင်ရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေး မူဝါဒများ ချမှတ်ရေး ဆိုပြီး ကဏ္ဍသုံးမျိုး ပါဝင်ပါတယ်။
သူ့အမြင်အရ ပဋိပက္ခများကို လက်နက်နဲ့ မဖြေရှင်းပဲ တွေ့ဆုံဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့နဲ့ ဖြေရှင်းရန် ကြိုးပမ်းခြင်း၊ အမျိုးသမီးများရဲ့ အသံများအား အမျိုးသားများရဲ့ အသံများကဲ့သို့ တန်းတူရည်တူအလေးထားခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ အား တန်ဖိုးထားခြင်း၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ အပြန်အလှန် တာဝန်ယူမှု တို့အပေါ်တွင် အခြေခံသော လူမှုရေးရာ စည်းလုံးမှုရှိခြင်း စတဲ့ လူမှုရေးရာ ဓလေ့ထုံးစံများကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားနိုင်ကြောင်း တွေ့ရှိရပါတယ်။
အရပ်ဖက်လူ့အဖွဲ့အစည်း (Civil Society) ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး၊ ဒီမိုကရေစီနည်းလမ်းကျ ပါဝင်ဆောင်ရွက်ခွင့်တွေကို အားပေးခြင်းအားဖြင့် လူသားတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဖြင့် ပွင့်လင်းသော ဆက်ဆံရေး တည်ဆောက်ခြင်း၊ လူ့အခွင့်အရေးကို စောင့်ထိန်းခြင်းနှင့် အများပါဝင်ခွင့်တို့အား ဖော်ဆောင်ခြင်း စတာတွေ ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှု ရရှိပြီး၊ ငြိမ်းချမ်းသောယဉ်ကျေးမှု ထွန်းကားနိုင်ကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဒါတင်မကပဲ နိုင်ငံတကာ လုံခြုံရေးနဲ့ ရေရှည်ခံတန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ရှင်သန်ထွန်းကားစေပါတယ်။
ပညာရှင် de Rivera ဖော်ပြထားတဲ့ မော်ဒယ်ပါ အချက်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ အကောင် အထည်ဖော်ဆောင်ရေး ကဏ္ဍရှစ်ခုနဲ့ ထပ်တူညီမျှဖြစ်စေ၊ သဘောတရားရေးအရ ဆက်နွယ်မှုနဲ့ဖြစ်စေ ဆက်စပ်နေပါတယ်။ ဆက်စပ်မှုတွေကတော့ အကြမ်းမဖက်သော ဓလေ့ထုံးတမ်း စဉ်လာများ ပေါ်ထွန်းရေး (ငြိမ်းချမ်းရေးပညာရေး)၊ အမျိုးသမီးများအား တန်ဖိုးထားရေး (ကျားမ တန်းတူညီမျှရေး)၊ လူ့အဖွဲ့အစည်း ညီညွတ်ရေး (သည်းခံ ခွင့်လွှတ်မှုနှင့် သွေးစည်း ညီညွတ်မှုကို နားလည်စေရေး)၊ ဒီမိုကရေစီနည်းကျ ပါဝင်ဆောင်ရွက်ခွင့်၊ ပွင့်လင်းသော ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ လုံခြုံရေးနဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍက အလွန်ပဲ အရေးပါခဲ့ပါတယ်။ Manifesto 2000 အတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ လုပ်ခဲ့စဉ်က လက်မှတ် ၇၅ သန်း ရရှိတဲ့အနက် အများစုကို အရပ်ဘက်လူ့အဖွဲ့အစည်းများက ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတဲ့ အခြားလူထုလှုပ်ရှားမှုများမှာလည်း ကြီးမားစွာ အရေးပါခဲ့ပါတယ်။
(၁) လက်နက်ဖျက်သိမ်းရေး လှုပ်ရှားမှု (Disarmament movement)
လက်နက်ဖျက်သိမ်းရေးလှုပ်ရှားမှုဟာ ၁၈၉၉ ခုနှစ်မှာ နယ်သာလန်နိုင်ငံ၊ The Hague မှာ ကျင်းပတဲ့ ညီလာခံမှာ သန္ဓေစတည်လာခဲ့တာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ စစ်ပွဲများမှာ အသုံးပြုတဲ့ ဖျက်ဆီးရေး လက်နက်များကို အသုံးပြုမှု ကန့်သတ်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ညီလာခံ ကနေ လေထဲမှ ဗုံးကြဲခြင်း၊ ဓာတုစစ်ပွဲများ ဆင်နွှဲခြင်းနဲ့ hollow point bullets များ အသုံးပြုမှုတွေကို တားမြစ်ရေးအတွက် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒီညီလာခံဟာ နောက်ပိုင်းမှာ International Court of Justice လို့ အမည်တွင်လာတဲ့ တရားရုံးတခုကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီကွန်ဖရင့် ကျင်းပရေးမှာ အခရာကျခဲ့တဲ့ International Peace Bureau ဟာ ယနေ့အချိန်ကာလအထိ လက်နက် ဖျက်သိမ်းရေး လှုပ်ရှားမှုတွေကို ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ (၁၉၉၇) ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့ international treaty to ban anti-personnel mines ပေါ်ထွက်ရေးမှာလဲ အရပ်ဘက်လူ့အဖွဲ့အစည်းက ရှေ့ဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
(၂) ဂေဟဗေဒ လှုပ်ရှားမှု (Ecology movement)
ဂေဟဗေဒလှုပ်ရှားမှုတွေဟာ ၁၉၉၂ ခုနှစ်မှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညီလာခံမှာ စတင်ပေါ်ထွက်လာခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒီညီလာခံကို နောက်ပိုင်းမှာ Earth Summit အဖြစ် လူအများက ခေါ်တွင်ခဲ့ကြပါတယ်။ ဒီညီလာခံဟာ နိုင်ငံတော်အကြီးအကဲများကို သာမက တကမ္ဘာလုံးက အစိုးရမဟုတ်သောအဖွဲ့အစည်း (အန်ဂျီအို) များစွာကို ဂေဟဗေဒ လှုပ်ရှားမှုတွေအတွက် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ အန်ဂျီအိုအဖွဲ့တွေက Earth Charter ကို ရေးဆွဲအတည်ပြုခဲ့ကြပါတယ်။ ဂေဟဗေဒရေးရာတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အခြားရှုထောင့် များဖြစ်တဲ့ အကြမ်းမဖက်ရေး၊ လက်နက်ဖျက်သိမ်းရေး၊ ကျားမတန်းတူညီမျှရေး၊ ဒီမိုကရေစီ နည်းလမ်းကျ ပါဝင်ခွင့်၊ သတင်းအချက်အလက် လွတ်လပ်ခွင့်တွေနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ ဂေဟဗေဒရေးရာ လှုပ်ရှားမှုတွေကို မီဒီယာများက စိတ်ဝင်တစားရှိကြပါတယ်။
(၃) လူ့အခွင့်အရေးလှုပ်ရှားမှု (Movement for human rights)
လူ့အခွင့်အရေးလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုထွန်းကားရေးအတွက် အထူးကောင်းမွန်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားမှုတွေရဲ့ အခြေခံက (၁၉၄၈) ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကြီး ဖြစ်တာကြောင့်ပါ။ Amnesty International စတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှု များကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ ကျူးလွန်ဖောက်ဖျက်မှုများအား ဆန့်ကျင်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာ ကမ္ဘာ့လူသားများက တက်ကြွစွာ ပါဝင်လာခဲ့ကြပါတယ်။
(၄) အလုပ်သမားသမဂ္ဂလှုပ်ရှားမှု (trade union movement)
အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေမှာ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ကျန်းမာရေး အခွင့်အလမ်း၊ သင့်လျော်သော လူနေမှု အဆင့်အတန်း၊ အလုပ်လုပ်ပိုင်ခွင့်၊ အနားယူအပန်းဖြေခွင့်၊ လစာပြည့် ခွင့်ရက် စတာတွေ ရရှိရေးအတွက် ဆောင်ရွက်ကြတာ ဖြစ်တဲ့အတွက် အလုပ်သမား လှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးကို ဦးတည်စေပါတယ်။ ဒါတင်မကပဲ အလုပ်သမားလှုပ်ရှားမှုတွေဟာ အခြားလူမှုလှုပ်ရှားမှုတွေအတွက်လဲ အထောက်အကူပြုခဲ့ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု civil rights movement မှာ ချီတက်ပွဲတွေကို စီစဉ်ခဲ့သူ တွေဟာ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ အလုပ်သမားလှုပ်ရှားမှုနဲ့ လူမှု လှုပ်ရှားမှုတွေအကြားက ဆက်နွယ်မှုကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ရှင်သန်ထွန်းကားစေခဲ့ပါတယ်။
(၅) ဒီမိုကရေစီ လှုပ်ရှားမှု (Democracy movement)
ဒီမိုကရေစီ လှုပ်ရှားမှုတွေကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားလာစေရေးကို အထောက်အကူပြု ခဲ့ပါတယ်။ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ဖိလစ်ပိုင်ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အကြမ်းမဖက်လှုပ်ရှားမှုများက အောင်ပွဲခံခဲ့တာကြောင့်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အကြမ်းမဖက်လမ်းစဉ်ချမှတ်ဆောင်ရွက်ရေး ဆိုတဲ့ မဟာဗျူဟာက ကမ္ဘာတဝှမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ နိုင်ငံတော်အာဏာအပေါ် အခြေမတည်ပဲ၊ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို အခြေတည်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းလုံးသစ်တခုကလဲ ထပ်မံ ပေါ်ထွက်လာပါတယ်။ ဒီလှိုင်းလုံးသစ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတခုကတော့ ဘတ်ဂျက်ချမှတ်ရေးဆွဲမှု လုပ်ထုံး (participatory budgeting) ဖြစ်ပါတယ်။ ဒါကို စပိန်ဘာသာနဲ့ presupuesto participativo လို့ ခေါ်ဆိုပြီး၊ ပေါ်တူဂီဘာသာနဲ့ orçamento participativo လို့ ခေါ်ဆိုပါတယ်။ ဒီနည်းလမ်းကို တောင်အမေရိကနိုင်ငံတွေမှာ စတင်ကျင့်သုံးခဲ့ပြီး၊ အခုဆိုရင် ကမ္ဘာတဝှမ်းလုံးကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။
(၆) အမျိုးသမီးလှုပ်ရှားမှု (Women movement)
အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှုထွန်းကားလာအောင် လုပ်ဆောင်ခဲ့တာတွေထဲမှာ အရေးပါတဲ့ နောက်ထပ်လှုပ်ရှားမှုကတော့ အမျိုးသမီးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ အစိုးရအဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်တွေ ရရှိလာမှုဟာ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အလမ်းများ ဆိုင်ရာ လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အခြားရှုထောင့်များနဲ့ ဆက်နွယ်နေပါတယ်။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေး ယဉ်ကျေးမှု စီမံချက်တွေ အကောင်အထည်ဖော်ဆောင်မှုများအရ ဆင်းရဲနွမ်းပါးသော အလုပ်သမားလူတန်းစား အမျိုးသမီးများအကြားမှာ ကွန်ရက်များ ပေါ်ထွက် လာခြင်းဟာ လူမှုဘ၀ ပြောင်းလဲရေးအတွက် အင်အားကြီးသော တွန်းအားတွေ ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုများနဲ့ ကွန်ရက်များဟာ အမျိုးသမီးများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပါဝင်ဆောင်ရွက်ခွင့်ကို မြှင့်တင်ပေးနိုင်ပြီး၊ တိုင်းပြည်အတွက် အင်အားကိုလည်း ဖြစ်စေပါတယ်။
(၇) နိုင်ငံတကာ နားလည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် သွေးစည်းညီညွတ်မှု (International understanding, tolerance and solidarity)
ကမ္ဘာတဝှမ်းက လူငယ်အဖွဲ့အစည်း ၄၇၅ ဖွဲ့အကြောင်းကို လေ့လာပြီး၊ ရေးသားမှတ်တမ်းတင်ထားတဲ့ ” ငြိမ်းချမ်းရေးယဉ်ကျေးမှု အတွက် လူငယ်များ (၂၀၀၆)” ဆိုတဲ့ အစီရင်ခံစာမှာ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးအတွက် လူငယ်များ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုအမျိုးအစားများကို ဖော်ပြ ထားပါတယ်။ ဒီလှုပ်ရှားမှုတွေကတော့ နိုင်ငံတကာ ကွန်ဂရက်များ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံခြားဆရာများနှင့် ကျောင်းသားများ ပါဝင်သော တက္ကသိုလ်သင်တန်းများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ နားလည်မှုကို မြှင့်တင်ပေးနိုင်သော သင်ရိုးညွှန်းတန်းများ ပြဌာန်းခြင်း၊ စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်း၊ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်များ၊ အနုပညာပွဲတော်များနှင့် ရုပ်ရှင်ပွဲတော်များ ကျင်းပခြင်း၊ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဘာသာရေး အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာ ဘာသာရေး ကွန်ဖရင့်များ ကျင်းပခြင်း၊ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများတွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေး မစ်ရှင်များ တည်ထောင်လှုပ်ရှားခြင်း၊ ငြိမ်းချမ်းရေးခရီးစဉ်များ ဖော်ဆောင်ခြင်း၊ နိုင်ငံတကာ လူငယ်လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ လူငယ်များအကြား နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ အတွေးအမြင်များအား ဖလှယ်ရန် အင်တာနက်စာမျက်နှာများ ဖန်တီးခြင်း စတာတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးအတွက် အမျိုးသမီးများက အခရာကျပါတယ်။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးများက တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ အမျိုးသမီးရေးရာ လှုပ်ရှားမှု (women movement) များမှာတင်မကပဲ အခြားသော ငြိမ်းချမ်းရေးရာ လှုပ်ရှားမှုများမှာပါ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ လက်နက်ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း စာနာမှုရေးရာ၊ လူမှုတရားမျှတမှုနှင့် ပေါင်းစည်းမှု အရေး၊ ငြိမ်းချမ်းရေး စာပေနဲ့ အနုပညာရေးရာ စတဲ့ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ ထောင်ပေါင်းများစွာသော အမျိုးသမီး တက်ကြွလှုပ်ရှားသူများကို တွေ့မြင်နေကြရပါတယ်။
ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူသားရဲ့ စိတ်နှလုံးက အစပြုပြီး၊ အပြောအဆို၊ အနေအထိုင်နဲ့ အပြုအမူတွေများမှာ သက်ရောက်မှုရှိသွားတာ ဖြစ်ပါတယ်။ လူသားရဲ့ ဘ၀ ဖြစ်တည်မှုအစက အမျိုးသမီးများ ဖြစ်ပါတယ်။ ကလေးများရဲ့ အနီးကပ်ဆုံး အဖော်က မိခင်များ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ပုံဖော်နိုင်စွမ်းရှိသူများမှာ အမျိုးသမီးများကအရေးကြီးပါတယ်။ ဒါကြောင့် မိခင်များရဲ့ လက်နဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှု တည်ဆောက်ရင်း စစ်ပွဲယဉ်ကျေးမှုများကို ဖြိုဖျက်ကြပါရန် ရေးသား တင်ပြအပ်ပါတယ်။