ပြည်လမ်းပေါ်က ယုဒဿန်ခန်းမ တည်ရှိရာ ဝန်းထဲ ခြေချလိုက်တယ် ဆိုရင်ပဲ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဂျက်စင်ထိပ်က လရိပ်ပြာ” သီချင်းသံကို လိုက်ဖက်တဲ့ လျှပ်စစ်ဂစ်တာသံနဲ့အတူ ပျံ့လွင့်လာတာ ကြားလိုက်ရပါတယ်။
ခန်းမ အဝမှာ စုပြုံနေတဲ့ လူစုလူဝေးကို တိုးဝှေ့ပြီး ဝင်သွားလိုက်တဲ့ အချိန်မှာတော့ ၁၉၈၈ မတိုင်ခင်က ရန်ကုန် တက္ကသိုလ်ကြီး တခုလုံး အခန်းကြီးတခန်းထဲ ရောက်နေသလို မြင်တွေ့လိုက်ရပါတယ်။ ရန်ကုန် တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ ပန်းချီကားတွေကို ခန်းလုံးပြည့် ပုံစံမျိုးစုံနဲ့ ခင်းကျင်းပြသထားတာပါ။ အရှေ့က စင်မြင့်ပေါ်မှာတော့ တီးဝိုင်းတဝိုင်းနဲ့အတူ သီဆိုဖျော်ဖြေနေသူကို တွေ့လိုက်ရပါတယ်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပန်းချီဌာနစိတ်ကနေ စတင်ပေါက်ဖွားလာတဲ့ “ကံ့ကော်ရွာ” ပန်းချီအဖွဲ့က ကူညီစီစဉ်တဲ့ “ရှင်သန်ဖူးဝေ ကံ့ကော်မြေ” ဆိုတဲ့ ပန်းချီပြပွဲတရပ် ခင်းကျင်း ပြသနေတာပါ။ ကံ့ကော်ရွာ အဖွဲ့သား ၂၀ ရဲ့ ပန်းချီကားတွေ အပါအဝင် စုစုပေါင်း ပန်းချီဆရာ ၇၅ ဦးရဲ့ ရန်ကုန် တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ လက်ရာဟောင်း၊ လက်ရာသစ်တွေကို အပြည့်အဝ ကြည့်ခွင့်ရပါတယ်။
ဒီ ပန်းချီဆရာ၊ ဆရာမ ၇၅ ဦးထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်းတော်တော်များများ ပါဝင်တာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး ခံစားချက် ကိုယ်စီရှိကြတဲ့ သူတွေပါပဲ။
ဒီပြပွဲကို နိုဝင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ယုဒဿန်ခန်းမမှာ ခင်းကျင်းပြသတာ ဖြစ်ပြီး ဖွင့်ပွဲနေ့ မနက်ပိုင်းမှာ တေးဂီတဝိုင်းနဲ့ ဖျော်ဖြေရေးအစီအစဉ် ထည့်သွင်းထားတာပါ။
၁၉၉၅ ခုနှစ်နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ပရဝဏ်နဲ့ အနီးဆုံးနေရာမှာ ပထဆုံး ခင်းကျင်းပြသခွင့်ရတဲ့၊ တက္ကသိုလ်ရနံ့ အပြည့်အဝ ခံစားရတဲ့ ဒီပန်းချီပြပွဲက ပန်းချီကားရောင်းရတဲ့ ငွေတွေကို ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေး၊ ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးတွေ အတွက် အသုံးပြုမယ်လို့ သိရပါတယ်။
“အရင်ကဆိုရင် ကံ့ကော်ရွာ ပန်းချီပြပွဲတွေကို တက္ကသိုလ်ဝန်းထဲက RC မှာ၊ ဆေးတက္ကသိုလ် ၁ လိပ်ခုံး အဆောက်အအုံ
ကြီးမှာ ပြကြတယ်။ တက္ကသိုလ်နဲ့ အနီးဆုံး ဒီ ယုဒဿန် ခန်းမမှာ ပြခဲ့တာကတော့ ၁၉၉၅ ခုနှစ်က နောက်ဆုံးပဲ” လို့ ကံ့ကော်ရွာ အဖွဲ့သားတဦးဖြစ်တဲ့ ပန်းချီ ဌေးဌေးမြင့် (စာရေးဆရာမ ခင်မြဇင်) က ပြောပြပါတယ်။
“ကံ့ကော်ရွာ” ကို ၁၉၇၉ ခုနှစ်က စတင်ပြီး တက္ကသိုလ်ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ၊ ဆရာဆရာမတွေ အပါအဝင် တက္ကသိုလ် အဝန်းအဝိုင်းနဲ့ နီးစပ်တဲ့ ပန်းချီဆရာ၊ ဆရာမတွေ၊ ဝါသနာရှင်တွေ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စတင် တည်ထောင်သူတွေထဲမှာ ပန်းချီ ကြီးမြင့်စော၊ ပန်းချီ ဝင်းဖေမြင့်၊ ပန်းချီမျိုးမြင့်၊ ပန်းချီစံမင်း၊ အခုလက်ရှိ အမေရိကန် နိုင်ငံမှာ ရောက်နေတဲ့ ပန်းချီအောင်ကျော်စိုး စတဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၂ အရှေ့ပိုင်း ကာလတွေမှာ ပန်းချီကားတွေ ခင်းကျင်းပြသမယ်ဆိုတိုင်း စာပေစိစစ်ရေးကို အကြောင်းကြားရပြီး စိစစ်ရေးက လာရောက်ကြည့်ရှုတဲ့အခါမှာ ခွင့်ပြုချက်မရတဲ့ ပန်းချီကားတွေကို ပြန်ဖြုတ်သိမ်းပေးရတာ ထုံးစံပါ။
အဲဒီလို စိစစ်ရာမှာလည်း တက္ကသိုလ်နဲ့ ပတ်သက်တဲ့ “ကံ့ကော်ရွာ” လို ပန်းချီပြပွဲတွေဆိုရင် ပိုပြီး စိစစ်တယ်၊ ဖြုတ်သိမ်း ခိုင်းတယ်လို့ သိရပါတယ်။
“ယုံကြည်ပါ အမှန်တရား … အရိုးသားဆုံး လှုပ်ရှား၊ ဒုက္ခနဲ့ ရင်ဆိုင်လာရင် မတုန်လှုပ်ဘူး မဟုတ်လား … … အကောင်းဆုံးကို ရှာဖွေ ပေးဆပ်နိုင်မှ မင်းချစ်တဲ့လောကကြီး သာယာဖို့ …”
ဖျော်ဖြေတင်ဆက် သူတွေဆီက ထူးအိမ်သင်ရဲ့ “ညီလေးရေ” သီချင်း ထွက်ပေါ်လာတော့ ခန်းမထဲက ပန်းချီကားတွေနဲ့ တော်တော်လေး လိုက်ဖက်တယ်လို့ သတိထားမိလိုက်ပါတယ်။
၁၉၈၈ မတိုင်ခင်က ဆိုရင် တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ အကြားမှာ “နေဝင်း နေဝင်ချိန်ရောက်ပြီ” ဆိုတဲ့ စကား ခေတ်စားခဲ့တာကြောင့် ပန်းချီပြပွဲတွေမှာ နေထွက်တဲ့ပုံပဲ ဆွဲလို့ရတယ်၊ နေဝင်ချိန်ဆွဲရင် ခွင့်မပြုဘူးလို့ ပန်းချီဌေးဌေးမြင့်က ပြောပြတယ်။
အာဏာရှင် ဦးနေဝင်း အုပ်စိုးစဉ်ကာလက ဆိုရင် ပန်းချီပြပွဲတွေကို တင်းတင်းကျပ်ကျပ် စည်းမျဉ်းကန့်သတ်ခဲ့တာပါ။ အကြောင်းအရာကို ကန့်သတ်စိစစ်သလို အရောင်တွေကိုလည်း တင်းကျပ်ခဲ့တယ်၊ အနီ၊ အနက်၊ အစိမ်း စတဲ့ အရောင်တွေကို များများသုံးထားတဲ့ ပန်းချီကားတွေ ပြသခွင့်မရဘူး၊ Abstract ၊ Surrealism စတဲ့ နည်းတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေ ဆိုရင် ပိုပြီး အပယ်ခံရတယ်လို့ သိရတယ်။
“ကျမတို့ ကံ့ကော်ရွာ အဖွဲ့သားတွေ ထဲကဆိုရင် ပန်းချီကေမြိုးတို့၊ ကိုစံမင်းတို့ ကားတွေက ခဏခဏ အပယ်ခံရတာပေါ့” လို့ ပန်းချီဌေးဌေးမြင့်က ပြောပါတယ်။
အဲဒီအချိန်က ပန်းချီကားတွေကို ပြသဖို့ ခွင့်ပြုချက် မရဘူးဆိုရင် နောက်ပိုင်း နအဖခေတ်မှာလို ဖြုတ်သိမ်းခိုင်းရုံတင်မကဘဲ ပြသခွင့်မရတဲ့ ကားကို မြန်မာ့အသံကို ယူသွားပြီး တံဆိပ်တုံး အနီ ထုလိုက်တာလို့ သူက ဆိုပါတယ်။ အဲဒီလို လုပ်တာဟာ ပန်းချီကားကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးတာဖြစ်သလို၊ ပန်းချီဆရာတွေ၊ ပန်းချီဆရာ ဖြစ်လိုသူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာကိုလည်း ဖျက်ဆီးတာပဲလို့ သူက ဆက်ပြောတယ်။
“ကျမ သူငယ်ချင်း ကံ့ကော်ရွာအဖွဲ့သား အမျိုးသမီး ပန်းချီဆရာမ တယောက်ဆိုရင် သူ့ရဲ့ ပန်းချီကားတွေမှာ အဲဒီလို တုံးနီတွေ အထုခံရပါများလို့ နောက်ပိုင်း ပန်းချီဆွဲတဲ့အလုပ်ကို လုံးဝ စွန့်လွှတ် လိုက်တယ်” လို့ သူက ပြောပြတယ်။
အခုလက်ရှိမှာတော့ ကံ့ကော်ရွာ အဖွဲ့သားတွေ အပါအဝင် အနုပညာရှင်တွေကတော့ သူတို့ရဲ့ အနုပညာ လက်ရာတွေကို တော်တော်လေး လွတ်လွတ်လပ်လပ် ခင်းကျင်းပြသခွင့် ရနေပြီလို့ ပြောနိုင်ပါတယ်။
ယုဒဿန်ခန်းမထဲမှာ တက္ကသိုလ်ရနံ့ပါတဲ့ ပန်းချီကားတွေဟောင်း၊ ကားသစ်တွေကို တဝကြီး ကြည့်ရှုခံစားရင်း တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ သီချင်းသံတွေကို နားထောင်နေတဲ့ ပရိသတ်တွေ ရှိသလို၊ အချင်းချင်း စကားစမြည်ပြောနေသူတွေ၊ ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်းရိုက်ယူနေသူတွေလည်း တွေ့ရတယ်။
လာရောက်ကြည့်ရှုတဲ့ ပရိသတ်တယောက်က “မနက်က အဆိုတော် ခိုင်ထူးလည်း လာဆိုသွားတယ်။ အသံက တော်တော်ကို ကောင်းတုန်းပဲ။ နားထောင်ရတာ အရသာရှိလိုက်တာ” လို့ ပြောပါတယ်။ မနက် ၁၁ နာရီ ခွဲလောက်မှာ သီဆိုဖျော်ဖြေပွဲ အစီအစဉ်က ပြီးသွားပြီ။ တီးတဲ့သူတွေက ပစ္စည်းတွေတောင် သိမ်းဆည်းနေပါပြီ။
ခန်းမတခုလုံး ခဏတာ တိတ်ဆိတ်သွားပေမယ့် နားထဲမှာတော့ ခိုင်ထူးရဲ့ စစ်ကိုင်းလမ်း သီချင်းသံ ကြားလိုက်ရသလို ခံစား လိုက်ရတယ်။
“တိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင် … စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့ … ချိန်းထားတဲ့ သဲမြေ ပင်အိုရိပ်ဆီ”
ခန်းမထဲက ပန်းချီကားတွေကတော့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အတိတ်၊ ပျော်ရွှင်ချမ်းမြေ့မှု၊ နာကျည်းမှု၊ ဒေါသ၊ ပီတိ၊ ပညာရေးစနစ်၊ လွမ်းမောဖွယ်ရာ၊ မျက်ရည်၊ အချစ်၊ အပြုံး ရသအားလုံးကို ဖော်ပြနေပါတယ်။ ။