မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို ဗဟိုပြုပြီး စက်တင်ဘာလ ၂၀ရက်နေ့က အင်အား အသင့်အတင့် ရှိသည့် ငလျင် ၃ ကြိမ် ဆက်တိုက် လှုပ်ခတ်သွားခဲ့ရာ ယင်းငလျင်များသည် စစ်ကိုင်းပြတ်ရွေ့နှင့် ဆက်စပ်နေပြီး နောက်ဆက်တွဲ ငလျင်ကြီး များ လှုပ်ခတ်နိုင်ခြေ ရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။
စက်တင်ဘာလ ၂၀ရက်နေ့၊ ညနေ ၅ နာရီ ၅၈ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး ၄ အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ညနေ ၆ နာရီ ၂၃ မိနစ်တွင် သပိတ်ကျင်းမြို့၏ တောင် ဘက် ၅မိုင် ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်စကေး ၅ အဆင့်ရှိ မြေငလျင်ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် သပိတ်ကျင်းမြို့၏ အနောက်မြောက်ဘက် ၄မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်စကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး တနေ့တည်း နာရီပိုင်းအတွင်း ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယခု ငလျင် သည် စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ဆက်စပ်နေပြီး နောက်ဆက်တွဲအနေဖြင့် ကြီးမားသည့် ငလျင် များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဦးစိုးသူရထွန်းက ရှင်းပြသည်။
“ဒီငလျင်လှုပ်သွားတာက ၂ ပိုင်း ရှိတယ်။ ပထမပိုင်း အနေနဲ့ အရင် သပိတ်ကျင်းမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှု ဆိုရင် စိုးရိမ်စရာ မရှိပေမယ့် မြောက်ဘက်ပိုင်း တကောင်းဘက်ခြမ်းမှာရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ပိုင်းနဲ့ ဆက်စပ်နေတယ် ဆိုရင်တော့ စိတ်ပူရတယ်” ဟု ဦးစိုးသူရထွန်းက ဆိုသည်။
သပိတ်ကျင်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် ကမ္ဘာအေးစေတီ၊ စိန်ဖူးတော် မြေခ ခြင်း၊ မြို့ဦးတောင်စေတီ ဘုရားကျောင်းဆောင် အက်ကွဲခြင်း၊ အခြေခံပညာမူလတန်းကျောင်း ၂ ထပ် ကျောင်း ဆောင် မြေထိန်း နံရံများ အက်ကွဲခြင်းများ၊လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အုံများ ပျက်စီးခဲ့ကြောင်း ငလျင် ကြောင့် လူအသေ အပျောက်နှင့် ဒဏ်ရာရသူ မရှိခဲ့ကြောင်းသပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
သပိတ်ကျင်းဒေသခံ ကိုထက်မြတ်မင်းက “ခုလှုပ်တဲ့ ငလျင်က မိုးတွင်းကြီး လှုပ်တာဆိုတော့ ရေကြီး တောင်ပြိုမှာ တွေကို ကျနော်တို့က တွေးပြီး ပူနေတာ။ ငလျင်ကြောင့်တောင်တွေပြိုတယ်ဆိုရင် လူတွေသေနိုင်တယ်။ ရေကလည်း ကြီးနေတယ်လေ။ နောက်ထပ် ငလျင်ကြီးတွေလာမယ်ဆိုရင်တော့ ဒီမြို့တော့ ဘာမှရစရာရှိမှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံ မြောက်ဖျား ပူတာအိုဒေသမှ တောင်ဘက် အက်ဒမန်ပင်လယ်ထဲအထိ ကီလိုမီတာ ၁၀၀၀ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့သည် ပုံမှန်အားဖြင့် နှစ် ၁၀၀ ဝန်းကျင်တွင် တကြိမ် အင်အား ရစ်ချ်တာစကေး ၇ မှ ၇ ဒသမ ၅ အဆင့်ရှိ ပြင်းထန်သည့် ငလျင်ကြီးများ လှုပ်လေ့ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့၏ မြောက်ဘက်ပိုင်းတွင် ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့ သော စစ်ကိုင်း ငလျင်ကြီးကြောင့် လူအသေ အပျောက်များခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင်နှင့် ရွှေဘိုခရိုင်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအသေ အပျောက်ရှိခဲ့ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းတွင်မူ ၁၉၃၀ ခုနှစ်က အင်အား ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်များ ထပ်မံ မလှုပ်ခတ်တော့ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်း တောင်ဘက်မှ ရန်ကုန်မြို့ သုံးခွမြို့နယ် အထိ အင်အား ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
“စစ်ကိုင်းပြတ်ရွေ့မြောက်ပိုင်း စဉ့်ကူး Segmentမှာ ၁၉၅၆ ကလှုပ်ခဲ့တယ်။ သူ့မြောက်ဘက် တကောင်းမှာ ၁၉၉၁ က လှုပ်ခဲ့တယ်။ ကျန်တဲ့အပိုင်း တောင်ဘက်ခြမ်းအားလုံးက ၁၉၃၀ ကနေနောက်ပိုင်းမှာ မလှုပ်တော့ဘူး။ အဲဒီတော့ အားလုံးက နှစ် ၈၀၊ ၉၀ လောက်ရှိနေပြီ။ တောင်ဘက်ဆိုရင် ပဲခူးမှာ ၁၉၃၀ က ပြင်းအား ၇ ဒဿမ ၃ အဆင့်ရှိတဲ့ ငလျှင် လှုပ်ခဲ့ဖူးတယ်။ အဲဒီကတည်းက ထပ်မလှုပ်တော့ဘူး။ အခုအခြေအနေက မန္တလေးမြို့ရဲ့တောင်ဘက် ကနေစပြီး ရန်ကုန်သုံးခွအထိက စိုးရိမ်ရမယ့်အနေအထားမှာ ရှိနေတယ်။ အခုအချိန်မှာ လှုပ်မယ်ဆိုရင် ငလျှင်ပြင်းအားက ၆ ဒဿမ ၈ ထက် ပိုများနိုင်တယ်။ ပြင်းအား ၇ သို့မဟုတ် ၇ ထက်ကြီးနိုင်တယ်။ မန္တလေးရဲ့ တောင်ဘက်ကနေစပြီးတော့ ရန်ကုန်အထိပေါ့´´ ဟု ဦးစိုးသူရထွန်းက ရှင်းပြသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင်နှင့်ရွှေဘိုခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျပျက်စီးသည့် အဆောက် အဦပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၉၂ ဒသမ ၅ သိန်းခန့် ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။