ယနေ့ခေတ်စီးပွားရေးနယ်ပယ်မှာ အမျိုးသားများနှင့် ရင်ဘောင်တန်းကာ လုပ်ကိုင်နေသည့် အမျိုးသမီးစီးပွားရေးလုပ်ငန်း ရှင်များအတွက် အင်အားဖြစ်စေမယ့် အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ကာ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင် ရွက်ဖို့ မန္တလေးမြို့မှာ မြန်မာအမျိုးသမီးစီးပွားရေးနှင့် လူမှုရေးအသင်းကို ၂၀၁၅ ဒီဇင်ဘာ၂၆ ရက်က ဖွဲ့စည်းခဲ့ပါတယ်။
အသင်းဝင်အမျိုးသမီးလုပ်ငန်းရှင် အများစုဟာ မန္တလေးမြို့မှာ နာမည်ရနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ကြတယ်လို့ သိရပါတယ်။ အသင်းဥက္ကဌအဖြစ် တာဝန်ယူထားသူ ဒေါ်ခင်လေးမြင့်သည် လက်ရှိတွင် ကျောက်မျက်ရတနာ အရောင်း ဆိုင်နှင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေပြီး မန္တလေးတိုင်းကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှာ ဒုဥက္ကဌတာဝန်ယူ ထားသူတဦးလည်းဖြစ်ပါတယ်။
စီးပွားရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးအသိုက်အဝန်းကို အသင်းအနေနဲ့ ဘာတွေ အထောက်အကူပြုပေးမလဲဆိုတာ သိရဖို့အတွက် အသင်းဥက္ကဌ ဒေါ်ခင်လေးမြင့်နှင့် ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အမျိုးသမီးတွေချည်း စုစည်းပြီး အသင်းဖွဲ့ဖြစ်တဲ့ ရည်ရွယ်ချက်ကို အရင်ပြောပြပေးပါ။
ဖြေ ။ ။ အသင်းအနေနဲ့ ဖွဲ့ဖို့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းကပေါ့။ မန္တလေးမှာရှိတဲ့ စီးပွားရေးလုပ်နေကြတဲ့ အမျိုးသမီး တွေနဲ့ လုပ်ငန်းတူရာ အစုလေးတွေ စုမိကြတယ်။ အဲဒီလို စုမိတော့ အားလုံးကလည်း လုပ်ငန်းရှင်တွေဖြစ်တယ်။ အဲဒါနဲ့ ကိုယ့်စီးပွားရေးကို ဘယ်လိုပုံစံမြှင့်တင်ကြမလဲဆိုပြီး အမျိုးသမီးတွေချည်း ပေါင်းစုပြီး အသင်းဖွဲ့ဖြစ်သွားပါတယ်။ ရည်ရွယ် ချက်ကတော့ အမျိုးသမီးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရှိတဲ့အင်အားနဲ့ ကူညီသွား နိုင်ဖို့ပါ။
မေး ။ ။ အသင်းမှာ ဘယ်လိုစီးပွားရေးကဏ္ဍက အမျိုးသမီးတွေ ပါဝင်ပါသလဲ။
ဖြေ ။ ။ ဆောက်လုပ်ရေး၊ စိန်တိုက်လုပ်ငန်း၊ အဝတ်အထည်၊ သတ္တုတူးဖော်ရေး၊ စက်ပစ္စည်းရောင်းဝယ်ရေး၊ ကျောက်မျက် ရတနာကုန်သည်၊ စားသောက်ကုန်လုပ်ငန်းကို လုပ်နေတဲ့ အမျိုးသမီးတွေ ပါပါတယ်။ ကဏ္ဍစုံတယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ အသင်းအဖြစ် ဘယ်နေ့က မှတ်ပုံတင်ရပါသလဲ။
ဖြေ ။ ။ ၂၀၁၅ ဒီဇင်ဘာမှာ တရားဝင်အသင်းအဖြစ် မှတ်ပုံတင်ကျပါတယ်။ အသင်းရဲ့ သင်းဖွဲ့စည်းမျဉ်းကိုတော့ မောင်နှမ အသင်းလို့ ပြောရမှာပေါ့၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကြီးရဲ့သင်း/ ဖွဲ့စည်းမျဉ်းထဲ က ကိုယ်အသင်းနဲ့ ကိုက်ညီမယ့် အချက်တွေကို မှီငြမ်းကိုးကား ရယူလိုက်ပါတယ်။
မေး ။ ။ နောင်နှစ်တွေမှာ အသင်းဥက္ကဌကို ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်သွားမှာပါလဲ။
ဖြေ ။ ။ အခု လောလောဆယ်မှာတော့ ဥက္ကဌတဦးနဲ့ ဒုဥက္ကဌ လေးဦး၊ အီးစီ၊ စီအီးစီပေါ့။ ဒါတွေကို တနှစ်တခါ မဲစနစ်နဲ့ပဲ ဆောင်ရွက်သွားမှာပါ ဖြစ်ပါတယ်။ မကြိုက်လည်း တနှစ်ပေါ့။ ကြိုက်ရင် မဲထပ်ပေးပေါ့။ ဒီလိုပုံစံနဲ့ သွားပါမယ်။
မေး ။ ။ လက်ရှိမှာ အသင်းဝင်ဦးရေ ဘယ်လောက် ရှိပြီလဲ။ မန္တလေးမြို့ပြင်ပက အသင်းသားတွေကော ရှိပါသလား။
ဖြေ ။ ။ အခုလောလောဆယ်တော့ ၁၀၀ ကျော်လောက်ပဲရှိပါသေးတယ်။ ဖွဲ့စည်းတာလည်း မကြာသေးတော့လေ။ မုံရွာ၊ ပုဂံ၊ ပြင်ဦးလွင်က အသင်းသားတွေ ပါပါတယ်။ မန္တလေးမြို့ထဲကတော့ ပိုများတာပေါ့။
မေး ။ ။ အသင်းဝင်ချင်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားပါသလဲ။ အသင်းဝင်ကြေးကို ဘယ်လိုပုံစံသတ်မှတ်ထားပါသလဲ။
ဖြေ ။ ။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ လုပ်ငန်းလုပ်ကိုင်နေကြောင်း ထောက်ခံချက် ဒီလောက်ပါပဲ။ အရင်ကတော့ အသင်းဝင်လုပ်ငန်းရှင်ရဲ့လုပ်ငန်းလိုင်စင်ကို တောင်းတယ်။ ဒါပေမယ့် တချို့ကျတော့ အကျိုးဆောင်ပုံစံမျိုးလေးတွေ ရှိ တော့ လုပ်ငန်းလိုင်စင်ကြောင့် အသင်းဝင်ဖို့ အခက်အခဲဖြစ်မှာစိုးလို့ အဲဒါကို ဖြေလျှော့လိုက်ပါတယ်။ အသင်းဝင်ကြေးကို တဦး တသိန်းသတ်မှတ်ပါတယ်။ နှစ်စဉ်ကြေးက နှစ်သောင်းကျပ်ပါ။
မေး ။ ။ အသင်းတခုဖွဲ့စည်းပြီးပြီဆိုတော့ အမျိုးသမီးလုပ်ငန်းရှင်တွေအတွက် ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ အစီ အစဉ်ရှိပါသလဲ။
ဖြေ ။ ။ အသင်းရဲ့နာမည်မှာကိုက စီးပွားရေး၊ လူမှုရေးလို့ပါဝင်ပါတယ်။ စီးပွားရေးကဏ္ဍက အခက်အခဲတွေကို လက်တွဲ ဖြေရှင်းဖို့ ပါဝင်သလို လူမှုရေးမှာလည်း လစဉ်ပုံမှန် အသင်းအင်အားနဲ့ နိုင်သလောက် လုပ်သွားဖို့ အစီအစဉ်တွေ အများ ကြီးရှိပါတယ်။ စီးပွားရေးကဏ္ဍမှာ အသင်းဝင်တွေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို တလတခါလုပ်တဲ့ စီအီးစီ အစည်းအ ဝေးမှာ ပြောပြီး လိုအပ်တာတွေ တိုင်ပင်ဆွေးနွေးသွားပါမယ်။ လူမှုရေးမှာ လိုအပ်တဲ့ ပရဟိအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းတွေမှာ ငွေကြေးအားဖြင့်၊ လုပ်အားဖြင့် တလတကြိမ် အလှူတခုလုပ်မယ်။ ပြီးခဲ့တဲ့လကဆိုရင် မန္တလေးမြို့သစ်က HIV/AIDS ကူးစက်ခံ မိဘမဲ့ကလေးကျောင်းမှာ အုတ်တံ တိုင်း လိုအပ်တယ်ဆိုလို့ လှူခဲ့ပါတယ်။ နောင်လည်း ဒီလိုတွေ ဆက်လှူသွားမှာပါ။ ပြီးခဲ့တဲ့လကပဲ အသင်းဝင်တွေ အ တွက် ဘာသာစကားသင်တန်း (အင်္ဂလိပ်စာ) လေးဖွင့်ဖြစ်ခဲ့ပါတယ်။
မေး ။ ။ အမျိုးသမီးလုပ်ငန်းရှင်တွေအနေနဲ့ အများဆုံးကြုံတွေ့ရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ ။ ။ အဓိကက အခက်အခဲဆိုတာထက် တိုင်ပင်ချင်တာပါ။ အထူးသဖြင့် ယောက်ျားသားမရှိတော့ဘဲ အိမ်စီးပွားရေးကို ဆက်လုပ်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေမှာ သူတို့ ရှေ့ဆက်ဘာလုပ်သင့်လဲ ဆိုတာမျိုးကို တိုင်ပင်ချင်ကြတယ်။ ခက်ခဲ နေလို့ မဟုတ်ဘူး။ အသင်းမှာပါတဲ့သူတွေက တော်တော် တော်ကြပါတယ်။ တချို့ဆို အမျိုးသမီးပေမယ့် အိမ်ရဲ့စီးပွားရေး ကို ဦးဆောင်နေကြတယ်။
မေး ။ ။ အသင်းရဲ့ ဘဏ္ဍာရေးကို ဘယ်လို စီမံခန့်ခွဲပါသလဲ။
ဖြေ ။ ။ အသင်းဝင်ကြေးတွေအားလုံးကို ဘဏ်မှာ အပ်ထားပါတယ်။ ဘဏ္ဍာရေးမှူး သုံးဦးထားပါတယ်။ အထွေထွေ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ရဲ့လက်မှတ်နဲ့ပဲ ဒီငွေကြေးတွေကို လုပ်ပိုင်ခွင့်ရှိမယ်။ အခုလောလောဆယ်တော့ အ သင်းဘဏ္ဍာကလည်း ပြောသလောက် မများသေးသလို ထုတ်သုံးဖို့လည်း မလိုသေးတဲ့အခြေအနေပါ။ အလှူအတန်း ကိစ္စ တွေမှာလည်း အသင်းဝင်တွေက ကိုယ်သဒ္ဒါသလောက် လှူဒါန်းကြတယ်။ နိုင်သလောက်ပေါ့။
မေး ။ ။ မြန်မာအမျိုးသမီးစီးပွားရေး၊ လူမှုရေးအသင်းဆိုတော့ တိုင်ရင်းသားလုပ်ငန်းရှင်တွေကော အသင်းမှာ ပါဝင်ပါ သလား။
ဖြေ ။ ။ ပါပါတယ်။ ဒါပေမယ့် နည်းပါသေးတယ်။ ထပ်ပါဝင်ဖို့ ကျမတို့က စည်းရုံးဆွဲဆောင်ရမှာပေါ့။
မေး ။ ။ အမျိုးသမီးတွေလည်း ဖြစ်တယ်။ အသက်အရွယ်အားဖြင့်လည်း အိမ်ရှင်မတွေ၊ မိခင်တွေလည်း ဖြစ်တယ် ဆို တော့ မိသားစုက ဒီလိုလူမှုရေးလုပ်ငန်းတွေလုပ်တာကိုကော ကြည်ဖြူပါသလား။
ဖြေ ။ ။ သူတို့ မကြည်ဖြူရင် ဒီလိုမျိုးလည်း မလုပ်နိုင်ပါဘူး။ မိသားစုက ပံ့ပိုးပေးကြပါတယ်။ ကိုယ်က အမျိုးသမီးဖြစ် တယ်၊ အိမ်ရဲ့အရှင်သခင်မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အိမ်တွင်းပုန်းရမယ့်ခေတ်က ကုန်သွားပါပြီ။ အမျိုးသမီးတွေလည်း ကိုယ်ကျင်လည်တဲ့နေရာမှာ ကိုယ့်အသိုက်အဝန်းလေးကို ဖွံ့ဖြိုးသာယာလာအောင် လုပ်ဖို့ လိုအပ်ပါတယ်။
မေး ။ ။ အသင်းတသင်းဖြစ်လာပြီဆိုတော့ အသင်းရဲ့လုပ်ဆောင်ချက်တွေ၊ အရေးကြီးတဲ့ကိစ္စတွေမှာ ဘယ်လိုပုံစံမျိုး ဆုံး ဖြတ်ပါသလဲ။ အသင်းသားတွေရဲ့ဆန္ဒကိုရော ရယူပါသလား။
ဖြေ ။ ။ လဆန်းမှာ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး လုပ်ပါတယ်။ လကုန်မှာတော့ အီးစီ၊ စီအီးစီ အစည်းအဝေး လုပ် တယ်။ တက်ချင်တဲ့အသင်းဝင်တိုင်း လာတက်နိုင်ပါတယ်။ အစည်းအဝေးတက်တဲ့ အီးစီ ၂၅ ရာခိုင်နှုန်းက ထောက်ခံရင် ဆုံးဖြတ်ချက်အတည် သတ်မှတ်ပါတယ်။
မေး ။ ။ မန္တလေးမြို့က အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ စုစည်းပြီး ပထမဆုံးဖွဲ့စည်းတဲ့ အသင်းဖြစ်တဲ့ အတွက် စီး ပွားရေးနယ်ပယ်အသီးသီးက အမျိုးသမီးလုပ်ငန်းရှင်တွေကို ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ ။ ။ အသင်းဝင်ထားသည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဘယ်လိုအခက်အခဲပဲရှိရှိ အသင်းနဲ့လာရောက် တိုင်ပင်နိုင်ပါ တယ်။ သူနဲ့စကားပြောကြည့်မှလည်း သူ ဘာလိုအပ်တယ်၊ ဘာဖြစ်တယ်ဆိုတာ သိနိုင်မယ်။ ဒါမှ သူနဲ့ ကိုက်ညီတဲ့ အကူ အညီတွေ ပေးနိုင်မှာလေ။ အသင်းမှာ နယ်ပယ်စုံက အတွေ့အကြုံရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ အခုလောလောဆယ်မှာ ငွေ ကြေးအကူအညီ အစီအစဉ်မရှိသေးပေမယ့် အသင်းဘက်က ဆွေးနွေးတိုင်ပင်ဖို့၊ အသင်းနဲ့ကိုက်ညီတဲ့ အကြံဉာဏ်တွေ ပေးဖို့ Welcome ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။