ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှုကျူးလွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက် တရားစွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“တရားရုံးက အမှုကိုစစ်နေဆဲ၊ အဆုံးအဖြတ် ဘာမှမလာသေးဘူး။ အဲဒါကို မီဒီယာက ဘယ်သူဟာ ဘာပြစ်မှုကို ကျူးလွန်တယ်၊ ဘာအပြစ်ရှိတယ်လို့ ရေးတာဟာ တရားရုံးအလုပ်ကို အနှောက်အယှက် ပေးရာကျပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း တရားလွှတ်တော်ကလည်း အဆိုပါ ဂျာနယ်နှစ်စောင်အား တရားစွဲဆိုသည့် အမှုကို လက်ခံထားကြောင်း၊ မကြာမီ ဆင့်ခေါ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။
ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပါတီအောင်နိုင်ရေးတာဝန်ကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲရုံတချို့တွင် ဖယောင်းသုတ်ကာ မဲမသမာမှုများရှိသည့်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကော်မရှင်က မမှန်မကန် သတင်းပေးသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသူဖြစ်သည်။
အဆိုပါ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ပြည်မြန်မာနှင့် Messenger ဂျာနယ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြည်မြန်မာဂျာနယ်သို့ ဆက်သွယ်၍ မရခဲ့ပေ။ Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင်ကမူ တရားစွဲဆိုမှုကို မသိရှိကြောင်း ပြောသည်။