မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကားပြောလိုသည်ဟု အလွတ်သဘော ကမ်းလှမ်းကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံစကားပြောလိုသည်ဟု သံရုံးဝန်ထမ်းတဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဧရာဝတီကို ပြောသည်။
ယင်းဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးခံရသည့် အရေးကိစ္စတွင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အချိန်မီ ဖြေရှင်းပေးနိုင်စွမ်း အားနည်းခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ထားသည့် ရခိုင်အမျိုးသား ကွန်ရက်၏ သဘောထားထုတ်ပြန်ချက်အား သံရုံးသို့ သွားပို့ခဲ့သည့် ယခုလ ၆ ရက်နေ့တွင် အဆိုပါသံရုံးဝန်ထမ်းမှတဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
“တရားဝင် သံရုံးကနေ စာပို့ပြီး ကမ်းလှမ်းတာ မဟုတ်ဘဲ ဝန်ထမ်းက ပါးစပ်အပြောလေးနဲ့ ပြောလိုက်တာဖြစ်လို့ ကျနော်တို့က မတွေ့နိုင်ပါဘူး၊ ဒီကိစ္စကိုလည်း ကုလသမဂ္ဂဆီ တိုင်စာပို့ထားပါတယ်” ဟု ကိုတင်ထူးအောင်က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ လုံခြုံဘေးကင်းရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အ၀ ကာကွယ်ပေးရန် တောင်းဆိုထားသည့်စာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးထံ ပေးခဲ့ကြောင်း၊ ဘုန်းတော်ကြီးများနှင့် ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းတချို့ ပူးပေါင်းကာ ရန်ကုန် အင်းလျားလမ်းရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လူအင်အား ရာချီ၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
“ရခိုင်-ရိုဟင်ဂျာ အရေးက ပြည်တွင်းမှာပဲ ဖြစ်တာပါ၊ ပြည်တွင်း ပြဿနာကို ပြည်တွင်းကလူတွေနဲ့ပဲ ပြီးအောင် ရှင်းတာကို လိုချင်တာပါ။ ဒါကို အပြင်က မွတ်စလင် နိုင်ငံတွေမှာပါ အခုလို ဖြေရှင်းကြတာမျိုး လုံး၀ မလိုချင်ပါဘူး။ အတွင်းမှာပဲ ပြေလည်အောင် ဖြေရှင်းစေချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သည့် သာဓုကျောင်းတိုက်မှ ဆရာတော် ဦးပညာနန္ဒက ပြောသည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း (OIC) ရုံးများ ဖွင့်လှစ်ရန်ကိစ္စကို လက်မခံနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖျက်ဆီးခံခဲ့ရသော သာသနိက အဆောက်အဦးများနှင့် ဗုဒ္ဓ ဆင်းတုတော်များအား ရှေးမူ လက်ရာအတိုင်း ပြန်လည်တည်ဆောက်ပေးစေချင်ကြောင်းနှင့် ဖျက်ဆီးသူများကိုလည်း ယင်းနိုင်ငံဥပဒေ၊ နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်လိုကြောင်း စသည့် အချက်များ ပါဝင်သည့် တောင်းဆိုချက် ၁၄ ချက်ကို ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သံရုံးမှတဆင့် အမေရိကန်သံရုံးသို့ သွားရောက်ခဲ့ကြပြီး လစ်ဗျား နိုင်ငံတွင် အကြမ်းဖက်သမားများကြောင့် သေဆုံးသွားခဲ့သော အမေရိကန် သံအမတ်ကြီး Mr. Christopher Steven အတွက် လွမ်းသူ့ပန်းခြင်း သွားချခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် ယခုလ ၄ ရက်နေ့က ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၂၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ယင်းပြဿနာများအား ဖြေရှင်းပေးရန် သွားရောက် တောင်းဆိုခဲ့ကြသည်။
အစ္စလမ်ဘာသာဝင်တို့၏ ကိုရမ်ကျမ်းအား စော်ကားသည့် အဓိပ္ပာယ် သက်ရောက်သည့် ဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် မရမာ လူငယ်တဦးက ၎င်း၏ Facebook စာမျက်နှာပေါ် တင်လိုက်ရာမှ စတင်၍ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါဒေသမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များအား အစ္စလမ် အစွန်းရောက်များက ဖျက်ဆီးခဲ့သည်။
ရခိုင်အမျိုးသား ကွန်ရက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိင်ငံ၏ ဖြေရှင်းချက်များအား စောင့်ကြည့်နေဆဲ ဖြစ်သောကြောင့် လက်ရှိအချိန်တွင် သံအမတ်ကြီး၏ ကမ်းလှမ်းချက်ကို လက်မခံလိုသေးကြောင်း ကိုတင်ထူးအောင်က ဆိုသည်။