စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်ရှိ သာသနိကနေရာများကို ထိန်းသိမ်းရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတခုအား သံဃာတော်များ၊ လယ်သိမ်းခံ လယ်သမားများနှင့် ဒေသခံ နှစ်ထောင်ကျော်တို့က ယနေ့နံနက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည့် လက်ပံတောင်း တောင်ကြောပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ရွှေမြင်တင် တောင်ပေါ်သို့ စီတန်းတက်ရောက်ကာ အဆိုပါ တောင်ထိပ်ရှိ အနုမြူကပ်ကျော် စေတီတော်ကို ရွှေသင်္ကန်း ကပ်လှူခဲ့ကြခြင်းဖြစ်သည်။
“ပတ်ဝန်းကျင်ရွာတွေမှာဆို ဘုန်းကြီးကျောင်းတွေ မရှိတော့ဘူး။ ပြောင်းခံရတယ်။ အခု စေတီလေးမှာ ဆရာတော်တပါး သီတင်းသုံးတယ်။ နှစ်တိုင်းလည်း ရွှေသင်္ကန်း ကပ်နေကျ။ အခုလည်း အဲ့လို သွားကပ်တာ။ ဒီပတ်ဝန်းကျင်က သာသနိက အဆောက်ဦတွေ မပျက်စီး မပျောက်ဆုံးစေချင်လို့ ဝိုင်းကာကွယ်ပေးကြဖို့ ဆန္ဒထုတ်ဖော်တဲ့ သဘောပါ။ ပုဒ်မ ၁၄၄ ထုတ်ထားလို့ ဖမ်းမယ်ဆိုလည်း ဖမ်းပါစေ” ဟု ပါဝင်ခဲ့သူ ဝက်မှေးရွာသားတဦးက ပြောသည်။
အဆိုပါ လက်ပံတောင်း တောင်ကြောတဝိုက်နေရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းကြောင့် တာဝန်ကျ ရဲဝန်ထမ်းများက တားဆီးခဲ့သော်လည်း သံဃာတော်များနှင့် ညှိနှိုင်းပြောဆိုပြီးနောက် တောင်ပေါ်သို့ တက်ခွင့်ရခဲ့သည်ဟု ဆိုသည်။
ကြေးနီစီမံကိန်းကြောင့် လယ်မြေများ သိမ်းဆည်းခံခဲ့ရသည့် ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုသည့် မီးပုံးပျံ ၂၆ လုံးကိုလည်း လွှတ်တင်မည်ဖြစ်ပြီး အဆိုပါ မီးပုံးပျံများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ရပ်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုစာများကို ချိတ်ဆွဲကာ အမြင့်ပေါ်သို့ ရောက်သည်နှင့် အဆိုပါ စာရွက်များ ပြန့်ကြဲကျစေရန် ပြုလုပ်ထားသည်ဟုလည်း သိရသည်။
ထို့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ဖွဲ့ဆိုထားသည့် သံချပ်သီချင်း သီဆိုမှုများနှင့် ပြဇာတ်ကပြဖျော်ဖြေမှုကိုလည်း ဝက်မှေးကျေးရွာတွင် ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်မှာ ၃ လနီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိသေးကြောင်း၊ သို့သော်လည်း စီမံကိန်း ရပ်တန့်သည်အထိ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်နေဦးမည် ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး လှုပ်ရှားသူများက ပြောသည်။
“ပြည်သူတွေလိုအပ်တာ ဖြည့်ဆည်းဖို့ ပြည်သူတွေရဲ့အသံနားထောင်ဖို့ လိုတယ်လို့ ပြောနေကြလို့ ပြည်သူ့ညီလာခံ လုပ်ပြီးပြီ။ ပြည်သူ့အသံတွေလည်း ထုတ်ဖော်ပြီးပြီ။ လုပ်ပေးဖို့က သူတို့ဖက်ကအပိုင်း။ မလိုက်လျောမချင်း ကျနော်တို့ကတော့ ပုံစံမျိုးစုံနဲ့ ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ လုပ်နေမှာပဲ” ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆားလင်းကြီးမြို့နယ်တွင် မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ ဦးဆောင်ပြုလုပ်ခဲ့သော လက်ပံတောင်း စီမံကိန်းအရေး ဆွေးနွေးပွဲတွင် ဒေသခံများ၊ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခွင့် မရခဲ့သကဲ့သို့ ဆွေးနွေးပွဲမှ အကြောင်းအရာများကိုလည်း အများပြည်သူသို့ တင်ပြဆွေးနွေးခြင်းမရှိသောကြောင့် လက်ပံတောင်း အရေးမှာ အဖြေရရန် ကြန့်ကြာနေဦးမည်ဟု ဆန္ဒပြသူများက ဆိုသည်။
ယမန့်နေ့ ညနေခင်းကလည်း လယ်သိမ်းခံ လယ်ပိုင်ရှင် လယ်သမားများက ကြေးနီစီမံကိန်း ဧရိယာအတွင်း မြေထိုးမြေကော်နေသော စက်များရှေ့တွင် ပိတ်ဆို့တားဆီးက မြေထိုးမြေကော်လုပ်ငန်းများ မလုပ်ရန် ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ယခုလို ပြဿနာများ ဖြစ်လာခြင်းသည် လက်ရှိအစိုးရအနေဖြင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုမရှိ၍ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဝေဖန်ပြောဆိုခဲ့သေးသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကြေးစင်တောင်၊ စံပယ်တောင်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ကြေးနီတူးဖော်ရေး လုပ်ငန်းကို မြန်မာအိုင်ဗင်ဟို ကုမ္ပဏီနှင့် မြန်မာ့သတ္တုတွင်း ဝန်ကြီးဌာနတို့က ၁၉၈၀ တွင် စတင်လုပ်ကိုင်ခဲ့သည်။
မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ပိုင် ဝမ်ပေါင် ကုမဏီတို့သည် ၂၀၁၁ ခုနှစ်မှ စတင်၍ လက်ပံတောင်း ဒေသတွင် ကြေးနီတူးဖော်ရေး စီမံကိန်းကို စတင် လုပ်ဆောင်ခဲ့သည်။ ထိုစီမံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာ ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရသည်။
သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ဇူလိုင်လဆန်းမှ စတင်ခဲ့ပြီး သြဂုတ်လတွင်မှု ဒေသခံ အာဏာပိုင်များက လယ်သမားခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည့်အတွက် ဆန္ဒထုတ်ဖော်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။