ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံတွင် မုတ်သုန်မိုး ပိုမိုအားကောင်းနေပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသတချို့တွင် မိုးဆက်လက်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ပြန်လည်ဖြစ်ပွားနေ ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် စက်တင်ဘာ ၁၅ ရက် ညနေ ပိုင်းတွင် မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ပြီး ယင်းအကျိုးဆက်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့ မိုးပိုမိုလာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ပြောသည်။
“မိုးရွာသွန်းမှုကြောင့် ရေကြီးတဲ့ အခြေအနေကတော့ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။ အရှေ့ဘက်မှာ ဖြစ်နေ တဲ့ တိုက်ဖွန်းမုန်တိုင်းရဲ့ အကျိုးဆက်ကြောင့် တနင်္သာရီတိုင်းဘက်မှာတော့ မိုးရွာမယ်။ တကယ်လို့ တနသာၤရီဘက် မဖြစ်လာ ဘူး ဆိုရင် ဟင်္သာတတို့၊ ညောင်တုန်းတို့၊ ဇလွန်တို့ဘက်ကို ရောက်သွားနိုင်တယ်။ ဒါပေမယ့် အခုကအဲဒီဘက်ကို မသွားနိုင်ဘူးလို့ မှန်း ထားတယ်”ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန (မိုး/ဇလ)၏ ယမန်နေ့ နေ့လယ်ပိုင်း တိုင်းထွာချက်များအရ လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ သည် မြင့်တက်နေပြီး ဧရာဝတီမြစ်ရေကြောင့် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ ပြည်မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့များတွင် စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ဟင်္သာတမြို့နှင့် ဇလွန်မြို့များ၌ မြစ်ရေမြင့်တက်မှု အခြေအနေသည် စိုးရိမ်ရေမှတ်အထက် တပေခွဲခန့်စီတွင် ရှိနေပြီး နောက် ၃ ရက် အတွင်း ပေဝက်ခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများက ဆိုသည်။
အလားတူ ငါးသိုင်းချောင်းမြို့၏ ငဝန်မြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်အထက် တပေခွဲခန့် ကျော်လွန်နေပြီး နောက် ၃ ရက် တွင် ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်သည်ဟု မိုး/ဇလ က အသိပေးထားသည်။
ထိုသို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်၏ ကျေးရွာတချို့ကို ပြောင်းရွှေ့ရန် စီစဉ်နေ ကြောင်း ဟင်္သာတဒေသခံများက ပြောပြသည်။
“ကျနော်တို့ကို မနေ့က လာအသိပေးတာ။ ရေကြီးရင် ပြောင်းရွှေ့နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ ပြောတယ်။ လိုအပ်ရင် မြို့ပေါ်မှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်း သွားရမယ်လို့ အသိပေးထားတယ်”ဟု ဟင်္သာတမြို့အနီးမှ ရွာသားတဦး ဖြစ်သူ ဦးအောင်မျိုးဦး က ပြောသည်။
ရွှေ့ပြောင်းလာကြမည့် ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်း ၂၈ ခုကို ဟင်္သာတမြို့ပေါ်တွင် ဖွင့်လှစ်ထားကြောင်း လည်း ဟသာၤတ ဒေသခံများက ပြောဆိုကြသည်။
အဆိုပါ မုန်တိုင်းငယ်၏ အကျိုးဆက်အရ ဖြစ်ပေါ်လာသည့် မိုးရွာသွန်းမှုများကြောင့် ရေဖုံးလွှမ်းခံရမည့် အခြေအနေကို ချင်းတွင်းမြစ် အောက်ပိုင်းဒေသ (မုံရွာ)၊ ဧရာဝတီမြစ် အောက်ပိုင်းဒေသ (ညောင်တုန်း)၊ ငဝန်မြစ် (ငါးသိုင်းချောင်း) ဒေသများတွင် ရေဖုံးလွှမ်း ခံရမှု အနည်းငယ် ဆက်လက်ရှိနိုင်ကြောင်းနှင့် နောက် ၂ ရက်အတွက် ခန့်မှန်းချက်များအရ တနင်္သာရီတိုင်း ဒေသကြီးတွင် မိုးပိုလာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။