လှိုင်းတွေ တဖွေးဖွေးနဲ့ ကမ်းခြေတွေဆီကို အပန်းဖြေ ထွက်ချင်သူတွေအတွက် အခုလိုအချိန်မျိုးဟာ အသင့် လျော်ဆုံးနဲ့ အဆင်အပြေဆုံး ရာသီဥတုပဲလို့ ပြောရမှာပါ။ သွားဖို့သင့်လျော်တဲ့ ရာသီဥတုကို ရွေးပြီးပြီ ဆိုရင် ဘယ်ကမ်းခြေကို သွားကြမလဲဆိုတာကလည်း ထပ်စဉ်းစားရဦးမယ်။ ဘင်္ဂလားပင်လယ်နဲ့ ကပ္ပလီပင်လယ်တို့ က အနားသတ်ထားတဲ့ မြန်မာပြည်မှာ သဘာဝက ပေးထားတဲ့ ကမ်းခြေတွေ သိပ်များတော့ ရွေးချယ်စရာတွေ ကလည်း များပါတယ်။ ဧရာဝတီတိုင်းမှာ ငွေဆောင်၊ ချောင်းသာ၊ တနင်္သာရီတိုင်းထဲမှာ မောင်း မကန်၊ မွန် ပြည်နယ်မှာ စက်စဲနဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ကမ်းသာယာ၊ ငပလီတို့ကတော့ လူသိများပြီး နာမည်ကျော်ကြား တဲ့ ကမ်းခြေတွေပေါ့။
အဲဒီထဲမှာ ရန်ကုန်ကနေ သွားရ၊ လာရ လွယ်ကူပြီး အချိန်တိုတိုနဲ့ ရောက်နိုင်တဲ့ ဧရာဝတီတိုင်းက ကမ်းခြေ ၂ ခုကို အများစုက ရွေးချယ်လေ့ ရှိပါ တယ်။ အပန်းဖြေခရီးထွက်ဖို့ ဝါသနာပါလှတဲ့သူတွေ အတွက် ချောင်းသာနဲ့ ငွေဆောင် တခုခုကိုတော့ ရွေးချယ်ဖူးမှာ သေချာပါတယ်။ ဧရာဝတီတိုင်းထဲက ကမ်းခြေတွေကို သွားလည်ဖူး ပြီးပြီ၊ ဒီတခါတော့ မြန်မာပြည် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကမ်းခြေ တခုခုကို ရွေးချယ်ချင်တယ်လို့ စိတ်ကူး ပေါ်နေသူတွေအတွက် ငပလီကမ်းခြေကို လမ်းညွှန်လိုက်ပါရစေ။
လမ်းပန်း ဆက်သွယ်ရေး ဝေးလွန်းမယ်ထင်လို့ ဒါမှမဟုတ် ငွေကုန်ကြေးကျ သိပ်များလွန်းမယ်ထင်လို့ ပြည်တွင်းခရီးသွား တော်တော်များများက ငပလီ ခရီးစဉ်ကို ရွေးချယ်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ တကယ် တော့ ဒီနေ့ညနေ ကားကိုစီးရင် နောက်နေ့ နံနက်မိုးမလင်းခင်မှာပဲ ငပလီနဲ့ ၄ မိုင် ၃ ဖာလုံပဲ ဝေးတဲ့ သံတွဲမြို့ကို ရောက်ပါပြီ။ သံတွဲမြို့ကနေ တဆင့် ငပလီကို သုံးဘီးတက္ကစီနဲ့ဖြစ်စေ၊ ဆိုင်ကယ် ကယ်ရီနဲ့ဖြစ်စေ ခရီးဆက် ရမှာ ဖြစ်ပါတယ်။ ၁၀ မိနစ်လောက် မောင်းရင် ငပလီကိုရောက်ပါပြီ။
တချို့က ငပလီကို ဒီလိုအဓိပ္ပာယ်ဖွင့်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ အချိန်ကာလတုန်းက ငပလီဖြစ် လာမယ့်နေရာကို အီတလီလူမျိုးတယောက် ရောက်ရှိလာပါသတဲ့။ အဲဒီချိန်မှာ အီတလီက နေပယ်လ်ကမ်းခြေ နဲ့ တူနေတဲ့အတွက် နေပယ်လ်လို့ အမည်ပေးခဲ့ရာက ငပလီဖြစ်လာတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ၁၉၉၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒွါရာဝတီ မဂ္ဂဇင်းထဲမှာတော့ ဆောင်းပါးရှင် ပံသုဥက္ကာက သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို ကျမ်းကိုးတွေနဲ့အတူ ဒီလိုဖော်ပြခဲ့ပါတယ်။
“သီရိဝိဇယ ဗိုလ်မင်းလက်ထက် (ကောဇာ သက္ကရာဇ် ၃၈ ခုနှစ်) တွင် ဒွါရာဝတီ သံတွဲမြို့၌ ပိုက်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြ သည်။ ပင်လယ်ကမ်းခြေတွင် ရေလုပ်သားများ ရွာတည်၍ နေထိုင်ကြ သည်။ ၎င်းပင်လယ်ကမ်းခြေတွင် “ငါးပါးနီ”ဟု ခေါ်သော ပါးနီနီနှင့် ငါးများ ပေါများလှသည်။ ငါးပါးနီများသည် အရသာကောင်းမွန်၏။လူကြိုက်များလှ၏။ ရခိုင်ပြည်အနှံ့သာမက အနောက်ပြည်ဖြစ်သော မောက်သူဇာ၊ စစ်တကောင်း၊ ပန်းဝါ၊ ဖလောင်းချိတ် စသည့် ဒေသများထိအောင်ပင် နာမည်ကြီး၍ လူကြိုက်များလှသည်။
“ယခု မျက်မှောက်ခေတ်မှာပင် ငါးပါးနီနှင့် ပတ်သက်၍ လုပ်သားသတင်းစာ၊ နောက် မြန်မာ့အလင်း သတင်းစာ များတွင် “ပင်လယ်ငါးများ အလို ရှိသည်” ဟူသော ကြော်ငြာကို တွေ့ရှိနိုင်သည်။ ထိုကြော်ငြာတွင် ငါးပါးနီ အပါ အဝင် ပင်လယ်ငါး အချို့ကို နိုင်ငံခြားသို့ တင်ပို့ရန် ဝယ်ယူနေကြောင်း ဖတ်ရှုရသည်။ ၎င်း ငါးပါးနီများသည် အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်လုပ်ငန်းအဖြစ် ဒွါရာဝတီ သံတွဲမြို့တွင် လုပ်ကိုင်နေကြကြောင်း သီရိဝိဇယ ဗိုလ်မင်း လက်ထက်မှာပင် တွေ့မြင်နိုင်သည်။ ထို ပါးနီနီနှင့် ငါးများကို ရခိုင်လို ဒွါရာဝတီ အသံထွက် အားဖြင့် ငပနီဟု ခေါ်ကြသည်။”
“ထိုငါးပါးနီထွက်ရှိရာ နေရာဒေသဖြစ်သည့် ပင်လယ်ကမ်းခြေရွာလေးကို “ငပနီရွာ”ဟု ခေါ်ကြသည်။ ထိုခေတ် အခါမှစ၍ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့သည်။ ကာလရှည်ကြာသောအခါ ငပနီမှ ငပလီ ဖြစ်လာခဲ့ကြောင်း သမိုင်းရာဇဝင်နှင့် မှတ်စုများ၊ သုတေသီများ၏ ရှာဖွေလေ့လာမှုတွင် တွေ့ရှိရ ပါသည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ငပနီကနေ ဆင်းသက်လာတဲ့ ငပလီမှာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် အဓိက ဦးတည်တဲ့ Hotel Zone နဲ့ ပြည်တွင်း ခရီးသွားတွေအတွက် ဈေးနှုန်း သင့်တင့်တဲ့ Local Zone ဆိုပြီး ၂ မျိုး ရှိပါတယ်။ Hotel Zone မှာ တော့ နှစ်ယောက်ခန်း တခန်းကို အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၅၀ ဝန်း ကျင်နဲ့ အထက်မှာရှိပါတယ်။ Local Zone မှာ တော့ မြန်မာကျပ်ငွေ တသောင်းခွဲဝန်းကျင်လောက်နဲ့ နှစ်ယောက်ခန်းတခန်း ငှားရမ်းနိုင်ပါတယ်။ ဟိုတယ်ကြီးတွေလောက် ဝန်ဆောင်မှု မပြည့်စုံပေမယ့် ဈေးနှုန်းသင့်တင့်ပြီး အနီးဝန်းကျင်မှာ ပင်လယ်စာ အစုံ ရတဲ့ စားသောက်ဆိုင်ငယ်လေးတွေလည်းရှိတော့ ငပလီလမ်းဆုံမှာရှိတဲ့ Local Zone က အတိုင်း အတာတခု အထိ စိတ်ကျေနပ်မှုပေးနိုင်မှာပါ။
ငပလီကို လိုင်းကားနဲ့ သွားမယ်ဆိုရင် ကား ထွက်ချိန်နဲ့ ကားလက်မှတ်နှုန်းထားက ကားအမျိုးအစားပေါ် မူတည်ပြီး ကွာသေးတယ်။ ရိုးရိုးကားနဲ့ အဲယားကွန်း-လေအိတ်ကား ဆိုပြီး ခွဲခြားထားပါတယ်။ နောက်ပြီး ငပလီကိုရောက်ဖို့အတွက် လမ်းကြောင်း ၂ ခုရှိပါတယ်။ ကိုယ်ပိုင်ကားနဲ့ပဲ သွားသွား၊ လိုင်းကားနဲ့ပဲ သွားသွား ပြည်-ပန်းတောင်း-တောင် ကုတ်လမ်းက သွားမလား၊ ဒါမှမဟုတ် ဧရာဝတီတိုင်း ဘက်ကဖြတ်ရတဲ့ ရေကြည် – ငါးသိုင်းချောင်း – ဂွ တောင်ကြားလမ်းက ဖြတ်သွားမလား ဆိုတာ အရင် ဆုံး ရွေးချယ်ဖို့လိုပါတယ်။
ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင်တော့ ပတ်ဝန်းကျင် ရှုခင်းအလှအပတွေကို မြင်နိုင်ဖို့အတွက် နေ့ခင်းပိုင်းမှာ ခရီးနှင်နိုင်ပါတယ်။ ရခိုင်ရိုးမကို ဖြတ်သန်းရတဲ့ ပြည် – ပန်းတောင်း – တောင်ကုတ် လမ်းကို ရွေးချယ်မယ်ဆိုရင်တော့ မြင့်မားတဲ့ တောင်တန်းတွေကို တိမ်တွေ၊ မြူတွေ၊ နှင်းတွေနဲ့အတူ ကျော်ဖြတ်ရမယ်။ ရိုးမပေါ်က ဆောင်း ရဲ့ အငွေ့အသက်နဲ့ အလှအပကို ခံစားရပါမယ်။
တောင်ပေါ်ကိုရောက်ရင် ညောင်ကျိုးစခန်းမှာ ခဏနားရတယ်။ တောင်ခါးပန်းက ဖြတ်တိုက်လာတဲ့ အေးစက်စက် လေတိုးဒဏ်ကို အန်တုဖို့အတွက် အာပူရှာပူ အနံ့တထောင်းထောင်းထနေတဲ့ ရခိုင်မုန့်တီ ပူပူနွေးနွေးလေးကို လွေးလိုက်ရတဲ့အရသာက သင့်ရဲ့ ငပလီခရီးစဉ် အမှတ်တရတွေထဲက တခုဖြစ်လာပါ လိမ့်မယ်။ ရိုးမရဲ့ တဖက် တောင်ခြေရင်းမှာ ရခိုင်ပြည်နယ်ရဲ့ တံခါးပေါက်လို့ တင်စားကြတဲ့ တောင်ကုတ်မြို့ ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ကုန်း လမ်း ထွက်ပေါက်မြို့တမြို့ဖြစ်တဲ့ တောင်ကုတ်မြို့ကနေ သံတွဲကို နောက် ထပ် မိုင် ၄၀ ဆက်မောင်းရင် သံတွဲမြို့ကို ရောက်ပါပြီ။
အဲလိုမဟုတ်ဘဲ ဧရာဝတီတိုင်းကို ဖြတ်ပြီး ရေကြည်-ငါးသိုင်းချောင်း-ဂွ တောင်ကြားလမ်းကို ရွေးချယ်မယ်ဆိုရင် လမ်းခရီးပိုနီးပြီး၊ အချိန်မြန်မြန် နဲ့ ရောက်နိုင်တာက အားသာချက်ပါ။ အကွေ့ အကောက်ပိုများပြီး တောင်ကုတ် ရိုး ထက်နိမ့်တဲ့ တောင်တန်းတကြောကို ဖြတ်ပြီးရင် တဖက်ခြမ်းမှာ ဂွမြို့ကို ရောက်ပါမယ်။ ဂွမြို့ကနေ သံတွဲမြို့ ကို ရောက်ဖို့အတွက် နောက်ထက် မိုင် ၈၀ ဝန်းကျင် ထပ်ပြီး မောင်းနှင်ရဦးမယ်။
ဂွမြို့ကနေ သံတွဲကို မောင်းနှင်တဲ့ လမ်းမှာ ၁၉၉၀ နောက်ပိုင်းမှ ဖွင့်လှစ်ခဲ့ပြီး အခုချိန်မှာ ပျက်စီးယိုယွင်းစ ပြုနေတဲ့ ကမ်းသာယာစခန်းကို ဖြတ်သန်းရပါမယ်။ ပြီးတော့ ပင်လယ်ကမ်းနံဘေးက ရွာတန်းရှည်တွေကို ဖြတ် ရမယ်။ တခါတခါ အုန်း ပင်တွေကြားထဲကနေ ပင်လယ်ကြီးကို လှစ်ခနဲမြင်ရတဲ့ အရသာက သိပ်ကိုခံစားလို့ ကောင်းပါတယ်။
ကဲ … အခု ငပလီကို လက်တွေ့သွားကြည့် ရအောင်ပါ။ ဒီလမ်းညွှန်ကို ဖတ်ရင်း စိတ်ကူးလေးနဲ့ အတူ လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။
ပုံမှန်အားဖြင့်ဆိုရင်တော့ ရောင်နီမသမ်းသေးတဲ့ နံနက်အစောကြီးမှာ သံတွဲမြို့အဝင်ကို ကားရောက်ပါပြီ။ ဒါပေမယ့် မြို့ထဲကို ဝင်လို့မရသေးဘဲ နံနက် ၆ နာရီထိုးအောင် ကားရပ်ပြီး စောင့်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိအချိန်မှာ သံတွဲမြို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ထားခံရတဲ့ မြို့တမြို့ဖြစ်နေတဲ့အတွက်ပါ။ ဒီအချက်ကတော့ စိတ်အနှောင့် အယှက်ဖြစ်စရာ ကိစ္စတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ညမထွက်ရအမိန့်ရှိတဲ့နေရာကို အပန်းဖြေ ခရီးထွက်လာမိတာ မှားပြီလို့ တွေးနေမိမှာစိုးလို့ ရှင်းပြပါရစေဦး။
ငပလီဟာ သံတွဲမြို့နဲ့ မိုင်အနည်းငယ်သာ ဝေးပေမယ့် ညမထွက်ရအမိန့် သက်ရောက်မှု မရှိဘဲ၊ လွတ်လပ်စွာ သွားလာလည်ပတ်လို့ ရပါတယ်။ ကြယ်တွေစုံလင်လှတဲ့ ကောင်းကင်အောက်မှာ မီးပုံပွဲလုပ်ရင်း ငပလီရဲ့ အရသာကို လွတ်လွတ်လပ်လပ် ခံစားနိုင်ပါတယ်။ ညနေ ၆ နာရီကျော်ရင် သံတွဲမြို့ထဲကို ဝင်လို့မရတော့ တာက လွဲရင် အေးအေးချမ်းချမ်းပါပဲ။ လက်ရှိအချိန်မှာ ပုဒ်မ ၁၄၄ ထုတ် ပြန်ချက် ရှိနေဆဲဖြစ်ပေမယ့် သံတွဲမြို့ပေါ်မှာလည်း အေးအေးချမ်းချမ်း ရောင်းဝယ်ဖောက်ကားနေတဲ့ အခြေအနေမျိုးမို့ မူလ ကြိုတွေး ထားသလောက် မဆိုးလှဘူးဆိုတာ မြင်နိုင်မှာပါ။
ငပလီကို ရောက်ရင် Local Zone မှာဆိုရင် အထင်ကရ ရေသူမ ရုပ်တုနဲ့ မောင်တော်ကျောက်၊ နှမတော် ကျောက်ဆိုတဲ့ သဘာဝ ကျောက်တုံးကြီး တွေကို သွားပြီးလည်ပတ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေရဲ့ အစွန်ဆုံးမှာရှိတဲ့ ဂျိတ္တော ငါးဖမ်းလုပ်ငန်းဇုန်က မဒေးတောင်ဆိုတဲ့ တောင်မြင့်ပေါ်ကို သွားလည်နိုင်သေး တယ်။ ပင်လယ်ကမ်းကွေ့အလှကို တောင်အမြင့်ပေါ်က ကြည့်ရတဲ့အရသာကို တွေ့ရပါလိမ့်မယ်။
ရန်ကုန်ငါးပြတိုက်ထဲမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဝေလငါးအရိုးစုဟာ အဲဒီဂျိတ္တောကျေးရွာ ပင်လယ်ကွေ့မှာလာပြီး သောင်တင်တဲ့ ဝေလငါးကြီးဆီက ရတာပေါ့။
မဒေးတောင်က အပြန်မှာ Hotel Zone ကို ဖြတ်ပြန်ရမှာဆိုတော့ လင်းသာကျေးရွာက ကမ်းခြေ တလျှောက်မှာ တန်းစီပြီး ဖွင့်ထားတဲ့ ပင်လယ်စာ ဆိုင်လေးတွေမှာ ထူးထူးဆန်းဆန်း အစားအစာတွေ မြည်းစမ်းနိုင်ပါသေး တယ်။ ပြီးတော့ တနေကုန် ပင်လယ်ရေထဲ ဆင်းစိမ်ထားလို့ ညောင်းညာနေတာ တွေ ပြေချင်တယ်ဆိုရင်လည်း ကျန်းမာရေးအကြောပြေ အနှိပ်ခန်းလေးတွေလည်း အဲဒီဆိုင်နီးနားမှာပဲ ဖွင့်ထားကြတာဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ် တာပေါ့နော့။
တကယ်လို့များ အချိန်ရလို့ ဘင်္ဂလားပင်လယ်ထဲက သန္တာကျောက်တန်းနဲ့ ရေအောက်ငါးတွေရဲ့ အလှအပကို ကြည့်ရင်း၊ Boat Trip ထွက်ချင်တယ် ဆိုရင်လည်း ခရီးစဉ်တခါတည်း ထည့်ဆွဲထားနော်။ Boat Trip ဆိုတာက လည်း တနေကုန်မယ့် ခရီးစဉ်ဖြစ်နေတော့လေ။
နောက်ပြီး ဒေသခံတွေရဲ့ အဆိုအရ ပုလဲနက်တောင် ထုတ်လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ပုလဲကျွန်းနဲ့ ငပလီနေဝင် ချိန်က ပနံသင့်စွာ လှပနေတာကို သင်မြင်တွေ့ရမှာပါ။
ငပလီက အပြန်မှာ သံတွဲမြို့အဝေးပြေးကားဝင်း ကနေ ကားပြန်စီးရမှာဆိုတော့ အိမ်ပြန်လက်ဆောင် အဖြစ် ဒေသထွက် ရခိုင်လုံချည်၊ ငါးပိ ငါးခြောက်နဲ့ ပုစွန်ခြောက်တွေ၊ စားစရာတွေ ဝယ်ယူချင်တယ် ဆိုရင် ဒွါရာဝတီ မြို့မဈေးကို ဝင်လည်ဖို့လည်း အခန့်သင့်ပါတယ်။
ကဲ … အသွားနဲ့ အပြန် ၅ ရက်လောက်နဲ့ အပန်းလည်းပြေ၊ အချိန်လည်း လုံလောက်တဲ့ ငပလီ ကမ်းခြေခရီးကို စတင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ပုံမှန်ပြေးနေတဲ့ ယာဉ်လိုင်းတွေ၊Local Zone နဲ့ Hotel Zone မှာရှိနေတဲ့ ဘန်ဂလိုတွေနဲ့ ဆက်သွယ်လို့ရနိုင်မယ့် အငှားယာဉ်တွေရဲ့ ဖုန်းနံပါတ်တွေကို လက်လှမ်းမီ သလောက် ဖော်ပြပေး လိုက်မယ်နော်။
ငပလီကမ်းခြေကို ငပလီမြို့အဖြစ် သတ်မှတ်ဖို့ စီစဉ်နေကြပြီမို့၊ သဘာဝအတိုင်း လှနေသေးတဲ့ ငပလီကိုမှ သွားလည်ပတ်ချင်သူတွေအတွက် စိတ်ကျေနပ်စရာ အပန်းဖြေခရီးဖြစ်ပါစေ။