မနက်အစောကြီးမှသည် ညနေခင်း မှောင်မိုက်သော အချိန်အထိ မတူညီသော ဘဝအခြေအနေ အမျိုးမျိုးကလူတွေ မဟာဗန္ဓုလ ပန်းခြံထဲကို အနားယူအပန်းဖြေဖို့၊ မိမိတို့၏ ပင်ပန်းနွမ်းနယ်မှု၊ ငြီးငွေ့မှုတွေကို မေ့ဖျောက်ပြီး အားအင်သစ်တွေ ပြန်လည် ဖြည့်ဆည်းနိုင်ဖို့ ဦးတည်ပြီး ရောက်လာတတ်ကြသည်။
ငြိမ်းချမ်းပြီး စိမ်းလန်းသည့် ပန်းခြံထဲက သပ်သပ်ရပ်ရပ် ညှိထားသည့်မြက်ခင်း၊ ရေပန်းနှင့် သန့် ရှင်းမှုတို့က ပျားပန်း ခပ်နေသည့် လမ်းတွေ၊ ဆူညံ ရှုပ်ထွေးသည့် ယာဉ်ကျောတွေနှင့် ခြားနားစွာဆီး ကြိုပါလိမ့်မည်။
မကြာသေးမီကမှ အသွင်ပြောင်းခဲ့ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ လုံခြုံစိတ်ချရသည့် အများပြည်သူ နှင့် ဆိုင်သော နေရာတခုအဖြစ် ပြန်လည်ဖန်တီးခဲ့သည့် နေရာမှာ အချင်းချင်းဆုံတွေ့ဖို့၊ စကားစမြည်ပြောဆိုဖို့၊ အနားယူဖို့နှင့် ကစားဖို့ လူတွေနေ့တိုင်း ရောက်လာကြသည်။ တချို့တွေက လေ့ကျင့်ခန်းလုပ်ဖို့လာကြပြီး တချို့ကတော့ ပျော်ပွဲစားဖို့ရောက်လာ ကြသည်။ ရေပန်းနှင့် ရေဖျန်းပေးသည့် ကိရိယာလေးတွေ၏ ကျေးဇူးကြောင့် ပန်းခြံတွင်းက လေထုကလည်း လတ်ဆတ် သန့်ရှင်းနေသည်။
ပိုပြီးထင်ရှားအောင် ပြောရလျှင် လူမှုပတ်ဝန်းကျင်ကောင်း တခု ပြန်လည်မွေးဖွားလာခြင်း၊ ပြန်လည် ရရှိလိုက်ခြင်းဟု ဆိုနိုင်ပါသည်။
မူလက ရွှံ့ဗွက်တွေသာရှိသည့် ဒီနေရာကို ကိုလိုနီခေတ် ၁၈၆၇ ခုနှစ်တွင် ပြင်ဆင်သန့်ရှင်းပြီး အများပြည်သူ အပန်းဖြေနိုင်သည့် ကွက်လပ်တခု အဖြစ် ဖန်တီးခဲ့သည်။ အမည်ကိုလည်း ထိုစဉ်က ဗြိတိသျှကော်မရှင်နာ မင်းကြီး၏ အမည်ကို အစွဲပြု၍ Fytche Square ဟုမှည့်ခေါ်ခဲ့ပါသည်။ ၁၈၉၆ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မကြီး၏ ရုပ်တုကို စိုက်ထူခဲ့ သည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းတွင်လည်း ဂျပန်တို့က တခြားအထိမ်းအမှတ်တခု ထားရှိခဲ့သေးသည်။
ယနေ့အချိန်တွင်တော့ ၁၉၄၈ ခုနှစ်ကဗြိတိသျှ လက်အောက်မှလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ သည်ကို ဂုဏ်ပြုဖော်ပြထားသည့် လွတ်လပ်ရေး ကျောက်တိုင်ကြီးက ပန်းခြံတွင်းမှာ နေရာယူထားသည်။ အဖျားမှာ ချွန်သွားသည့် အဖြူရောင် ကျောက် တိုင်မှာ အောက်ခြေနား၌ ရွှေရောင်အရစ်တွေပါဝင် ပြီး ခြင်္သေရုပ် ၁၀ ရုပ်က ဝန်းရံ စောင့်ကြပ်ထား၏။ ပန်းခြံ၏အမည်ကိုလည်း ၁၈၂၁ ခုနှစ်မှ ၁၈၂၅ ခုနှစ် အတွင်းဖြစ်ပွားခဲ့သည့် ပထမ အင်္ဂလိပ် – မြန်မာစစ် ပွဲတွင် မြန်မာတပ်မတော်ကိုဦးစီးခဲ့သည့် စစ်သူကြီး မဟာဗန္ဓုလကို ဂုဏ်ပြုသော အားဖြင့် မဟာဗန္ဓုလ ပန်းခြံဟု ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။
နံနက်ခင်း ပန်းခြံစဖွင့်တော့မည့်အချိန်ဆိုလျှင် မကြာခင်တနေ့ခင်းလုံး အနားယူတော့မည့် ပန်းရောင်၊ အစိမ်း ရောင်၊ အပြာရောင် မီးမောင်းတွေက အေးစက်စက်အမှောင်ထဲတွင် ကြောက်လန့်စရာပတ်ဝန်းကျင်မျိုး ဖန်တီး ပေးထားသလို ဖြစ်နေသည်။ ဝီရိယ ကောင်းသည့် နံနက်ခင်းလေ့ကျင့်ခန်း ယူသူတွေက ဝင်ပေါက် အသီးသီးကနေ အလျှိုလျှိုဝင်ရောက်လာပြီး ပုံမှန်လုပ်နေကျအတိုင်းလုပ်ရင်း နေ့တနေ့ကို လှုပ်နှိုးလိုက်ကြ သည်။ အရပ်မျက်နှာ အသီးသီးက လမ်းလျှောက်သူတွေလည်း ရောက်လာကြသည်။
ထိုက်ချီကစားသူတွေက မမြင်နိုင်သည့်စွမ်းအား တွေကိုဖမ်းဆုပ်ယူကြသည်။ ယောဂလေ့ကျင့်သူတွေ ကနေမင်းကို အရိုအသေပြုသလိုမျိုး သရုပ်ဖော်ကြ၏။ ချိကုန်းကစားသည့်အဖွဲ့တွေက ထောင့်ကျနေ သည့်နေရာမှာ စုရုံးပြီးလေ့ကျင့်ကြသည်။
၃၇ လမ်းမှာနေသည့် အဝတ်အစားချုပ်သူ Florence က များသောအားဖြင့် နံနက် ၆ နာရီမှ ၇နာရီအတွင်း ကျန်းမာရေးအတွက် လာလေ့ရှိသည် ဟုပြောသည်။
“အရင်ကတော့ လမ်းလျှောက်ပြီးလေ့ကျင့်ခန်း လုပ်တယ်။ ၂၀၁၃ ဧပြီလကစပြီး ဒီမှာဝင်ကြေးမယူတော့ဘူး။ တကယ်လို့ ပိုက်ဆံမပေးရဘူးဆိုရင် လူတိုင်းလာနိုင်ပြီပေါ့။ အခု တချို့လူတွေဆိုရင် နေ့တိုင်းလာတယ်” ဟု သူကဆိုသည်။
အငြိမ်းစား စစ်မှုထမ်းတယောက်ဖြစ်ပြီး ယခု အခါ ရှေ့နေအဖြစ်လုပ်ကိုင်နေသည့် ဦးစိန်မောင်ဦးက ပန်းခြံကို ဖြတ်လျှောက်ရင်း “သူတို့ပြောင်းလဲနေပြီ၊ ဒီမိုကရေစီရှိနေပြီလို့ အစိုးရက ကမ္ဘာကိုကြေညာခဲ့တယ်။ ဒီပန်းခြံ ကပြည်သူတွေအတွက်ပဲ၊ ဒါပေမယ့် အရင်တုန်းက ၂၀ ကျပ်ပေးရလို့ ဒီကိုဘယ်သူမှ မလာကြဘူး။ အခု အစိုးရက ပိုက်ဆံမကောက်တော့ ဘူးဆိုတော့ လူတိုင်းလာနိုင်ပြီ။ ဒီလူတွေ လေ့ကျင့်ခန်း ပျော်ပျော်ရွှင်ရွှင် လုပ်နေကြပြီ” ဟုပြောသည်။
ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကဲ့သို့သော တခြားပန်းခြံများတွင် ဝင်ကြေးကို ၃၀ဝ ကျပ်အထိ ကောက်ခံ နေဆဲဖြစ်သည်။
ပန်းခြံပြင်ဆင်မွမ်းမံမှုတွင် ခုံတန်းလျားများ ပြင်ဆင်ခြင်းနှင့် ပြင်ပမှဈေးဆိုင်များကို ပြောင်းရွှေ့ခြင်းများ ပါဝင်သည်။ ကြီးမားသည့် အုန်းပင်များကတော့ ကံမကောင်းစွာဖြင့် အလှဆင်ပုံဖော်ထားသည့်အပင်များဖြင့် အစားထိုးခံလိုက်ရပြီး အရိပ်အနည်းငယ်မျှသာ ရနိုင်တော့သည်။ အပင်ပုလေး များဖြင့် အနားသတ်ထားသည့် လူသွားလမ်းတွေ ဘေးတွင် အဝါရောင် ဒေစီပန်းခင်းတွေရှိသည်။
မြက်ခြောက်တွေ ပေါင်းပင်အစအနတွေလုံးဝ မတွေ့ရပါ။ လက်ထဲမှာ ကိုင်ထားသည့်ညှပ်ကို တဖျပ်ဖျပ် လုပ်ရင်း တက်တက်ကြွကြွ လျှောက်သွား နေသော အမှိုက်သိမ်းသမားကြောင့် ဖြစ်မည်ထင်ပါသည်။ ဒါပေမယ့် သူ၏ အမှိုက်အိတ်က အတော်လေး ရှင်းနေသည်။ အများနှင့်ဆိုင်သော ဒီနေရာကို ဂရုစိုက် ထိန်းသိမ်းဖို့နှင့် အမှိုက်မပစ်မိဖို့ ပြည်သူတွေအသိရှိ လာကြ၊ အလေးထားတတ်လာကြပုံ ရသည်။ ပန်းခြံ ထဲမှာ ကွမ်းစားခြင်း၊ တံတွေးထွေးခြင်း၊ တိရိစ္ဆာန်များ ခေါ်ဆောင်လာခြင်းနှင့် ပန်းခူးယူခြင်းကို တားမြစ် ထားသည်။
ဧကဝက်လောက် ရှိသည့် သာယာသည့်ပန်းခြံ၏ဘေးမှ ဆူးလေစေတီတော်သည် ကိုလိုနီခေတ် မြို့ပြ စီမံကိန်းရေးဆွဲသူတို့၏ လက်ရာလေးကွက်ကျလမ်း တွေ၏ အလယ်ဗဟိုတွင်ရှိနေသည်။ ဆူးလေစေတီ တော်၏ တဘက်တွင်ရှိသော ဆွန်နီဂျာမား ဘင်္ဂလီ ဗလီနှင့် ပန်းခြံ၏အရှေ့ဘက်တွင် ကပ်လျက်ရှိနေ သော ဧမာနွေလ နှစ်ခြင်းဘုရားကျောင်းက ကိုးကွယ်ယုံကြည်မှု စုံလင်သော မြို့တော်၏ ခေတ်ပြိုင် သဘာဝကို ဖော်ပြနေကြသည်။ တရားရုံးချုပ်နှင့် မြို့တော်ခန်းမကလည်း မြင်ကွင်းထဲသို့ စည်ပင်သာ ယာရေးနှင့် တရားစီရင်ရေး အာဏာပိုင်ဆိုင်မှု အငွေ့အသက်များ ထည့်သွင်းပေးနေသည်။ အခု အချိန်တွင် ပြင်ဆင်မွမ်းမံ မှုများ ပြုလုပ်နေသော ရိုး ကုန်တိုက်ဟောင်း ကလည်း ဖောက်သည်ကို အလေး ထားသည့် အယူအဆနှင့် ကြွယ်ဝသည့် ဗိသုကာ လက်ရာအကြောင်းကို ပြောပြနေသည်။
ဓာတ်ပုံရိုက်ချင်စရာ အလွန်ကောင်းသည့်နေ ရာဖြစ်၍ လူတိုင်း တယောက်ကိုတယောက် အပြန်အလှန် ဓာတ်ပုံရိုက်ပေးနေကြသည်။ ပတ်ဝန်းကျင် က အဆောက်အအုံကြီးတွေကို နောက်ခံထားပြီး ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်ကြသူတွေလည်း ရှိသည်။
ညနေ ၄ နာရီရောက်လျှင် ကလေးတွေ ကစားကွင်းထဲကို ရောက်လာသည်။ ဒန်းတွေ၊ လျှောတွေနှင့် အရောင်စုံသည့် တွယ်တက် ကစားစရာနေရာတွေမှာ ပြုတ်ကျလျှင် အန္တရာယ် မရှိဖို့ အကာအကွယ်တွေ လုပ်ပေးထား၍ စိတ်ချလက်ချ ကစားနိုင်ကြသည်။ ရုံးဝန်ထမ်းတွေ၊ ဒီနေရာမှာ ချိန်းဆိုထားသည့် ချစ်သူ စုံတွဲတွေ ရောက်လာကြသည်။
ဂစ်တာတီးသံတွေလည်း ကြားရသည်။ အဆိုတော်သစ်တွေ၊ ဂီတဝါသနာရှင်တွေက စနေ၊ တနင်္ဂနွေ ညနေခင်းတွေမှာ ဖျော်ဖြေပေးကြသည်။ ရွှေရောင် ဝင်းနေသည့် ဆူးလေ စေတီပေါ်သို့ နောက်ဆုံး နေရောင်ခြည်တန်းတွေ ကျရောက် လာသည်ကို ရှား ရှားပါးပါး တွေ့မြင်နိုင်သည့် နေရာလည်းဖြစ်သည်။
ယခုလိုမျိုးနေရာတခုကို စောင့်ရှောက်ထားခြင်း မှအစပြု၍ရန်ကုန်၏ ကျန်သည့်နေရာများကိုလည်း ပြင်ဆင်ထိန်းသိမ်း ထားနိုင်ခဲ့သော်ဟု တွေးကြည့် လိုက်လျှင် ကြည်နူးစရာဖြစ်ပါသည်။ မြို့တော်၏ တခြားနေရာတွေမှာ လက်တွေ့ အကောင်အထည် ဖော်နိုင်လျှင်ရလာမည့် အလားအလာကောင်းတွေကို မဟာဗန္ဓုလပန်းခြံက အရိပ်အမြွက် ပြသနေခြင်းလည်း ဖြစ်ပါသည်။
၂၀၁၄ မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ပါရှိသော Viginia Henderson ၏ A Walk In The Park ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။