Daily Eleven သတင်းစာကို ပြန်ကြားရေးဝန်ကြီးဌာနက ယခုနှစ် ဇွန်လအတွင်း တရားရုံးမထီမဲ့မြင်ပြုမှု ဥပဒေနှင့် တရားစွဲလိုက် သည်။ ထိုသတင်းစာ၏ CEO အပါအဝင် အယ်ဒီတာ အဖွဲ့ဝင် ၁၇ ဦးကို တရားစွဲခြင်းဖြစ်၏။
ယခုအစိုးရသစ်လက်ထက် လူအများဆုံး တရားစွဲခံရသော အမှုဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ ထို ၁၇ ဦးကို တရားမစွဲခင် ယခု အမှုရင်ဆိုင်နေရသော မြန်မာသံတော်ဆင့် ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ၁၁ ဦးကိုလည်း တရားစွဲခဲ့သည်။ Daily Eleven က စံချိန်ချိုးလိုက်သည်ဟု ဆိုရပေမည်။
ထို့အပြင် တရားရုံးမထီမဲ့မြင် ပြုမှု ဥပဒေဖြင့်လည်း စာနယ်ဇင်းသမားများကို ပထမဆုံး တရားစွဲလိုက်ခြင်းလည်း ဖြစ်၏။ အစိုးရသစ် လက်ထက် ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေပါသည်ဟု မည်မျှပင် ဆိုစေ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် စာပေလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်လေသည်။
လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂက ရန်ကုန်မြို့ Home မီဒီယာ ခန်းမတွင် စာတမ်းဖတ်ပွဲတခု ကျင်းပခဲ့ပါသည်။ ထိုပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၏ ဥက္ကဋ္ဌ ဖြစ်သူ စာရေးဆရာ ဇော်ဝင်းကို (တရားရုံးချုပ် ရှေ့နေကြီး ဦးခင်မောင်ဇော်) က “တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေ မူကြမ်း(သို့မဟုတ်) စာပေလွတ် လပ် ခွင့်အတွက် အဟန့်အတားတခု” ဆိုသောစာတမ်းကို ဖတ်ကြားတင်သွင်းခဲ့လေသည်။
ထိုအချိန်က ထိုဥပဒေသည် ဥပဒေမူကြမ်းအဖြစ် လွှတ်တော် သို့ တင်သွင်းနေရုံရှိပြီး ယခုအခါ အတည်ပြုပြီးဖြစ်၏။ အစိုးရကလည်း လက်တွေ့ကျင့်သုံးနေလေသည်။ စင်စစ် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေသည် ပြည်သူကို အကျိုးပြုသော ဥပဒေမဟုတ်ဘဲ စာပေ နှင့် စာနယ်ဇင်း သမားများ၊ ပြည်သူများ၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာသော ဥပဒေဖြစ်လေသည်။
ထိုစဉ်က ထိုတရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကို သင်္ဃန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ကန့်ကွက် အဆိုတင်သွင်းခဲ့လေ သည်။ ထိုဥပဒေသည် တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေ (The Contempt of Courts Act, 1926 ) ဖြစ်ပါသည်။
ထိုဥပဒေကို တင်သွင်းစဉ်က အခြေအနေကို ဆရာဇော်ဝင်းကိုက အောက်ပါအတိုင်း ရေးသားထားပါသည်။
တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်း ပုဒ်မ -၂ မှာ “ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ (က) တရားရုံးများမထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားမ ဆိုင်ရာ မထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ဆိုသည်။ (ခ) တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ တရားရုံးတရုံးက ချမှတ်သော စီရချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်သင့်သောစာကို တမင်သက်သက် မလိုက်နာခြင်းကို ဆိုသည်။ (ဂ) ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ဆိုသည်မှာ
(၁) တရားရုံး၏ အခွင့်အာဏာကို သေးသိမ်စေရန် သို့မဟုတ် သေးသိမ်ခြင်း ဖြစ်တန်စေရန်သော်လည်းကောင်း၊
(၂) တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာဆောင်ရွက်မှုကို ထိခိုက်စေရန် သို့မဟုတ် စွက်ဖက်ရန် သို့မဟုတ် စွက်ဖက်ခြင်း ဖြစ်တန်စေရန်သော်လည်းကောင်း၊
(၃) တရားစီရင်ခြင်းကို အခြားအပြုအမှု တရပ်ရပ်ဖြင့် စွက်ဖက်ရန် သို့မဟုတ် စွက်ဖက်ခြင်းဖြစ်တန်စေရန် သို့မဟုတ် နှောင့်ယှက် ရန် သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်တန်စေရန် သော်လည်းကောင်း၊ အကြောင်းအရာ တရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာအရေးအသားဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန် ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ထုတ်ဖော် ကြေညာခြင်း သို့မဟုတ် သတင်းအဖြစ် ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်းကို ဆိုသည်”လို့ ပါရှိပါတယ်။
ဒီတော့ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေမူကြမ်းရဲ့ ပုဒ်မ -၂ (ဂ) အရဆိုရင် စစ်ဆေးဆဲအမှုကို ဝင်စွက်ဖက်တဲ့ သဘောနဲ့ သတင်း ရေးသားဖောြ်ပတာ၊ ပုံနှိပ် ထုတ်ဝေတာတွေဟာ ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု မြောက်သွားတာပေါ့။ တဆက်တည်း ဥပဒေမူကြမ်းရဲ့ ပုဒ်မ -၁၀ မှာ “မည်သူမဆို တရားရုံး တရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၆ လ ထက်မပိုသော အလုပ်လက်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် စီရင်ဆဲအမှုတခုမှာ ကိုယ့်သဘောထားကိုအများသိအောင် ပြောကြားစီရင် သို့မဟုတ် ရေးသားမိရင် ဒီဥပဒေပုဒ်မ -၁၀ အရ တရားဝင်ပြစ်ဒဏ်ခံရတော့မှာပါ”ဟု ဖော်ပြထားသည်ကို ဖတ်ရပါသည်။
ထို့ကြောင့် ထိုဥပဒေကို ကျူးလွန်သည်ဟု တရားရုံးက သတ်မှတ်လျှင် ဒဏ်ငွေ ကျပ် ၁ သိန်း အများဆုံး၊ ထောင်ဒဏ် ၆ လ အများဆုံး အပြစ်ပေးနိုင်လေသည်။ ယခု ထိုပုဒ်မဖြင့် Daily Eleven သတင်းစာကို တရားစွဲလိုက်ခြင်းသည် ပထမဆုံးဖြစ်သလို စာပေနှင့် စာနယ်ဇင်းလောကကို သတိပေးခြိမ်းခြောက်ရာလည်း ရောက်လေသည်။
“စစ်ဆေးနေတဲ့ အမှုတွေကို သတင်းမှာသွားမရေးနဲ့ ရေးရင် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူမယ်” ဆိုသည့်သဘောဖြင့် နမူနာပြ တရားစွဲဆို လိုက်ခြင်းလည်းဖြစ်ပုံရပါသည်။ မည်သို့ပင်ဖြစ်စေ အစိုးရအဖွဲ့သစ်၏ နောက်ဆုံးလပိုင်းများတွင် စာနယ် ဇင်း များကို မှတ်မှတ်သားသားဖြစ်သွားစေရန် စံပြခြိမ်းခြောက်လိုက်သည်ဆိုလျှင် မှားမည်မထင်ပေ။
၂၀၁၀ ရွေးကောက်ပွဲအပြီး ယူနီဖောင်းဝတ် စစ်အစိုးရအဖွဲ့ဝင်များ၊ ခေါင်းဆောင်ပိုင်းများသည် စစ်ယူနီဖောင်းချွတ်၍ လူယောင် ဖန်ဆင်းပြီး အရပ်ဝတ်ဖြင့် အာဏာဆက်ယူခဲ့ကြသည်။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန် သောအုပ်ချုပ်ရေး ရစေရမည်ဟု သမ္မတ ဦးသိန်းစိန်က ကမ္ဘာသိ ကြေညာခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။ သမ္မတကြီး၏ မိန့်ခွန်းများသည် လေထု ထဲတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။
ကမ္ဘာတွင်ရော၊ အာရှတိုက်တွင်ပါ နာမည်ဆိုးဖြင့် ကျော်ကြားသည့် စာပေကင်ပေတိုင်ခေါ် စာပေစိစစ်ရေးကို ဖျက်သိမ်းပေးလိုက် သည်မှာ အစိုးရအဖွဲ့သစ်၏ မှတ်တိုင်တခုဖြစ်သည်။ ထိုစဉ်က စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်အမှန်တကယ် ရပြီ လားဟု တချို့က လုံး၀ ဥသုံယုံကြည်သွားသလို တချို့က ယုံတဝက်၊ မယုံတဝက် ဖြစ်နေလေသည်။ လွတ်လပ်စွာရေးသားခွင့်၊ ပုံနှိပ်ဖြန့်ချိခွင့် စသည့်စသည့် လွတ်လပ်ခွင့်များကို မည်သည့်ဥပဒေနှင့်မှ မတားဘဲ အနောက်ဒီမိုကရေစီ နိုင်ငံကြီးများလို လွတ်လပ်ခွင့် ရလာပြီလားဟု တချို့က မျှော်လင့်ချက်ထားကြ၏။
ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ရလာသည်။ ထိုအချိန်မှာပင် ပြန်ကြားရေးဝန်ကြီးဌာနက “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ”ကို လွှတ်တော်သို့တင်သွင်း၍ စာပေနှင့် စာနယ်ဇင်းသမားများကို ထိန်းချုပ်ရန် ကြိုးစားပါတော့သည်။ ထုတ်ဝဖြန့်ချိခွင့် မရ ရန်လုပ်သော ဥပဒေလည်းဖြစ်၏။ တချိန်တည်းမှာပင် Daily Eleven သတင်းထောက် မခိုင်ကို ဒဏ်ငွေဖြင့် အရေးမယူဘဲ ထောင် ဒဏ်ချ၍ အရေးယူသည်။ DVB သတင်းထောက်များကို ထောင်ဒဏ် ၁ နှစ် ချခဲ့သည်။ နောက် Unity သတင်းထောက်များနှင့် အယ်ဒီတာကို ထောင်ဒဏ် ၁၀ နှစ် ချသည်အထိ စာနယ်ဇင်းသမားများကို ခြောက်လှန့်လိုက်ပါတော့သည်။
မွန်းတည့်နေဂျာနယ်၊ မြန်မာပို့စ်ဂျာနယ်။ ယခုလည်း အမှုရင်ဆိုင်နေရသော မြန်မာသံတော်ဆင့်ဂျာနယ်၊ Eleven Media Group တို့ကို တရားစွဲဆိုနေခြင်းသည် စာနယ်ဇင်းလောကကို ခြောက်လှန့်နေခြင်းဖြစ်သလို ရဲဘော် ကြင်မောင် ၏ စာအုပ်ကိုထုတ်သော ထုတ်ဝေသူသည်လည်း တရားရုံးတွင် အမှုရင်ဆိုင်နေရလေသည်။
အစိုးရသစ် လက်ထက်တွင် စာနယ်ဇင်းသမားများကို အရေးယူမှုများနှင့် လွတ်လပ်ခွင့် ပိတ်ပင်မှုများ ပြုလုပ်လာလေသည်။ ယခု နောက်ဆုံး Daily Eleven သတင်းစာကို တရားစွဲဆိုခဲ့သည်မှာ လွန်ခဲ့သော ၃ နှစ်က ဆရာဇော်ဝင်းကို သတိပေး ရေးသားခဲ့သော စာတမ်းနှင့် တိုက်ဆိုင်နေသည်ကို တွေ့ရပါသည်။
တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကို ဒီမိုကရေစီ နိုင်ငံများတွင် ကျင့်သုံးလေ့မရှိပါ။ အမေရိကန်နိုင်ငံတွင် တရားစီရင်နေဆဲ အမှုတခု ကို ဝင်ရောက်သဘောထားပေး ဝေဖန်နိုင်သည်။ ရေးသားဖြန့်ချိခြင်း ပြုနိုင်လေသည်။ ထိုအတွက် တရားရုံးများ မထီမဲ့မြင်ပြုရာ မရောက်ပေ။
ဆရာဇော်ဝင်းကို၏ စာတမ်းတွင်“၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း၊ အပိုဒ် ၃၅၄(က) မှာ မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိကြောင်း အသိအမှတ်ပြုထားလေတော့ အခု ဥပဒေမူကြမ်းရဲ့ ပုဒ်မ-၂(ဂ) ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ပြဋ္ဌာန်းဥပဒေတရပ်ဟာ ဥပဒေပညာမှာတော့ Ultra Vires လို့ သတ်မှတ်ရပါတယ်။ အမေရိကန်မှာဆိုရင် သူ့ အခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ ကွန်ဂရက်လွှတ်တော်သည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့်ကို ကန့်သတ်သော မည်သည့်ဥပဒေကိုမျှ မပြဋ္ဌာန်းရလို့ အခြေခံဥပဒေမှာ အတိအလင်း ဖြည့် သွင်းခဲ့ပါတယ်”ဟု ရေးသားထားသည်ကိုလည်း ဖတ်ရ၏။
ထို့ကြောင့် ယခုဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အငြင်းပွားစရာ ဥပဒေဖြစ်သည်ဟု ဆိုရမည်။ ယခုဆိုလျှင် ပြန်ကြားရေး ဝန်ကြီးဌာနက တရားလိုပြုပြီး တရားစွဲသည့် စာနယ်ဇင်းများ တခုပြီးတခု ပေါ်လာပါသည်။ Eleven Media Group သည် ယခုအချိန် ထိ ၂ ခါ တရားစွဲခံထားရ၏။ ပထမအမှု နေပြည်တော်တွင် တရားရင်ဆိုင်နေရပြီး ဒုတိယအမှုကို မန္တလေးတွင် တရားရင်ဆိုင်နေရ လေ သည်။ အမှုနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ရုံးချိန်းသွားရသည့် ခရီးစရိတ်မှာ မလွယ်လှပေ။ နေပြည်တော်သို့ သွားရာတွင်လည်း အနည်းဆုံး ၁ ညအိပ်ပြီးမှ အမှုရင်ဆိုင်ရလေသည်။ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိသယောင်ယောင်နှင့် အနှစ်သာရအားဖြင့် စာနယ် ဇင်း လွတ်လပ်ခွင့် ပိတ်ပင်ထားခံရသည်မှာ လက်တွေ့သာဓကများက သက်သေပြနေပါသည်။
ယခုပြဿနာမှာ Daily Eleven ပြဿနာမဟုတ်၊ မွန်းတည့်နေ၊ မြန်မာသံတော်ဆင့်၊ Unity ဂျာနယ် စသည်တို့၏ ပြဿနာမဟုတ်။ စာပေနှင့် စာနယ်ဇင်း လောကသားတို့၏ လွတ်လပ်စွာရေးသား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခွင့် ပြဿနာ ဖြစ်လာပါသည်။ လွန်ခဲ့သော ၃ နှစ် က ဆရာဇော်ဝင်းကို ရေးသားတင်သွင်းခဲ့သော စာတမ်းမှာ ယခုလက်တွေ့ ဖြစ်မြောက်လာသောကြောင့် စာနယ်ဇင်း လောက သားများအတွက် လွတ်လပ်စွာ ရေးသားဖော်ပြခွင့် အရိပ်မည်း ဖုံးလွှမ်းသထက် ဖုံးလွှမ်းလာပြီဟု ဆိုရမည်။ ထို့ကြောင့် စာနယ်ဇင်း သမားများ အနေဖြင့် ယခုကဲ့သို့ လွတ်လပ်ခွင့်များ ဆုံးရှုံးလာခြင်းအပေါ် အလေအနက်ပြုရပေလိမ့်မည်။
ကျနော်တို့ မြန်မာနိုင်ငံဟာ ကွန်မွန်းလောစနစ် (Common Law System) ဝင် နိုင်ငံဖြစ်တယ်ဆိုတာ သိကြမှာပါ။ ကွန်မွန်းလော စနစ် မှာ ထင်ရှားတဲ့ ဝိသေသ လက္ခဏာတရပ်က စီရင်ထုံးသဘောတရား (Doctrine of Precedent) ဖြစ်ပါတယ်။ စီရင်ထုံး သဘော တရား ဆိုတာက တရားစီရင်ရာမှာ အောက်တရားရုံးတခုဟာ သူ့အထက်တရားရုံးရဲ့စီရင်ထုံးများကို လိုက်နာရမယ်ဆိုတဲ့မူ သဘော တရားပါပဲ။ ဆိုလိုတာက အကြောင်းအရာတခုနဲ့ ပတ်သက်လို့ ဆုံးဖြတ်စရာရှိလာရင် တရားရုံးတရုံးဟာ အဲ့ဒီအကြောင်း အရာမျိုးနဲ့ ပတ်သက်လို့ မိမိအထက်တရားရုံးက ဆုံးဖြတ်ခဲ့ဖူးတဲ့ စီရင်ဆုံးဖြတ်ချက်ကို လိုက်နာပြီး ဆုံးဖြတ်ရမယ်ဆိုတဲ့ သဘော တရားပါ။ တရားရုံးတခုဟာ မိမိအထက်တရားရုံးရဲ့ စီရင်ထုံးကို လိုက်နာရမယ်၊ အမြင့်ဆုံးတရားရုံးရဲ့ စီရင်ထုံးကိုတော့ တရားရုံးအားလုံးက လိုက်နာရမယ်ဆိုတဲ့မူ ဖြစ်ပါတယ်။ ဒီမူသဘောကြောင့် တရားစီရင်ရေးမှာ စီရင်ထုံးတွေဟာ အရေးပါလာပါတယ်။
ဒါပေမယ့် စီရင်ထုံးဆိုတာ တရားသူကြီးလုပ်တဲ့ ဥပဒေ (Judge made law) သာ ဖြစ်ပါတယ်။ ဒါကြောင့် စီရင်ထုံးတွေဟာ ခေတ်မမီ တော့ရင်၊ ခေတ်နဲ့ ဆန့်ကျင်လာရင် အဲ့ဒီအခါမှာ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့က လွှမ်းမိုးဆုံးဖြတ် (Over rule) တာ၊ ပယ်ဖျက် တာ တွေ လုပ်လို့ရပါတယ်။ စီရင်ထုံးတခုနောက်မှာ လိုက်နာခြင်းမပြု (Not followed) တို့၊ သဘောထားချင်း ကွဲလွဲသည် (Dissented) တို့ဆိုတဲ့ မှတ်ချက်တွေပေးပြီး ဖော်ပြထားတာတွေ စီရင်ထုံးစာအုပ်တွေထဲမှာ အနမတဂ္ဂပါ။ ဒါပေမယ့် ဥပဒေပြုရေး အာဏာပိုင် (Legislature) က ပြဋ္ဌာန်းထားတဲ့ ဥပဒေက အကြွင်းမဲ့ လိုက်နာရပါတယ်။ ပြဋ္ဌာန်းဥပဒေ ဖြစ်လာရင်တော့ ပယ်ဖျက်ချင်ရင် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေတခုအနေနဲ့ သူ့လုပ်ထုံးလုပ်နည်းများအရ မပယ်ဖျက်မချင်း လိုက်နာရတော့မှာ။
အခုတာ့ အဲ့ဒီလို စစ်ဆေးဆဲအမှုတွေမှာ သဘောထားမှတ်ချက် ပေးမိရင် ပြစ်မှုဖြစ်တယ်လို့ တရားဝင် သတ်မှတ်တဲ့ ဥပဒေတခု ပေါ်လာတော့မယ့် အလားအလာ ရှိနေပါပြီ။
အခု တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေမူကြမ်းရဲ့ ပုဒ်မ-၂(ဂ) ဆိုရင် အရင် ၁၉၂၆ ခုနှစ် တရားရုံးများ အထီမဲ့မြင်ပြုမှု အက်ဥပဒေ ပုဒ်မ(၃) မှာ ပြစ်မှုလို့ အတိအလင်း မပြဋ္ဌာန်းခဲ့ဘဲ စီရင်ထုံးတွေနဲ့သာ ဖွင့်ဆိုခဲ့တဲ့ လုပ်ရပ်တွေဟာ အခု ဥပဒေကြမ်း ပုဒ်မ-၂(ဂ) (၂) နဲ့ (၃) အရ ပြစ်မှုဖြစ်ကြောင်း ဥပဒေအရကို ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ပုဒ်မ – ၁၀ မှာ မည်သူကိုမဆို တရားရုံးတရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ အား ၆ လထက်မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်လို့ ပြဋ္ဌာန်းထားပြန်ပါတယ်။ ဒါကြောင့် စီရင်ဆဲအမှုတခုမှာ ကိုယ့်သဘောထားကို အများသိအောင် ပြောကြားမိရင် သို့မဟုတ် ရေးသားမိရင် ဒီဥပဒေ ပုဒ်-၁၀ အရ တရားဝင် ပြစ်ဒဏ်ခံရတော့မှာပါ။ အခုဥပေဒမူကြမ်းအရဆိုရင် ပြစ်ဒဏ်ကလည်း အနိမ့်ဆုံး ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ကတော့ ချမှတ်ရတော့မှာပါ။
ဘာကြောင့်လဲဆိုတော့ ချမှတ်ရမည်လို့ ဆိုထားတာကိုး။ သူဖျက်သိမ်းမယ် ဆိုတဲ့ The Contempt of Courts Act, 1926 ထက် ကို ပြစ်ဒဏ်က ပိုတင်းကျပ်နေပါတယ်။ အရင်ဥပဒေမှာက A Comtempt of Courts may be punished (ပြစ်ဒဏ် ချမှတ်နိုင်သည်) လို့ပဲ ပြောထားတာပါ။ ဥပဒေအသုံးအနှုန်းမှာ “ရမည်”(Shall) ဆိုတာနဲ့ “နိုင်သည်” (May)ဆိုတာ မတူပါ။ ရမည်ဆိုလျှင် ပြစ်ဒဏ် ချကို ချရပါမယ်။ နိုင်သည်ဆိုလျှင် ပြစ်ဒဏ်မပေးဘဲလည်း နေနိုင်ပါတယ်။
ဒီတော့ ၁၉၂၆ ခုနှစ် ဥပဒေကမှ ယေဘုယျကျပြီး အခုဥပဒေမူကြမ်းက “ဒိုင်းဝန်ထက်ကဲ” နေပါတော့တယ်။ ဥပဒေမူကြမ်းမှာ ကင်း လွတ်ချက်တွေ ပေးထားကြောင်းနဲ့ ပြစ်ဒဏ်ကိုလည်း ကျေနပ်လောက်အောင် တောင်းပန်ရင် အပြစ်လွှတ်နိုင်ကြောင်း ဖော်ပြထားချက်တွေက သက်သာခွင့်တွေ ရှိတာပဲလို့ ပြောလာနိုင်ပါတယ်။ ဒါပေမယ့် တကယ့်အနှစ်သာရက “တရားရုံးအမှု မပြီးသေးခင် သဘောထား ဝင်မပေးနဲ့” ဆိုတာပါပဲ ဟု ရေးသားခဲ့သော ဆရာဇော်ဝင်းကို၏ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း သို့မဟုတ် စာပေလွတ်လပ်ခွင့်အတွက် အဟန့်အတားတခု ဆိုသော စာတမ်း၏ ကောက်နုတ်ချက်ကို မှတ်မှတ်ရရ ဖော်ပြလိုက်ရပါသည်။ ။