မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းသုံးစွဲသူ အရေအတွက်သည် ၅ နှစ် ကာလအတွင်း ၅၀ဝဝဝ၀ မှ ၂၂ သန်း အထိ လျင်မြန်စွာ တိုးလာခြင်းနှင့် အတူ နည်းပညာအသစ်များက ယူဆောင်လာမည့် အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများပါ ရင်ဆိုင်လာ ရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု နည်းပါးခြင်း၊ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ခြင်းနှင့် အင်တာနက်လိုင်း နှေးကွေးခြင်းတို့ ရှိနေသည့် လူဦးရေ ၅၃ သန်းရှိ မြန်မာနိုင်ငံတွင် စမတ်ဖုန်းများမှ တဆင့် အင်တာနက်သုံးစွဲမှု ပိုမိုများပြား လာစေခဲ့သည်။
“ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်တုန်းကဆို စမတ်ဖုန်း တလုံးရှိတာက လူနေမှု အဆင့်အတန်းမြင့်တာကို ပြနေခဲ့တယ်” ဟု မြန်မာနိုင်ငံမှ ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးမြင့်ရေး အတွက် ထုတ်ကုန်များ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန် လာအောင် အကြံပေးကူညီနေသော လူမှုအကျိုးပြု အဖွဲ့အစည်း တခုဖြစ်သည့် Proximity Designs မှ Knowledge and social inpact မန်နေဂျာ မဖြူနှင်းငြိမ်းက ပြောသည်။
“စမတ်ဖုန်းတလုံး ပိုင်ဆိုင်ထားတဲ့သူ တယောက်က ဖုန်းကို လူမြင်အောင် အမြဲတမ်း ကိုင်ထားလိမ့်မယ်။ အခုဆိုရင် တော့ မိသားစုတစုမှာ အနည်းဆုံး ဖုန်းတလုံးတော့ အသုံးပြုနိုင်ကြပြီ။ အချို့မိသားစုတွေဆိုရင် တလုံးမက အသုံးပြု နိုင်ကြတယ်” ဟု သူက ဆိုသည်။
စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ် ၂၀ဝ၉ ခုနှစ်က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆင်းကတ်တကတ်၏ တန်ဖိုးမှာ ကျပ်သိန်း၂၀ ခန့် (အမေရိကန် ဒေါ်လာ ၂၀ဝ၀ ဝန်းကျင်) အထိ ဖြစ်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံ လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း ကိုင်နိုင်ကြပြီး တကမ္ဘာလုံးတွင် ဆဲလ်ဖုန်း အသုံး ပြုနိုင်မှုမှာ (မြောက်ကိုရီးယားမှ လွဲ၍) အနည်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညွှန်းကိန်းများ အရ သိရသည်။ ၂၀၁၃ ခုနှစ်ရောက်သည် အထိ ဆင်းကတ် တကတ်တန်ဖိုးက မြန်မာကျပ်ငွေ ၂ သိန်းခွဲခန့် အထိရှိနေသေး၍ လူများစုက မတတ်နိုင်ကြသေးပါ။ မြန်မာ နိုင်ငံသားများ၏ ပျမ်းမျှဝင်ငွေမှာ တလလျှင် ကျပ် ၂ သိန်းထက် နည်းပါသည်။
လွန်ခဲ့သည့် တနှစ်က နိုင်ငံခြားကုမ္ပဏီ ၂ ခု ဝင်ရောက်လာကာ အင်တာနက် အသုံးပြုနိုင်သော ဆင်းကတ် တကတ် လျှင် ၁၅၀ဝ ကျပ်ဖြင့် စတင် ရောင်းချခဲ့ပြီး ဝယ်လိုအားလည်း ကြီးမားခဲ့သည်။
ထိုအချိန်မှ စ၍ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်် Android စနစ်သုံး စမတ်ဖုန်းများကို ဈေးနှုန်း သက်သာသောကြောင့် နိုင်ငံတဝန်း သုံးစွဲသူ များပြားလာခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသများမှ အစိမ်းရောင် စပါးခင်းများ ကြားတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်နေသည့် မြင်ကွင်းများကို မြင်တွေ့လာရသည်။ မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးမည့် ယခုနှစ် ဘဏ္ဍာရေးနှစ် အကုန်တွင် နိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း သုံးစွဲနိုင်လာလိမ့်မည်ဟု အစိုးရက ခန့်မှန်းထားသည်။
မိုဘိုင်းဖုန်း ကွန်ရက်များ ကျယ်ပြန့်လာခြင်းက ကိုယ်ရေးကိုယ်တာ သုံးစွဲနိုင်ခြင်းထက် ပို၍ အကျိုး ဖြစ်ထွန်းခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သဘာဝဘေးအန္တရာယ် စသည့် အကြောင်းအရာများကို ဝေမျှပေးနိုင်ခဲ့သည်။
ယခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ဝ ခန့် သေဆုံးခဲ့၍ လူဦးရေ ၁ ဒဿမ ၃ သန်းကျော်တို့ ရေဘေးသင့်ခဲ့သည်။ မိုဘိုင်းဖုန်း သုံးစွဲသူ များပြားလာသည်နှင့် အမျှ ကယ်ဆယ်ရေး လုပ်သားများသည် ၂၀ဝ၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၃၀ဝဝဝ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ထက် ရေဘေးသင့်ပြည်သူများ တည်ရှိသည့်နေရာကို အလွယ်တကူ သိရှိနိုင်ခဲ့သည်။
“စမတ်ဖုန်းတွေကြောင့် ကယ်ဆယ်ရေးတွေ အများကြီးလုပ်နိုင်တာ ကျမ တွေ့ခဲ့ရပါတယ်” ဟု မဖြူနှင်းငြိမ်းက ပြောသည်။
တောင်သူလယ်သမားများ စမတ်ဖုန်း သုံးစွဲမှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အခန်းကဏ္ဍ တိုးတက်နိုင်ရေး အတွက်လည်း အထောက်အကူ ဖြစ်ခဲ့ပါသည်။
Proximity Designs ကို ပူးတွဲတည်ထောင်သူ Jim Taylor က သူတို့ အဖွဲ့က မြေယာအနည်းငယ်သာ ပိုင်ဆိုင်သည့် လယ်သမားများ အတွက် မြေယာနှင့် သီးနှံများကို စမ်းသပ်လေ့လာနိုင်သည့် Application တခုကို စမ်းသပ်ကြည့်နေပြီး လမ်းညွှန်မှုများ တောင်းခံနိုင်ရန်လည်း ပါဝင်ကြောင်း ပြောသည်။ ထို့ပြင် မြေဆီလွှာ၏ စိုထိုင်းဆနှင့် မြေဧရိယာကို အတိအကျ တိုင်းတာပေးမည့် Application များ ရေးဆွဲနေသည်ဟု သိရသည်။
“အမေရိက၊ ဥရောပနဲ့ ဩစတြေးလျက လယ်ကွင်းတွေမှာ စစ်ဆေးတိုင်းတာပြီး စိုက်ပျိုးတဲ့ နည်းပညာကို အသုံးပြု လာကြပါပြီ။ မြန်မာနိုင်ငံက မြေယာ အနည်းငယ်ပိုင်ဆိုင်တဲ့ လယ်သမားတွေလည်း ဒီလို အသုံးပြုတာကို မြင်တွေ့ချင် ပါတယ်” ဟု Jim Taylor က ပြောသည်။
၂၀ဝ၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုးမှုက အောက်ဆုံး အဆင့်တွင် ရှိနေခဲ့သော်လည်း ဖုန်းနည်းပညာသစ်က အပြောင်းအလဲဖြစ်စေရန် အားပေးနေသည်။ အောင်မြင်သော မိုဘိုင်း Application တခုမှာ မေမေ အမည်ရှိ ကိုယ်ဝန်ဆောင်များကို လအလိုက် အကြံဉာဏ်များ ပေးခြင်းနှင့် ဆရာဝန်ဆီသို့ လမ်းညွှန်ပေးခြင်းများ ပြုလုပ်ပေးသည့် Application ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံသားများ အနေဖြင့် စမတ်ဖုန်းများ လျင်လျင်မြန်မြန် ခေတ်စားလာမှုနှင့် လူမှုမီဒီယာများကြောင့် အခက်အခဲများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
မိုဘိုင်းဖုန်း သုံးစွဲသူများက အင်တာနက်ပေါ်ရှိ အကြောင်းအရာမျာကို ဝေမျှနေကြပြီး အကျိုးဆက်ကို အပြည့်အဝ နားမလည်ကြကြောင်း မြန်မာ အမေရိကန် စာရေးဆရာ ဘလော့ဂါတဦး ဖြစ်သည့် Kenneth Wong က ပြောသည်။
“အင်တာနက်ပေါ်မှာ အစစ်အမှန် မဟုတ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်။ ဖိုတိုရှော့နဲ့ ပြုပြင်ထားတဲ့ ပုံတွေကို ဝေမျှနေကြတာတွေကို ကျနော် တွေ့နေရတယ်။ အဲဒီလို အကြောင်းအရာတွေကို အတွေ့အကြုံများတဲ့ အင်တာနက် အသုံးပြုသူတွေကတော့ နည်းလမ်းတကျ မဟုတ်ဘူး လို့ ယူဆကြပါလိမ့်မယ်” ဟု သူက ပြောသည်။
ယမန်နှစ်က မွတ်စလင်ဘာသာ ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းသည် အရှင်ဝီရသူ ဖေ့ဘုတ်ကြောင့် ဖြစ်သည်ဟု အများက ယူဆနေကြကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
“မန္တလေးမြို့မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စလင်ဘာသာဝင် ညီအစ်ကို ၂ ယောက်ဗုဒ္ဓဘာသာ အမျိုးသမီး ၁ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့တယ် ဆိုပြီးတော့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကို သံသယဖြစ်စရာ သတင်းရင်းမြစ် တခုက စတင်ဖြန့်ဝေခဲ့ပြီးတော့ လူတွေက အဲဒါကို အွန်လိုင်းပေါ်မှာ စပြီး ရှယ်ကြပါတယ်” ဟု Kenneth Wong က ပြောသည်။
အရှင်ဝီရသူမှ အဆိုပါ ဖြစ်ရပ်အပေါ် ရေးသားဖြန့်ဝေခဲ့ရာတွင် “အင်တာနက်ပေါ်မှာ ပြန့်သွားပြီးတော့ အဲဒီညမှာပဲ လူအုပ်ကြီးက လက်ဖက်ရည်ဆိုင်ကို ဝိုင်းပြီး ဖျက်ဆီးခဲ့ကြတယ်” ဟု သူက ဆိုသည်။
ထိုပဋိပက္ခကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသားတယောက်နှင့် မွတ်စလင်ဘာသာဝင် အမျိုးသား တယောက်တို့ သေဆုံးခဲ့ရသည်။
“ကျနော် စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်။ မြန်မာပြည်သူတွေက ဖော်ရွေပြီး သည်းခံတဲ့ လူမျိုး တွေလို့ ကျနော် ထင်ခဲ့တဲ့ နိုင်ငံမှာ ကျနော် ကြီးပြင်းခဲ့တာပါ။ ဒါက ကျနော်မြင်ခဲ့တဲ့ မြန်မာတွေနဲ့ ကွဲပြားနေပါတယ်” ဟု Kenneth Wong က ပြောသည်။
မြန်မာနိုင်ငံမှ လူသိများသော ပုဂ္ဂိုလ်များက လူမှုကွန်ရက် မီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးများကို သုံးစွဲသူများအား ပညာပေးရန် ကြိုးစား ပြင်ဆင်ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဘလော့ဂ်ဂါ တဦးဖြစ်သူ ကိုနေဘုန်းလတ်က “ပန်းစကား” လှုပ်ရှားမှုကို စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူများအား အွန်လိုင်းပေါ်တွင် တွေ့ရသည့် အကြောင်းအရာ၊ စကားလုံးများ၏ အကျိုးဆက်များကို ချင့်ချိန်စဉ်းစားကြရန် လှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ပါးစပ်တွင် ပန်းတပွင့်ကိုက်ထားသည့် ဆယ်ဖီပုံ ရိုက်ခြင်းဖြင့် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ Facebook ကလည်း ပန်းစကား စတစ်ကာများကို ဖြန့်ဝေခဲ့သည်။ သီတင်းပတ်တိုင်းတွင် သန်းနှင့် ချီသော ပန်းစကား စတစ်ကာများကို မြန်မာနိုင်ငံမှ အသုံးပြုသူများက ဝေမျှခဲ့ကြသည်ဟု ကုမ္ပဏီ၏ ပြောပြချက်အရ သိရသည်။ “စတစ်ကာများမှ တဆင့် လူမှုမီဒီယာကို ပြောင်းလဲရန် အားထုတ်ခြင်း ဖြစ်သည်” ဟု Facebookု က ဆိုသည်။ သုံးစွဲသူများ အတွက် အနှောင့်အယှက် ဖြစ်စေမည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကို Facebook သို့ တိုင်ကြား သတင်းပို့ နိုင်ရန်လည်း ပြုလုပ် ပေးခဲ့သည်။
ဧပြီလတွင် တက်ကြွလှုပ်ရှားသူ မွတ်စလင် အမျိုးသမီး မဝေဝေနုက #MyFriend လှုပ်ရှားမှုကို Facebook တွင် စတင် လုပ်ဆောင်ခဲ့သည်။ #MyFriend လှုပ်ရှားမှု ဆိုသည်မှာ ဘာသာမတူသော သို့မဟုတ် လူမျိုးစု မတူသော မိတ်ဆွေ၊ သူငယ်ချင်းများနှင့် အတူတွဲရိုက်ထားသည့်ဓာတ်ပုံကို (#) သင်္ကေတနှင့် တွဲဖက်၍ Facebook စာမျက်နှာတွင် ဖော်ပြခြင်း ဖြစ်သည်။
သည်းခံနိုင်ခြင်းကို မြှင့်တင်ပေးသည့် အပြင် ၂၀၁၀ ခုနှစ်မှစ၍ စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းလာခဲ့ပြီး ဒီမိုကရေစီ ပေါ်ထွန်းလာခါစသာ ရှိသေးသည့် မြန်မာနိုင်ငံတွင် အစိုးရ၏ ပွင့်လင်းမြင်သာမှုများ အကြောင်းကလည်း လူမှုမီဒီယာများ သို့ရောက်ရှိလာသည်။ Facebook တွင် မြန်မာ ပြည်သူများက နိုင်ငံရေး အကြောင်းအရာများကို ဆွေးနွေးကြပြီး ၎င်းတို့ မြင်တွေ့ခဲ့ရသည့် မတရားမှုများကို တင်ပြကြသည်။
စစ်အုပ်ချုပ်ရေး အောက်တွင် နှစ် ၅၀ ကျော် ကြာပြီးနောက် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ လ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။
“ပြည်သူတွေ ကိုယ်တိုင်က သတင်းပေးပို့နိုင်တဲ့ အခြေအနေကို အရင်က တွေးလို့တောင် မရခဲ့ပေမယ့် အခုဆိုရင် လုပ်နိုင်လာပါပြီ။ လူတွေက အခု ဆိုရင် မြန်မာ အစိုးရအာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို သက်သေပြတဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်ကို တင်နေကြပါပြီ။ ကျနော် ငယ်ငယ်တုန်းက ဆိုရင် ဒါတွေ ဖြစ်လာလိမ့်မယ်။ လူတွေက ဒီလိုလုပ်ရဲ ကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး” ဟု Kenneth Wong က ပြောသည်။
(အမေရိကန် ရေဒီယို National Public Radio သတင်းထောက် Lauren Leatherby ၏ Smart Phones Bring Happiness and Headaches to Myanmar ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)