၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီများကို တွစ်တာ (Twitter) အသုံးပြုခွင့် ပိတ်ရန် အမိန့်ပေးလိုက်ချိန်တွင် အိန္ဒိယအစိုးရအကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလေ့ရှိသည့် မွမ်ဘိုင်းရှိ Twitter အသုံးပြုသူတဦးက တွစ်တာကို သုံးမရ ဖွင့်မရဘဲ ဖြစ်နေခဲ့သည်။ သူက “ငါပဲ စိတ်ထင်နေတာလား။ ငါပဲ ကြောက်နေတာ ဖြစ်နိုင်ပေမယ့် Twitter ကို အသုံးပြုဖို့ ဘာဖြစ်လို့ ဒီလောက်ခက်နေရတာလဲ” ဟု သူငယ်ချင်းတဦးထံ Signal မှ စာတိုတစောင် ပေးပို့ခဲ့သည်။
သူ အကြောက်လွန်ခြင်းတော့ မဟုတ်။ မြန်မာနိုင်ငံတွင် Twitter ကို ပိတ်ဆို့ခြင်းကြောင့် Twitter အသုံးပြုသူ အနည်းဆုံး ဘီလီယံဝက်ခန့်၏ Twitter အကောင့်များ ယာယီပြတ်တောက်သွားခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နှင့် အလားတူ ဖြတ်တောက်မှုမျိုးကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကြုံခဲ့ရသည်။ ရုရှားနိုင်ငံက ၎င်း၏ပြည်သူများ အသုံးပြုခွင့် ပိတ်လိုက်ချိန်က ဥရောပတဝှမ်း Twitter အသုံးပြုခွင့်ကိုပါ အမှတ်မထင် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတခုခုက အင်တာနက်ကွန်ရက်မှ အသုံးပြုခွင့် ပိတ်ပင်လိုက်ချိန်တွင် နယ်စပ်တဖက်ကမ်း အိမ်နီးချင်း ပြည်သူများပါ အသုံးပြုခွင့်မရ ဖြစ်သွားသည်။ သို့မဟုတ် ကမ္ဘာတဘက်ရှိ အခြား ကမ္ဘာ့တိုက်ကြီးများမှ သုံးစွဲသူများသည်လည်း ပိတ်ပင်ခြင်း၏ အကျိုးဆက်ကို ခံစားရသည်။
“နိုင်ငံတခုက သူ့နယ်နိမိတ်အတွင်းမှာ လုပ်သမျှက အဲဒီနေရာတခုတည်းကို သက်ရောက်တာ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုချင်ပါတယ်။ ဆက်သွယ်ရေး အော်ပရေတာတွေ ဖိအားပေးခံရတဲ့ နည်းနာတွေက ကမ္ဘာနှင့်အဝှမ်း အပြန်အလှန် ချိတ်ဆက်နေကြတာပါ။ အခြား ဆက်သွယ်ရေးကုမ္ပဏီများ အားလုံးကလည်း အဲဒီအတိုင်းပဲ လုပ်ကြတယ်”
“နိုင်ငံတခုက သူ့နယ်နိမိတ်အတွင်းမှာ လုပ်သမျှက အဲဒီနေရာတခုတည်းကို သက်ရောက်တာ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုချင်ပါတယ်။ ဆက်သွယ်ရေး အော်ပရေတာတွေ ဖိအားပေးခံရတဲ့ နည်းနာတွေက ကမ္ဘာနှင့်အဝှမ်း အပြန်အလှန် ချိတ်ဆက်နေကြတာပါ။ အခြား ဆက်သွယ်ရေးကုမ္ပဏီများ အားလုံးကလည်း အဲဒီအတိုင်းပဲ လုပ်ကြတယ်” ဟု ဒစ်ဂျစ်တယ် အခွင့်အရေးအတွက် လှုပ်ရှားသော အကျိုးအမြတ်မယူသောအဖွဲ့ တခုဖြစ်သည့် Access Now အဖွဲ့မှ Raman Singh က ဆိုသည်။
ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီများ၏ routing အင်တာနက်လမ်းကြောင်း ရွေးချယ်မှု ဆုံးဖြတ်ချက်များသည် အင်တာနက် လွတ်လပ်ခွင့်၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် အွန်လိုင်း စောင့်ကြည့်ခြင်းတို့ကို ဆုံးဖြတ်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အန္တရာယ်ရှိသော၊ မရည်ရွယ်သော သို့မဟုတ် မရှင်းလင်းသော ဆက်သွယ်ရေး လမ်းညွှန်ချက်များတွင် ကြိုမမြင်နိုင်သည့် အကျိုးဆက်အများအပြား ရှိနိုင်သည်။
အင်တာနက် ပိတ်လိုက်ခြင်းက မည်သို့ ပျံ့သွားနိုင်မည်လဲ။
အင်တာနက်လုပ်ငန်းတခုလုံး၏ လုပ်ငန်းဆောင်တာပုံကို နောက်ကွယ်မှ ကြည့်ပါက အင်တာနက်သည် မြေပုံတခုနှင့် ဆင်တူသည်။ အင်တာနက်လမ်းကြောင်းကို တိုက်ရိုက်ပို့ဆောင်ပေးသည့် Border Gateway Protocol (BGP) ဟု ခေါ်သော ဒစ်ဂျစ်တယ် လမ်းကြောင်းများဖြင့် ပြည့်နေသည်။ လမ်းကြောင်းညွှန်ကြားသည့် အရာများသည် ပုံဆောင် Fat Controller များကဲ့သို့ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အဆက်မပြတ် ရွေ့လျားနေသော မြေပုံတခုကို စီမံခန့်ခွဲသည်။ ဝက်ဘ်ဆိုက်အသစ်များကို ဖန်တီးပြီး၊ လမ်းကြောင်းအသစ်များကို ပေါင်းထည့်ကာ ရှိရင်းစွဲ လမ်းကြောင်းများကို ပြောင်းလဲလိုက်သည်။ ထိုလုပ်ဆောင်မှုအားလုံးသည် ဗဟိုထိန်းချုပ်အခန်း၏ လုပ်ဆောင်မှုမပါဘဲ ပြောင်းလဲသွားခြင်း ဖြစ်သည်။
အပ်ဒိတ်အားလုံးကို အမိန့်ပေးကွင်းဆက်ဖြင့် ဆက်သွယ်သည်။ အော်ပရေတာတဦးသည် ၎င်းတို့၏ လမ်းကြောင်းများထဲမှ တခုခုကို ပြောင်းလိုက်ပါက သတင်းပေးချက် ထွက်ပေါ်လာသည်။ ယင်းကို အိမ်နီးနားချင်း အော်ပရေတာများက သတိပြုမိပြီး မြေပုံကို ပြန်လည်ရေးဆွဲရန် ၎င်းတို့ ကွန်ပျူတာရှိ ပုံဖော်စက်များကို အမိန့်ပေးသည်။ ဝက်ဘ်ဆိုက်ပိတ်ဆို့ခြင်းသည် ယင်းနှင့် နည်းနာတူသည်။ သို့သော် လမ်းကြောင်း ပြန်ပြောင်းလိုက်ခြင်းသည် လမ်းပိတ်တခုဆီ ရောက်သွားပုံနှင့် ဆင်တူသည်။
ရုရှားနှင့် မြန်မာတို့၏ သီးခြားစီ တွစ်တာပိတ်ဆို့မှုက မရည်ရွယ်ဘဲ အခြားကမ္ဘာ့တိုက်ကြီးများတွင်ပါ တွစ်တာ ပိတ်ဆို့မှု ဖြစ်လာခြင်းသည် ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆာင်မှုပေးသူများ၏ လမ်းကြောင်း ပြောင်းမှုက လမ်းပိတ်ဆီရောက်သွားခြင်းကဲ့သို့ လမ်းကြောင်းလွဲသွားခြင်းကြောင့် ဖြစ်သည်။ ဤသည်ကို “ပေါက်ကြားခြင်း” ဟု တရားဝင်ရည်ညွှန်းသည်။
ရုရှားနှင့် မြန်မာတို့၏ သီးခြားစီ တွစ်တာပိတ်ဆို့မှုက မရည်ရွယ်ဘဲ အခြားကမ္ဘာ့တိုက်ကြီးများတွင်ပါ တွစ်တာ ပိတ်ဆို့မှု ဖြစ်လာပြီး ယင်းသည် ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆာင်မှုပေးသူများ၏ လမ်းကြောင်းပြောင်းမှုက လမ်းပိတ်ဆီရောက်သွားခြင်းကဲ့သို့ လမ်းကြောင်းလွဲသွားခြင်းကြောင့် ဖြစ်သည်။ ဤသည်ကို “ပေါက်ကြားခြင်း” ဟု တရားဝင်ရည်ညွှန်းသည်။
မြန်မာနိုင်ငံ ဖြစ်ရပ်တွင် စင်ကာပူအခြေစိုက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသည့် Campana ကုမ္ပဏီသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းသို့ ဝင်ရောက်အသုံးပြုခွင့်ကို အမှတ်မထင် ပိတ်ခဲ့ခြင်းဖြစ်ပြီး ထိုပိတ်ပင်မှုသည် အာရှဒေသတဝှမ်းနှင့် အမေရိကန် ပြည်ထောင်စုအထိပါ ပျံ့နှံ့သွားခဲ့သည်။ ထိုပြဿနာကို အလျင်အမြန် ဖြေရှင်းနိုင်ခဲ့သော်လည်း အင်တာနက်အသုံးပြုသူ အနည်းဆုံး သန်း ၅၀၀ ကျော်သည် ယာယီပြတ်တောက်မှုကို ကြုံတွေ့ရသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသည်။ ယင်းဦးရေသည် ကမ္ဘာ့တဝှမ်း အွန်လိုင်းအသုံးပြုသူ လူဦးရေ၏ ဆယ်ပုံတပုံကျော်ရှိသည်။
ဤဖြစ်ရပ်သည် ၂၀၀၈ ခုနှစ် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်နှင့် ဆင်တူသည်။ ထိုအချိန်က ပါကစ္စတန်နိုင်ငံသည် YouTube ကို ပိတ်လိုက်ရာ တကမ္ဘာလုံးရှိ အင်တာနက်သုံးစွဲသူ သုံးပုံနှစ်ပုံသည် နာရီ အတော်ကြာ ဖွင့်မရဘဲ ပြတ်တောက်သွားသည်။ ပါကစ္စတန်အစိုးရသည် အငြင်းပွားဖွယ်ရာ နယ်သာလန်နိုင်ငံရေးသမား Geert Wilders ၏ အစ္စလာမ္မစ်ဆန့်ကျင်ရေး ရုပ်ရှင်နမူနာကားကို ပိတ်ဆို့လိုခြင်း ဖြစ်သည်။
သို့သော် BGP ပေါက်ကြားမှုသည် ကမ္ဘာတဝှမ်းအသုံးပြုသူများကို ပါကစ္စတန်၏ ဗီဒီယိုမျှဝေသည့်ဆိုက်တခုသို့ မရည်ရွယ်ဘဲ ပြန်ညွှန်းသလို ဖြစ်ခဲ့သည်။ အွန်လိုင်းအသုံးပြုမှု စုပြုံပြီး YouTube သို့ ဝင်မရဘဲ ဖြစ်သွားသည်။ Kentik ဟုခေါ်သော ကွန်ရက်စီမံခန့်ခွဲမှုနှင့် အင်တာနက်စောင့်ကြည့်ရေး အဖွဲ့မှ Doug Madory က “အဲဒါက ကိုယ့်ဒုက္ခကိုယ်ရှာတဲ့၊ ဝန်ဆောင်မှုမပေးလိုတဲ့ တိုက်ခိုက်မှုလိုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က YouTube ရဲ့ ကမ္ဘာတဝှမ်းသုံးနေတဲ့ ပမာဏကို မကိုင်တွယ်တတ်တာကြောင့် ဖြစ်ရတာ” ဟု ဆိုသည်။
အင်တာနက်ပိတ်ဆို့ခြင်း၏ မရည်ရွယ်သော အကျိုးဆက် ဖြစ်ပေါ်ခဲ့သည့် နောက်ထပ် ဥပမာတခုသည် ၂၀၁၀ ခုနှစ်တွင် ဖြစ်ခဲ့သည်။ ချီလီအခြေစိုက် DNS စီမံခန့်ခွဲသူ Mauricio Vergara Ereche သည် ဖေ့စ်ဘုတ်နှင့် ၎င်း အသုံးပြုခွင့်ရနေကျ အခြားဆိုက်များမှ မကြာခဏအပိတ်ခံနေရသည်ကို သတိပြုမိခဲ့သည်။ အွန်လိုင်းမှတဆင့် ရှာဖွေမှု ဆယ့်သုံးကြိမ်တိုင်းတွင် တခုသည် တရုတ်နိုင်ငံ၏ great firewall နှင့် ကြုံရသည်။ အကြောင်းရင်းမှာ ကမ္ဘာတဝှမ်းရှိ မတူညီသော နေရာများတွင် အခြေစိုက်ပြီး ကုမ္ပဏီတခုချင်းစီက ဝန်ဆောင်မှု ပေးသော ‘route nameservers’ ဆယ့်သုံးခုအပေါ် မှီခိုနေရသည့် အင်တာနက်၏ ပူးပေါင်းလုပ်ဆောင်သည့် ချဉ်းကပ်မှုကြောင့် ဖြစ်သည်။
အသုံးပြုသူတဦးသည် ရှာဖွေမှုတခု ပြုလုပ်သည့်အခါတိုင်း၊ သင့်လျော်သော လမ်းကြောင်းကို ရှာမတွေ့မီတွင် အင်တာနက်သည် မြေပုံပေါ်တွင် အစမှတ်ကို ရှာဖွေရန် လိုအပ်သည်။ “ဒါက ဆယ့်သုံးခုထဲမှ ဘယ်တခုကို ဘယ်လို ရွေးချယ်မလဲဆိုတဲ့ ဝိုင်းဝန်းလုပ်ဆောင်ရသည့် ဖြစ်စဉ်တခု ဖြစ်တယ်။ တခုခုရှာလိုက်တိုင်းမှာ မတူညီတဲ့တခုဆီ ရောက်သွားတယ်” ဟု Doug Madory က ရှင်းပြသည်။
ဆယ့်သုံးခုမှ တခုဖြစ်သော ဆွီဒင်ကုမ္ပဏီ Netnod သည် တရုတ်နိုင်ငံတွင် ဆာဗာတခု ရှိသည်။ ယင်းသည် တရုတ်ဆင်ဆာဥပဒေများကို လိုက်နာရန် လိုအပ်သည်။ ထို့ကြောင့် Ereche ၏ ချီလီအင်တာနက်သည် တရုတ်၏ ဆင်ဆာဖြတ်တောက်မှုကို ဆယ့်သုံးကြိမ်လျှင် တကြိမ် ခံရသည်။ ယင်းသို့ ခံရသည်မှာ ၎င်းတဦးတည်း မဟုတ်ပေ။ ပစိဖိတ်ဒေသတဝှမ်းလုံးတွင် အင်တာနက် အသုံးပြုသူများသည် တရုတ်ကွန်မြူနစ်ပါတီက ထိလွယ်ရှလွယ် ဟုယူဆသည့် အကြောင်းအရာ အားလုံးကို အင်တာနက် ဆင်ဆာဖြတ်ထားသော တရုတ်ဗားရှင်းကို လိုက်နာရသည့် အစီရင်ခံစာများ ရှိသည်။ နည်းပညာကုမ္ပဏီတခု၏ ရုံးချုပ်ထားရှိသည့်နေရာ ဆုံးဖြတ်ချက်ကြောင့် လူသန်းပေါင်းများစွာသည် တရုတ်နိုင်ငံအတွင်း၌ ရှိမနေသော်လည်း မရည်ရွယ်ဘဲ Great Firewall နှင့် ကြုံရသည်။
အသုံးပြုသူတဦးသည် ရှာဖွေမှုတခု ပြုလုပ်သည့်အခါတိုင်း၊ သင့်လျော်သော လမ်းကြောင်းကို ရှာမတွေ့မီတွင် အင်တာနက်သည် မြေပုံပေါ်တွင် အစမှတ်ကို ရှာဖွေရန် လိုအပ်သည်။ “ဒါက ဆယ့်သုံးခုထဲမှ ဘယ်တခုကို ဘယ်လို ရွေးချယ်မလဲဆိုတဲ့ ဝိုင်းဝန်းလုပ်ဆောင်ရသည့် ဖြစ်စဉ်တခု ဖြစ်တယ်။ တခုခုရှာလိုက်တိုင်းမှာ မတူညီတဲ့တခုဆီ ရောက်သွားတယ်” ဟု Doug Madory က ရှင်းပြသည်။
ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်သူများ၏ စွမ်းဆောင်မှုသည် အင်တာနက်လွတ်လပ်ခွင့်အပေါ် သက်ရောက်မှု ပြင်းထန်သော်လည်း ကမ္ဘာတဝှမ်း အဖွဲ့အစည်း အနည်းငယ်ကသာ ၎င်းတို့၏ လုပ်ဆောင်မှုများကို ထိန်းသိမ်းကြပ်မတ်သည်။ ၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂက စည်းနှောင်မှုမရှိသော မဲဆန္ဒဖြင့် အင်တာနက် အသုံးပြုခွင့်သည် လူ့အခွင့်အရေးဖြစ်သည်ဟု ကြေညာခဲ့သော်လည်း အင်တာနက်ပိတ်ရန် မိန်းခလုတ် ဆွဲပိတ်သည့် နိုင်ငံအရေအတွက် တိုးလာခြင်းကြောင့် ပြဿနာကို အင်စတီကျူးရှင်း အဆင့်တွင် ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးဆန္ဒ အနည်းငယ်သာရှိကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ် Irvine မှ ဥပဒေပါမောက္ခတဦးလည်းဖြစ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည့် David Kaye က ဆိုသည်။
“ပြဿနာက အဲဒီဆုံးဖြတ်ချက်တွေကို မဲပေးခဲ့တဲ့ အစိုးရတွေကပဲ အင်တာနက်ပိတ်ဖို့ လုပ်ဆောင်နေတဲ့ သူတွေ ဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။
(The Guardian မှ Julia Bergin နှင့် Louisa Lim တို့၏ When internet shutdowns spill over borders ကို ဘာသာပြန် ဖော်ပြသည်။ ဤဆောင်းပါးကို Judith Neilson Institute မှ ငွေကြေးထောက်ပံ့သည်။)
You may also like these stories:
အင်တာနက် ထိန်းချုပ်မှုကို လက်နက်သဖွယ် အသုံးပြုလာခြင်း
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား
အင်တာနက်ဖြတ်တောက်မှုနှင့် စစ်ကောင်စီ၏ အရိပ်မဲ့စစ်ဆင်ရေး