အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်အကျပ်အတည်းက စလို့ စီးပွားရေးမပြေလည်မှုတွေကနေ ငွေကြေးလိမ်လည်မှုတွေ ဟာ နယ်ပယ်အသီးသီးမှာ ခပ်စိတ်စိတ်ဖြစ်လာနေတာကို တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ အွန်လိုင်းကနေ ငွေကြေးရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ Capital FX Myanmar နဲ့ Yangon Times investment ကုမ္ပဏီတွေဟာ ရင်းနှီးမြှပ်နှံကြတဲ့သူတွေဆီက သိန်းပေါင်းသောင်းချီ လိမ်လည်သွား တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘဏ်တွေအပေါ် ယုံကြည်မှုကျဆင်းလာသလို လုပ်ကိုင်စရာ စီးပွားရေးက လည်း မယ်မယ်ရရ မရှိတာကြောင့် ငွေပင်ငွေရင်းရှိသူ အများစုဟာ ရွှေ၊ ဒေါ်လာ၊ ကားနဲ့ အိမ်ခြံမြေဈေးကွက်တွေမှာ မြှပ်နှံ လာကြသလို အွန်လိုင်းငွေကြေး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေမှာလည်း စမ်းသပ်လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။
အွန်လိုင်းငွေကြေး ရင်းနှီးမြှပ်နှံမှုဆိုတာ ဘာလဲ
အင်တာနက်ခေတ်ကြီးမှာ မြန်မာနိုင်ငံသား အများစုဟာ အွန်လိုင်းပေါ်ကနေ စုမဲပုံစံလုပ်တာ၊ အစုရှယ်ယာဆိုပြီး အတိုးနှုန်း ကို ပုံစံအမျိုးမျိုးနဲ့ ရောင်းချတာ၊ ငွေချေးလုပ်ငန်းနဲ့ Forex Trading လို့ခေါ်တဲ့ ကမာ္ဘ့စီးပွားရေး ငွေကြေးဈေးကွက်မှာ ဝင် ရောက် ရင်းနှီးမြှပ်နှံတာတွေကို လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။
Forex Trading ရင်းနှီးမြှပ်နှံမှု ဆိုတာက အမြတ်ရနိုင်ချေရှိတဲ့ ကမာ္ဘ့ငွေကြေးဈေးကွက်တွေကို ခန့်မှန်းတွက်ချက်ပြီး ရင်းနှီး မြှုပ်နှံတဲ့လုပ်ငန်းဖြစ်တယ်။ ဥပမာ ကမာ္ဘ့ရွှေဈေး၊ ရေနံဈေး၊ စတော့ရှယ်ယာနဲ့ စိုက်ပျိုးရေးထွက်ကုန် စတဲ့ လုပ်ငန်းတွေမှာ ရောင်းဝယ်လုပ်ကိုင်ပြီး ရလာတဲ့ အမြတ်ပေါ်မှာ ပြန်လည်ခွဲဝေပေးတာမျိုး ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ တရားဝင်လုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံကြပေမယ့် မြန်မာနိုင်ငံမှာတော့ တရားဝင်လုပ်ငန်း မဟုတ်သေး သလို အွန်လိုင်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေလည်း မရှိသေးတာကို အခွင့်ကောင်းယူကာ ငွေကြေး ဈေးကွက် နားလည်တတ်ကျွမ်းသူတွေက ကုမ္ပဏီထောင်ပြီး ပြည်တွင်းမှာ လုပ်ကိုင်ကြရာကနေ လိမ်လည်သူအချို့လည်း ပါဝင်လာကာ Forex Trading App အတုလုပ် လိမ်လည်တာမျိုးလည်း ရှိလာပါတယ်။
အွန်လိုင်းရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ရာမှ အလိမ်ခံလိုက်ရတဲ့ မခင်ဝင်း (အမည်လွဲ) တယောက်ကတော့“ဘဏ်တွေကလည်း စိတ်မချရတော့ ဒါက ဘဏ်တိုးထက်ပိုရတယ်ဆိုပြီး လုပ်လိုက်မိတာ၊ Trader(ကုန်သည်) က ရွှေဈေး အတက်အကျကြမ်း လို့ ရှုံးသွားတယ် ပြောတယ်။ ပထမ ၃ လ လောက်တော့ အမြတ်ရလိုက်တယ်။ ပြီးတော့ ရင်းထားသမျှသိန်း ၁၀၀ ကျော် အကုန်ပါ သွားတာ” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။
သူ့ အတွေ့အကြုံအရတော့ ဒီလို Forex Trading အကြောင်းကို ယုံကြည်လာအောင် ရွှေရောင်းရွှေဝယ် Facebook ဂရုထဲမှာတွေ့တဲ့ လူတယောက် ကနေ ပြောဆိုစည်းရုံးရာကစပြီး နိုင်ငံခြားကုမ္ပဏီလို့ အမှန်ထင်ကာ ရင်းနှီးမိလိုက်တာလို့ ဆိုပါတယ်။
အွန်လိုင်းစုမဲဆိုတာ ဘယ်လိုမျိုးလဲ
မကြာသေးမီကလည်း အွန်လိုင်းပေါ်မှာ စိန်ရွှေရတနာများကို Live လွှင့်ရောင်းချနေတဲ့ ရွှေပြည်သာမြို့နယ်နေ အသက် ၂၀ ကျော် အမျိုးသမီးတဦးက ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားအများစုနဲ့ တခြားသူတွေဆီကပါ ကျပ် သိန်းပေါင်း နှစ်သောင်းကျော် လိမ်လည်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
သူရဲ့ လုပ်ပုံလုပ်နည်းကတော့ လူတွေ ယုံကြည်လာအောင် သူများဆီက စိန်ရွှေရတနာတွေကို သူပိုင်လေဟန် လုပ်ကာ Live လွှင့် ရောင်းချပြီးနောက် အုပ်စုဖွဲ့ကာ စုမဲ ဒိုင်ကိုင်ပါတယ်။ စုမဲ အနေနဲ့ တလကို ကျပ် ၁၀ သိန်း စုပါက အတိုး ၃ သိန်း ပေးတဲ့အတွက် ဘဏ်တွေရဲ့ တလအတိုးနှုန်းထက် ၄၂ ဆလောက် ပိုရတာကြောင့် အလုပ်အကိုင်စီးပွားရေး မကောင်းတဲ့ အခုလို အကျပ်အတည်းကာလမှာ အတိုးက မက်လောက်စရာ ဖြစ်နေတာမလို့ စုငွေထည့်သူများလှပါတယ်။
ထိုအမျိုးသမီးရဲ့ စုမဲမှာပါဝင်ပြီး အလိမ်ခံရသူတဦးက “ စီးပွားရေးတခုအနေနဲ့ အတိုးအများကြီးပေးတော့ ဝင်ဆော့မိသွား တာ အခုထိတော့ ပြန်မရဘူး”လို့ ပြောပါတယ်။
အွန်လိုင်းငွေကြေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ကုမ္ပဏီများ
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ Capital FX Myanmar အမည်ရှိ ကုမ္ပဏီဟာ လူပေါင်း ၃ သောင်းကျော် ထည့်ဝင်ထားတဲ့ အစုရှယ်ယာ ကျပ်ငွေ ဘီလီယံပေါင်း များစွာကို လိမ်လည်တိမ်းရှောင်နေတဲ့ အကြောင်း မီဒီယာတွေမှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖော်ထုတ်လာတာ တွေ့ရပါတယ်။
ဒီကုမ္ပဏီက ရှယ်ယာတွေကို အနည်းဆုံး အနည်းဆုံး ၃ သိန်းကနေ သိန်းထောင်ချီ ရောင်းချပြီး ရှယ်ယာငွေ တလထည့် ထားရင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လထားရင် အတိုးအမြတ်ငွေ ၁၂ ရာခိုင်နှုန်း၊ ၆ လ ရှယ်ယာ ထည့်ထားရင် အတိုး အမြတ်ငွေ ၁၅ ရာခိုင်နှုန်းပေးမယ်လို့ ဆွဲဆောင်ကာ ဘီလီယံနဲ့ ချီ ငွေကြေးလိမ်လည်သွားတယ်လို့ ဆိုပါတယ်။
ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြန်ဖြေရှင်းထားပြီး ရင်းနှီးမြှပ်နှံထားတဲ့ ဖောက်သည်တွေရဲ့ အရင်း ငွေကြေး အနည်းအများပေါ် မူတည်ပြီး ၁လကနေ ၂နှစ်အတွင်း အပြီး ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း Forex Copy Trading & Bitcoin Mining လုပ်ငန်းလုပ်ကိုင်တယ်လို့ ဖော်ပြ ထားတဲ့ Yangon Times Investment ကုမ္ပဏီဟာ လူအများဆီက ကျပ်သိန်းပေါင်း သောင်းချီလိမ်လည် သွားတယ်လို့ မီဒီယာတွေက ဆိုပြန်ပါတယ်။
အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းပေမယ့် Capital FX Myanmar က ဖုန်းချပစ်သလို Yangon Times Investment ကုမ္ပဏီက ဖုန်းစက်ပိတ်ထားပါတယ်။
ဘယ်လို စည်းရုံးသိမ်းသွင်းပြီး ငွေလိမ်လည်ကြသလဲ
လူအများစုဆီက ငွေကြေးလိမ်လည်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေဟာ ကမာ္ဘ့ငွေကြေးဈေးကွက်နဲ့ ဆက်စပ်လုပ်ကိုင် တယ်ဆိုကာ လူမှုကွန်ရက်စာမျက်နှာတွေ၊ သီးသန့်ထောင်ထားတဲ့ ဂရုတွေ၊ တယ်လီဂရမ်ချန်နယ်တွေက တဆင့် နေ့စဉ်နဲ့ အမျှဝင်ရောက် စည်းရုံးနေကြတာပါ။
မြန်မာလူမျိုး အများစုဟာ အယုံလွယ်သလို လောဘလည်းကြီးတာကြောင့် အခုလို ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ ဟာ ခေတ်အဆက်ဆက် ရှိနေဆဲဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။
တဖက်က ကြည့်ရင်လည်း အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ယိုယွင်းလာသလို စစ်ကောင်စီရဲ့ မူဝါဒ အလွဲတွေကြောင့် လုပ်ငန်းလုပ်ဖို့ရာ ပိုပြီးကျပ်တည်းလာတဲ့အတွက် အွန်လိုင်းပေါ်ကနေ အတိုးနှုန်းကို မက်လောက်အောင် ပေးပြီး စီးပွားရေးလုပ်ငန်းတခုသဖွယ် စွဲဆောင်လာခြင်းကလည်း ပြည်သူတွေအတွက် သတိကြီးကြီးထားရမယ့် ထောင် ချောက်တွေ ဖြစ်သလို အချို့သော အွန်လိုင်းပေါ်က ငွေကြေးရင်းနှီးမြှပ်နှံမှု လုပ်ငန်းဆိုတာ ယုံကြည် စိတ်ချရတဲ့ ရင်းနှီးမြှပ်နှံ မှု တော့ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
လိမ်လည်မှု အမျိုးအစား
ပထမတချက်က ဝါသနာအရ သူတပါးဆီက ပိုက်ဆံကို လိမ်လည်ယူဆောင်တာ၊ ဒုတိယက လူတွေဆီက လိမ်လည်ဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ကုမ္ပဏီတွေထောင်ပြီး လုပ်ဆောင်တာတွေနဲ့ တတိယတမျိုးကတော့ လိမ် လိုတဲ့ ဆန္ဒမရှိပေမယ့် တဖက်က ရင်းနှီးမြှပ်နှံထားတဲ့ ငွေကြေးတွေကို အခြားတဖက်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ် ကိုင်ရင်း လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းက အဆင်မပြေ ဖြစ်နေချိန်မှာ ရင်းနှီးမြှပ်နှံထားသူတွေကို ပြန်မပေးနိုင်တော့ဘဲ လိမ်သလို ဖြစ်သွားရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
ငွေကြေးဈေးကွက် ကျွမ်းကျင်သူ ပြည်တွင်းစီးပွားရေးပညာရှင်တဦးက “အထူးသဖြင့် ပဲကုန်သည်ကြီးတွေ၊ ကြိုရောင်း၊ ကြိုဝယ်တွေ အကြီးအကျယ် လုပ်ကြပြီးတော့ ငွေတွေ ဝင်လာတဲ့အခါ အဲ့ဒါတွေနဲ့ ဟောင်ကောင်တို့ ဘာတို့မှာ ရွှေတို့ ကုန်ပစ္စည်းတို့ ကစားတယ်ဆိုပြီး လုပ်ခဲ့တာ။ တကယ်တမ်းက ဒါမျိုးကို သူတို့ လုပ်လည်း မလုပ်တတ်ဘူး။ နားလည်း မလည်ဘူး ဒါကို စနစ်တကျ လုပ်ပေး၊ ကိုင်ပေးမယ့် သူများနိုင်ငံလိုစနစ်တို့မှာ ဘာမှမရှိဘူး။ မရှိတော့ အလိမ်ခံရတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
ဒီလုပ်ငန်းတွေကို အရင်က လူသိနည်းပေမယ့် ၂၀၂၀ပြည့်နှစ် ဝန်းကျင်ကစလို့ ငွေကြေးရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလာရာက အာဏာသိမ်းပြီး နောက်မှာ ဆက်တိုက်ကျဆင်းလာတဲ့ ကျပ်ငွေကို ကိုင်ထားရင် ဆုံးရှုံးရမှာကြောက်တဲ့ သာမန်ပြည်သူတွေ၊ ပင်စင်စားတွေကအစ ဒီလိုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံလာကြ တာဖြစ်ပါတယ်။
ခိုင်မာတဲ့ ဥပဒေတွေရှိပြီး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ထားတဲ့ကမာ္ဘ့နိုင်ငံအချို့မှာတောင် ဒီလို အွန်လိုင်းရင်းနှီး မြှပ်နှံ မှု လုပ်ငန်းဆိုတာ အန္တရာယ်များပြီး ရှုပ်ထွေးတာကြောင့် မလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့၊ စိတ်ချရတဲ့ ကိုယ်စားလှယ်တွေ ကို သေချာလေ့လာစုံစမ်းပြီးမှ ချိတ်ဆက်လုပ်ဆောင်ဖို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက အသိပေးကြပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်အကိုင်ရှားပါးလာတာ၊ စီးပွားရေး လုပ်ကိုင်စရာ နယ်ပယ်ကျဉ်း မြောင်းလာတာ စတဲ့အချက်တွေကြောင့် ငွေကြေးရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေက တဖန်ပြန်လည် ခေတ်စားလာပြီး ဒီနှစ်ထဲ မှာပဲ အလိမ်ခံရမှုတွေက တဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီဖြင့်သော်လည်းကောင်း စုစုပေါင်း သိန်းပေါင်း ၁သိန်း ခွဲ နီးပါးလောက် ရှိပါတယ်။
အထက်ပါ ကိန်းဂဏန်းတွေဟာ ခန့်မှန်းခြေသာဖြစ်ပြီး ဧရာဝတီအနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း သတင်းတွေမှာ ဖော်ပြပါရှိတဲ့ ငွေကြေးလိမ်လည်မှုတွေကိုသာ စုပေါင်းစာရင်းကောက်ထားတာ ဖြစ်လို့ လက်ရှိမြေပြင် အခြေအနေမှာ ဒီထက် ပိုများနိုင်ပါ တယ်။
ဒီလို ငွေကြေးလိမ်လည်ခံရမှုတွေကို ဘယ်လိုဖြေရှင်းမလဲ
တရားမကြောင်းအရ တရားစွဲဆိုနိုင်တဲ့ အမှုတွေမှာ (၁) ကတိပျက်ကွက်မှု (၂) ကြွေးမြီရလိုမှု (၃) လျော်ကြေးရလိုမှု (၄) ကတိအတိုင်း ဆောင်ရွက်ပေးစေလိုမှု စတာတွေ ပါဝင်တဲ့အတွက် လိမ်လည်မှုတွေကို ဥပဒေကြောင်းအရ တရားစွဲလို့ ရပါတယ်။
တရားလွှတ်တော် ရှေ့နေတဦးက” အွန်လိုင်းကဆိုရင် သူတို့ငွေလွှဲ၊ ငွေထုတ်တဲ့ အရာတွေနဲ့ စွဲလို့ ရတယ်။ လိမ်လည်မှုနဲ့ တော့မရဘူး။ တရားမမှုနဲ့ပဲ ရမယ်။ ဒါကတော့ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ ပြုလုပ်ထားလဲ ဆိုတဲ့ အကြောင်းအရာပေါ်မူတည် တယ်”လို့ ဆိုပါတယ်။
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ပါက ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အငြင်းပွား မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု နည်းဥပဒေပုဒ်မ (၁၇၄)အရ အချင်းချင်းကြား ချုပ်ဆိုထားသော သဘောတူညီချက်၊ စည်းကမ်းချက်များနဲ့ အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ မပြေလည်ပါက တရားရုံး သို့မဟုတ် အနုညာတခုံရုံး(ပြည်တွင်း၊ပြည်ပ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းသည့် ခုံရုံး)တို့တွင် တရားစွဲဆိုနိုင်သည်လို့ ဖော်ပြ ထားပါတယ်။
ဝါရင့် ရှေ့နေတဦးက “လွယ်ရင် သူကြွယ်တောင်သူခိုးဖြစ်တယ်ဆိုတော့ ပြည်သူတွေအနေနဲ့ သတိထားရမှာက လောဘ မကြီးဖို့၊ အယုံမလွယ်ဖို့၊ သတိနဲ့ ချင့်ချိန် စဉ်းစားပြီး လုပ်ဖို့ လိုတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင် ဥပဒေ ခိုင်ခိုင်မာမာ မရှိသေးသလို စစ်ကောင်စီလက်ထက် တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေတာကို အခွင့်ကောင်းယူပြီး လုပ်ကိုင်နေတဲ့ အွန်လိုင်းရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေကို အယုံမလွယ်ကြဖို့၊ အတိုးနှုန်းကြီးကြီးပေး မယ်ဆိုတိုင်း၊ အမြတ်ရမယ်ဆိုတိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ချင်းကြီး မလုပ်ကြဖို့ ဥပဒေပညာရှင်တွေက အကြံပြုပြော ဆိုကြပါတယ်။
ရှေ့နေ့တဦးက “အခုလို တိုင်းပြည်စီးပွားရေးပျက်နေချိန်မှာ အဓိကပြောချင်တာက ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ လုပ်တော့ မယ်ဆိုရင် ဒီကုမ္ပဏီက တာဝန်ယူမှု တာဝန်ခံမှု ဘယ်လောက်ရှိသလဲ၊ ကိုယ်ကလည်း ဘယ်အတိုင်းအတာထိ ယုံကြည် စိတ်ချရလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်သင့်တယ်”လို့ ပြောပါတယ်။
ငွေကြေးဆိုင်ရာလုပ်ငန်းပြဿနာတွေ သမိုင်းကြောင်းရှိခဲ့
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်တဝိုက်ကလည်း သစ္စာပန်းခင်း၊ ဧရာမြေ၊ မဟာဓနံ၊ ပင်လုံထိပ်ထား အစရှိသည့် ငွေစုငွေချေး လုပ်ကိုင်သည့် ငွေကြေးအဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပြီး အတိုးနှုန်းများ များပေးကာ ပြည်သူများထံက ငွေအစုအလိုက်အပြုံလိုက် လိမ်လည်မှုများ ရှိခဲ့ပါတယ်။
ရှေ့နေတဦးက “ခေတ်ပျက်လာပြီ၊ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူးဆိုရင် ဒါတွေနဲ့ ပတ်သက်ပြီးတော့ အရင်က သာဓက တွေလည်း အများကြီး ရှိခဲ့တယ်။ အရင်က အကျိုးဆောင်ကုမ္ပဏီ ဧရာမြေတို့၊ လင်းသစ္စာတို့၊ ဓနသီရိတို့ ဦးသန်းရွှေ လက် ထက်မှာ အများကြီး ပြည်သူတွေကို ၈ ကျပ်တိုးရမယ်ဆိုပြီး လုပ်တော့ ဘဏ်မှာ ငွေမထည့်ဘဲ အဲ့ဒီအကျိုးဆောင် ကုမ္ပဏီ တွေမှာ သွားအပ်ကြတယ်။ နောက်ဆုံးကျတော့ ခြေသုတ်ခုံတထည်တောင် ပြန်မရလိုက်တဲ့ လူတွေ အများကြီးရှိတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တွေ အုပ်စိုးချိန်၊ တရားဥပဒေ စိုးမိုးမှု မရှိချိန်၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်ချိန်တွေမှာ ဒီလို အစုလိုက် အပြုံလိုက် ငွေကြေးလိမ်လည်မှုတွေက ခေါင်းထောင်လာလေ့ရှိပါတယ်။
အဲ့ဒီအတွက် အမြတ်ရမယ်ဆိုတိုင်း လွယ်လွယ်နှင့် မယုံကြဖို့ အွန်လိုင်းရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ရာမှ အလိမ်ခံလိုက်ရတဲ့ မခင်ဝင်း (အမည်လွဲ) က “မကျေနပ်ပေမယ့် လွယ်လွယ်ယုံမိတဲ့ ကိုယ့်အပြစ်ပါပဲ။ ဒါကြောင့် ကိုယ့်လိုမဖြစ်ရအောင် လွယ်လွယ်မယုံကြပါနဲ့လို့ ပြောချင်တယ်။ နိုင်ငံခြား ကုမ္ပဏီ ဆိုတိုင်းလဲမယုံကြပါနဲ့ “လို့ သတိပေးပြောဆိုပါတယ်။
You may also like these stories:
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း
FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ
ဒေါ်လာဈေး ကျပ် ၂၀၀၀ ကျော်နှင့် ရွှေဈေး ၁၈ သိန်းကျော်ထိ စံချိန်တင် မြင့်တက်
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း