ဒဂုံစီးတီး – ၁ စီမံကိန်းကို ဆက်လုပ်မည် မဟုတ်သော်လည်း အခန်းငှားရမ်းထားသူများ၊ ရင်းနှီးမြှုပ်နှံသူများအတွက် ကျေနပ်မှု ရစေ မည့် နှစ်ဦးသဘောတူ အစီအစဉ်တခုကို အစိုးရနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း ပြုလုပ်နေသည့် Marga Landmark ကုမ္ပဏီက ထုတ်ပြန်လိုက်သည်။
ဒဂုံစီးတီး – ၁ အပါအဝင် ရန်ကုန် ရွှေတိဂုံစေတီအနီးရှိ စီမံကိန်းများ အားလုံးကို အပြီးသတ်ဖျက်သိမ်းရန် အစိုးရက အမိန့်ထုတ်ပြန်ပြီး ၂ ရက်အကြာ ဇူလိုင် ၉ ရက်တွင် ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Marga Landmark က “မြန်မာနိုင်ငံတော်အစိုးရနှင့် အသေးစိတ်ဆွေးနွေးမှုများ ဆောင်ရွက်ပြီးပါက ဘဘောတူညီမှု လက်မှတ်ရေး ထိုးထားသည့် အတိုင်း အခန်းငှားရမ်းထားသူများအတွက် ဆက်လက်လုပ်ဆောင် ပေးသွားပါမည်။ မိမိတို့၏ ဥပဒေဆိုင်ရာ အခွင့် အရေးများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဘောင်အတွင်း ကာကွယ်ပေးထားသည်ဟု နားလည်ထားပြီး သက်ဆိုင်သူအားလုံး အတွက် ကျေနပ်ပြေလည်စေမည့် အဖြေတစ်ခု ထွက်ရှိလာမည်ဟုလည်း ကြိုတင်ခန့်မှန်းထားပါသည်”ဟုလည်း ယင်းထုတ်ပြန်ချက် တွင် ဆိုထားသည်။
ရွှေတိဂုံဘုရားနှင့် ပေ ၃၀၀၀ ကွာဝေးသည့် ယင်းစီမံကိန်းသည် ရွှေတိဂုံစေတီတော်ကို လုံးဝထိခိုက်စေမည် မဟုတ်ကြောင်း၊ အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း၊ စီမံကိန်းကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သော်လည်း ၎င်းတို့ရေးဆွဲထား သော စီမံကိန်းအပေါ် အမြင်လွဲမှားနေသည်များကို ရှင်းလင်းလိုခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အသုံးပြုမည့် Diaphragm Wall နည်း ပညာသည် နိုင်ငံတကာရှိ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် မြို့တော်များတွင် အသုံးပြုနေပြီး တည်ဆောက်သည့်နေရာနှင့် ၃ ပေ အကွာအဝေး ကိုပင် ထိခိုက်နိုင်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇူလိုင် ၇ ရက်က ထုတ်ပြန်သည့် အစိုးရအဖွဲ့၏ ကြေညာချက်တွင် ပညာရှင်များ၏ အစပြု သုံးသပ်ချက်များအပြင် ရဟန်းရှင်လူ ပြည် သူများ၏ ကန့်ကွက်မှု၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စီမံကိန်းများအား ဆက်လက် ဆောင်ရွက်ရန် မသင့်ကြောင်း တင်ပြလာမှုများကြောင့် စီမံကိန်း ရင်းနှီးမြှုပ်နှံသူများနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများအရ စီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများကလည်း အစိုးရ၏ ဆုံးဖြတ်ချက်ကို သဘောတူထားပြီး လုပ်ငန်းရှင်များဘက်မှ နစ်နာမှုမရှိရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ညှိနှိုင်းပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ဘယ်ဟာ ဘယ်နည်းနဲ့ ဘယ်လို သူတို့ကို ပြန်ပြီးတော့ ပေးနိုင်မလဲဆိုတာ၊ နေရာပြောင်း တာမျိုးလည်း ဒါကတော့ ထည့်သွင်းစဉ်းစားရမှာတွေထဲမှာ ပါတယ်။ ဒါတွေကတော့ ကုမ္ပဏီနဲ့ MIC နဲ့ ညှိပြီးတော့ လုပ်ရမှာ၊ ဒီဘက် က ကျနော်တို့ ပေးနိုင်တဲ့နေရာ၊ ဒါမျိုးတွေလည်း စဉ်းစားမှာပေါ့။ အသေးစိတ်ကတော့ MIC နဲ့ ဆက်ပြီးတော့ ညှိပါလိမ့်မယ်”ဟု ဧရာဝတီ ကို ပြောသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။
မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်း၏ ဒုဥက္ကဋ္ဌ ဦးမော်လင်းက ယခုအခါ ယင်းစီမံကိန်းများကို အစိုးရက ဖျက်သိမ်းရန် ညွှန်ကြား လိုက်သောကြောင့် ပြဿနာတခု၏ အစိတ်အပိုင်းတခု ပြီးဆုံးသွားသော်လည်း နောက်ဆက်တွဲ ပြဿနာများကို အစိုးရဘက် မှ ကျကျနန သပ်သပ်ရပ်ရပ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။
ဦးမော်လင်းက “ဘယ်လို အကြောင်းပြချက်ပဲပေးပေး၊ ဒီလို ပရောဂျက်မျိုးကို ဆက်ပြီး ခွင့်မပြုဘူး ဆိုတာကတော့ ကောင်းတယ်။ Positive ဖြစ်တယ်။ ဒါကြိုဆိုရမယ့် ကိစ္စပဲ။ ဒါပေမယ့် ဒါဟာ ပြဿနာတခုရဲ့ အစိတ်အပိုင်းတခု ပြီးသွားတာ။ အစိတ်အပိုင်းတခုကို အဆုံးသတ်လိုက်တာပေါ့။ ဒါပေမယ့် တကယ် အဆုံးမသတ်သေးဘူး။ သူတို့ကို Compensate လုပ်ရမှာပေါ့။ ပြန်ပေးရမှာတွေ ရှိတယ်။ ဒီကုမ္ပဏီတွေနဲ့၊ ဝယ်ထားတဲ့ သူတွေနဲ့ စတဲ့ ပြဿနာတွေ ရှိတယ်။ ဒါတွေကတော့ ကျနော်တို့နဲ့ တိုက်ရိုက်မဆိုင်တော့ဘူး။ အစိုးရနဲ့ဆိုင်တယ်”ဟု ပြောသည်။
ယခုအခါ ဒဂုံစီးတီး -၁ နှင့် ၂ စီမံကိန်းများ တည်ရှိရာ နေရာတွင် စီမံကိန်းနေရာအတွက် ခတ်ထားသော ခြံဝင်းပေါ်ရှိ ကြော်ငြာများ၊ ဆိုင်းဘုတ်များကို ပြန်လည် ဖြုတ်ခွာနေပြီ ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က တွေ့ရှိခဲ့ရသည်။
ရွှေတိဂုံဘုရား အနီးရှိ ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေတွင် ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သာ ကုမ္ပဏီများမှာ Marga Landmark Development ၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး ဟိုတယ်များ၊ ကုန်တိုက်များ၊ စီးပွားရေးလုပ်ငန်းဌာနများ၊ လူနေ အိမ်ခန်း အဆောက်အအုံ များနှင့် ရုံးအဆောက်အအုံများ ပါဝင်သည့် စီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းများကြောင့် ရွှေတိဂုံစေတီကို အဝေးကဖူးမြင်နိုင်သည့် မြင်ကွင်းလမ်းကြောင်းများကို ကွယ်သွားစေနိုင်ပြီး စီမံကိန်းများအတွက် မြေတူးဆွခြင်း၊ အဝီစိတွင်း တူးဖော်ခြင်းတို့ကြောင့် သဘာဝ ဂေဟစနစ်များ ယိုယွင်း၍ စေတီ၏ ကုန်းမြေကြံ့ခိုင်မှုကို ထိ ခိုက် စေနိုင်ကြောင်း ဗိသုကာ ပညာရှင်များနှင့် ဘူမိဗေဒ ပညာရှင်များက အစပြု ဆွေးနွေးခဲ့ကြပြီး စီမံကိန်းများကို ပြန်လည်သုံးသပ် ကာ အများပြည်သူပိုင် နေရာများအဖြစ် သတ်မှတ်ပေးရန် အစိုးရ အဖွဲ့များထံသို့ မေလအတွင်းက တောင်းဆိုထားခဲ့ဖူးသည်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) အဖွဲ့ဝင် ဆရာတော် ၁၁ ပါးက ဦးဆောင်သည့် “ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့”ကလည်း ယင်းစီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်းပေးရန် ဇွန်လအတွင်းက တောင်းဆိုခဲ့ပြီး အစိုးရအဖွဲ့က မလိုက်လျောပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။