မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက်(MAPCO) ကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာများကို လာမည့် နှစ် လယ်ပိုင်း တွင် ရောင်းချသွားရန် အစီအစဉ်ရှိကြောင်း ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
၎င်းက “ရှယ်ယာသစ် ရောင်းချမှုကို ၂၀၁၆ နှစ်လယ်ပိုင်းလောက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ပြောပြသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး တွင် ပြုလုပ်သော MAPCO ၏ နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
MAPCO အနေဖြင့် ယခုနှစ်တွင်း ရှယ်ယာရှင်များသို့ အမြတ်ရရှိသော ရှယ်ယာများ ခွဲဝေပေးနိုင်ခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၇ ထောင် ခန့်ရှိကြောင်း သိရသည်။
ဦးရဲမင်းအောင်က “ဒီနှစ် အမြတ်ငွေက MAPCO ကုမ္ပဏီတခုတည်းက သိန်း ၁၇၀၀ လောက်ရှိတယ်။ ကျန်တဲ့ ကုမ္ပဏီတွေနဲ့ အမြတ်တွေရှိသေးတယ်။ နောက် သီလဝါ SEZ မှာ ရင်းနှီးမြှုပ်နှံထားတဲ့ အစ်ကိုတို့ရဲ့ အစုရှယ်ယာကနေလည်း သိန်း ၄ထောင်လောက် အမြတ်ရတယ်ပေါ့။ အဲ့ဒီထဲကနေ အမြတ်တွေအားလုံး စုပေါင်းထားတဲ့ ပမာဏထဲကနေမှ ရှယ်ယာရှင်တွေကို ဒီနှစ်ခွဲပေးတာပေါ့။ ခွဲပေးလိုက်တဲ့ ရှယ်ယာပမာဏက သိန်း ၇ထောင်လောက် ရှိမှာပေါ့”ဟု ပြောသည်။
MAPCO ကုမ္ပဏီတွင် လက်ရှိ အချိန်အထိ ရှယ်ယာရှင်ပေါင်း ၁၄၀၀ နီးပါးအထိရှိလာပြီး ရှယ်ယာ ပမာဏမှာ ကျပ် ၁၅ ဘီလီယံ စွန်း စွန်း အထိ ရှိကြောင်း၊ ပိုင်ဆိုင်မှုပမာဏကို ကြည့်မည် ဆိုပါက ကျပ် ဘီလီယံ ၂၀ ခန့်ရှိကြောင်း သိရသည်။
MAPCO သည် ၎င်းတို့၏ အစုရှယ်ယာများကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ရှယ်ယာတစုလျှင် ကျပ် ၁သောင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ မကြာခင်က ဖွင့်လှစ်ခဲ့သော စတော့အိပ်ချိန်းတွင် ရှယ်ယာများ ရောင်းချခွင့်ရှိသည့် အများပိုင်ကုမ္ပဏီ ၆ ခုအနက် MAPCO က တခုအပါအဝင်ဖြစ်ရာ ၎င်းတို့တွင်ရှိသော ရှယ်ယာ ၁၅ ဘီလီယံ စွန်းစွန်းကို စတော့အိပ်ချိန်းတွင် စာရင်းသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးရဲမင်းအောင်က “လက်ရှိ ရှယ်ယာက ၁၅ ဘီလီယံ စွန်စွန်းလေး ရှိတယ်။ ရှယ်ယာဝယ်ထားတဲ့ ရှယ်ယာရှင်တွေရဲ့လက်ရှိ ရှယ် ယာ တွေကို listed လုပ်သွားမှာ”ဟု ပြောသည်။
ရန်ကုန်စတော့ အိပ်ချိန်းသည် ယခုဖွင့်လှစ်ထားသည်မှာ မှန်သော်လည်း အမှန်တကယ် ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်မှုကို ၂၀၁၆ ခုနှစ် မတ်လခန့်မှသာလုပ်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။
MAPCO ကုမ္ပဏီသည် ခေတ်မီဆန်စက်များ တည်ထောင်ခြင်း၊ ကုန်တင်ကုန်ချတံတားများနှင့် သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံခြင်း၊ စက်မှု လယ်ယာ အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ခြင်း၊ ပေါင်းဆန်စက်များနှင့် အခြောက်ခံစက်များ၊ လယ်ယာသုံးစက်မှုကိရိယာများ ရောင်းချခြင်းများ၊ လယ်ယာထွက်ကုန်များ ကြိတ်ခွဲခြင်းနှင့် ပြည်ပတင်ပို့ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
ထို့အပြင် ယခုအောင်မြင်နေသော သီလဝါ အက်စ်အီးဇက် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ မကြာခင် ပေါ်လာရန်ရှိသည့် မြန်မာပြည်၏ တယ်လီကွန်း အော်ပရေတာ ထပ်တိုးတခုတွင် အစုရှယ်ယာရှင်အဖြစ် ထည့်ဝင်ထားခြင်းကိုလည်း လုပ်ဆောင်လျက် ရှိသည်။
ထို့အပြင် ပြည်တွင်း ဓာတ်မြေသြဇာ ထုတ်လုပ်သည့် စက်ရုံတည်ထောင်ခြင်းနှင့် ဓာတ်မြေသြဇာများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း ကိုလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။