နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပေါင်းစပ်ထားသည့် ဘဏ္ဍာရေး လုပ်ငန်းသစ်များက အရှေ့တောင် အာရှ တွင် လွှမ်းမိုးလာသည်နှင့်အမျှ ရန်ကုန်မြို့က ပေါ်ထွန်းစ လုပ်ငန်းအတွက် ဆုံချက်နေရာ တခုဖြစ်လာသည်။ အနည်းဆုံးတော့ Red Dot Myanmar ကို တည်ထောင်သည့် John Nagle က ထိုသို့ မြင်ထားသည်။
အိုင်ယာလန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် John Nagle မြန်မာနိုင်ငံသို့ လွန်ခဲ့သော ၄ နှစ်က ရောက်ရှိလာခဲ့ သည်မှာ ဘဏ္ဍာရေးကဏ္ဍမှ အခွင့်အလမ်း အများအပြား၏ ဆွဲဆောင်မှုကြောင့် ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ် အုပ်ချုပ်ရေး အောက်တွင် ရှိနေခဲ့ပြီးနောက် မြန်မာနိုင်ငံက စီးပွားရေးကို တံခါးဖွင့်ခဲ့သည်။ ယခင်က မရှိခဲ့သည့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးခြင်း ဖြစ်သည်။
Red Dot Myanmar ၏ ငွေပေးချေမှုကွန်ရက်က အသုံးပြုသူများ မိုဘိုင်းဖုန်းငွေဖြည့်နိုင်ရန်၊ ငွေတောင်းခံလွှာများပေးချေ နိုင်ရန်နှင့် တိုင်းပြည်အတွင်းရှိ Red Dot Myanmar၏ မိတ်ဖက်ဆိုင်ပေါင်း ၁၄၀၀၀ မှ ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရန် ပြု လုပ်ပေးသည်။ မိတ်ဖက်ဆိုင်များထဲတွင် ပြည်တွင်း ဆေးဆိုင်များ၊ စတိုးဆိုင် ကြီးငယ်များ ပါဝင်ပါသည်။
တိုးပွားလာနေသည့် နည်းပညာအသိုင်းအဝိုင်းက ခရီးသွား application မျိုးမှ အစပြု၍ အရာရာတိုင်းကို တပိုင်တနိုင် စ တင်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ သို့သော်လည်း Red Dot Myanmar ငွေပေးချေမှု ကွန်ရက်ကို စတင်ခဲ့ပြီး ဖြစ်သည့် John Nagle က စွန့်ဦးတည်ထွင်မှုများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာရေးကို တွန်းအားပေးရန် ဆန္ဒရှိနေသည်။
သူက ဘဏ္ဍာရေးဆိုင်ရာ နည်းပညာလုပ်ငန်းများ မွေးထုတ်ပေးနိုင်မည့် အစီအစဉ်တခုကို ရန်ကုန်မြို့တွင် ယခုနွေဦး၌ စတင် နိုင်ရန် ရည်ရွယ်ထားသည်။ ဘဏ်ငွေစာရင်းမရှိသည့် စားသုံးသူများကို ဝန်ဆောင်မှုပေးနိုင်မည့် တီထွင်ဖန်တီးမှုကို အလေး ပေးနိုင်ရန် ဖြစ်သည်။
အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းက ဘဏ်ငွေစာရင်း မရှိပါ။ သို့သော်လည်း ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းတခု ဖြစ်သည့် Ericsson က ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ World Economic Forum ကလည်း ၂၀၁၆ ခုနှစ် တွင် အလျင်မြန်ဆုံး တိုးတက်နေသည့် စီးပွားရေးအဖြစ် စာရင်းသွင်းခဲ့သည်။ ယုံကြည်အားထားရသော၊ အသုံးပြုရလွယ် ကူသော (ငွေကြေးဆိုင်ရာ) ဝန်ဆောင်မှုများ လိုအပ်နေသည်က အမှန်ပင် ဖြစ်ပါသည်။
“ကျနော်တို့က Classic VC လိုမျိုး ဖြစ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့က အရှေ့တောင်အာရှက ဘဏ်ငွေစာ ရင်းမရှိတဲ့ အသိုင်းအဝိုင်းတွေကို အတိအကျ ဦးတည်ချက် ထားချင်ပါတယ်” ဟု John Nagle က ပြောသည်။
၂၀၁၇ ခုနှစ် ပထမ ၄လပိုင်း အတွင်းတွင် လုပ်ငန်းစတင်ရန် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် မျှော်လင့်ထားပြီး အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း John Nagle ကပြောသည်။ အစဉ်အလာအတိုင်း ပိုက်ဆံကိုင် သုံးခြင်းထက် ကျော်လွန်၍ စဉ်းစားမည့် စွန့်ဦးတည်ထွင်သူများနှင့် ဈေးကွက်အတွင်းတွင် ထူးခြားမှုတစုံတရာ အမှန်တ ကယ်ဖန်တီးပေးနိုင်မည့် အဖြေတခုကို ဖန်တီးနိုင်ရန် John Nagle က ကြိုစားနေသည်။
ဥပမာပြရလျှင် ကစားနည်း (game) တခုအတွက် ငွေပေးချေရာတွင် အသုံးပြုသည့်စနစ်ကို အခြားသော ကုန်ပစ္စည်းများ အတွက်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းက သူစိတ်ဝင်စားသည့် အကြောင်းအရာတခု ဖြစ်သည်။
ပါဝင်မည့်သူများရှာဖွေရာတွင် Red Dot အဖွဲ့က ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ရန် ဆန္ဒမရှိပါ။
“ကျနော့်မှာ စိတ်ကူးသစ်တခု ရှိတယ်။ ကျနော့်ကို ကူညီဖို့ ခင်ဗျားတို့ရဲ့ကွန်ရက်ကို လိုအပ်တယ်လို့ပြောလာမယ့်လုပ်ငန်း ရှင်မျိုးတွေကို ကျနော်လိုချင်ပါတယ်” ဟု John Nagle ကပြောသည်။
Red Dot Myanmar က ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမည် မဟုတ်ဟု John Nagle ကပြောသည်။ သို့သော်လည်း ရုံးခန်း နေရာနှင့် နိုင်ငံတလွှားမှ စတိုးဆိုင် ၁၄၀၀၀ နှင့် ဆက်သွယ်ခွင့်တို့ကို အခမဲ့ပံပိုးပေးမည် ဖြစ်သည်။ သူတို့က ကုမ္ပဏီ အသစ်ပျိုးထောင်ပေးသူများနှင့် Red Dot Myanmar ကဲ့သို့သော ဖြန့်ချိရေး ကွန်ရက်ရှိသော ကုမ္ပဏီများကို စိတ်ဝင်စား ဖွယ်ရာ ရှိသည့် အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ပေးနိုင်ရန် ကြားဝင် ဆောင်ရွက်ပေးနိုင် သည့် နေရာကို ရယူထားမည်ဟု John Nagle က ပြောသည်။
ကုမ္ပဏီကို ထူထောင်ပေးသူက စွန့်ဦးတီထွင်သူများကို သူတို့၏ စွမ်းရည်များ (ဖွံ့ဖြိုးရေး စွမ်းဆောင်ရည် သို့မဟုတ် ရောင်း ချမှုဆိုင်ရာ အမြင်များ) တိုးတက်လာရေးအတွက်လည်း ကူညီသွားမည် ဖြစ်သည်။ Red Dot က ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်သော အသိပညာဝေမျှခြင်း အပိုင်းကို တာဝန်ယူသွားမည်ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံ အခြေစိုက် Ascend အုပ်စု၏လက်အောက်မှ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ကုမ္ပဏီတခု ဖြစ်သည့် Acend Money ကလည်း အရှေ့တောင်အာရှ စီးပွားရေးမှ ဝန်ဆောင်မှု အားနည်းသည့် ကဏ္ဍများကို ဦးတည်ချက်ထားသည်။ အ ရှေ့တောင် အာရှတွင် သူတို့၏ ဖောက်သည် သန်း ၂၀ ကို ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။ ၎င်းတို့က ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် လုပ်ငန်းများ ဆောင်ရွက်နေပြီး ၂၀၂၀ခုနှစ်တွင် ဖောက်သည် သန်း ၁၀၀ အထိ ရှိလာရန်လည်း ရည်မှန်းထားသည်။
သူတို့ကုမ္ပဏီက အစဉ်အလာ ဘဏ္ဍာရေးလုပ်ငန်းများက အကန့်အသတ် ဖြစ်နေသည့် ဒီဂျစ်တယ် ဖောက်သည်များနှင့် ဘဏ်ငွေစာရင်း မရှိသူများအတွက် ဝန်ဆောင်မှုပေးနေသည်ဟု Ascend Money ၏ အမှုဆောင် အရာရှိချုပ် Punnamas Vichitkulwongsa က ပြောသည်။ Ascend Money က debit နှင့် cash ကတ်များ၊ မိုဘိုင်း ငွေစာရင်းနှင့် အခြားသော ငွေ ပေးချေခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီအတွက် အကြီးဆုံးအခက်အခဲမှာ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပတ်သက်၍ ပြည်သူလူ ထု၏ သံသယများကို ကျော်ဖြတ်နိုင်ရေးဖြစ်သည်။ နည်းပညာအသုံးပြုသည့် အခြားသော ဘဏ္ဍာရေးကုမ္ပဏီများလည်း ကြုံတွေ့နေရသည့် အခက်အခဲတခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့် ပတ်သက်၍ ပညာပေးမှု လိုအပ်ချက်က ကြီးမားကြောင်း၊ လုံခြုံစိတ်ချမှု၊ ငွေများကို လွှဲ ပြောင်းခြင်း၊ စုဆောင်းခြင်းများတွင် လွယ်ကူချောမွေ့မှုများ ရှိစေရန် တောင်းဆိုမှုလည်း မြင့်မားကြောင်း Punnamas Vichitkulwongsa က ပြောသည်။ Ascend Money အနေဖြင့် ထိုင်းနိုင်ငံနှင့် အခြားသော နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက မိသားစုများထံ ငွေပြန်လွှဲပေးနိုင်မည့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလည်း ပေးသွား မည်ဟု သိရသည်။
“ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုတာ အခြေခံလူ့အခွင့်အရေးလို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု Punnamas Vichitkulwongsa က ပြောသည်။
Ascend Money ၎င်းတို့၏ ကိုယ်ပိုင်စနစ်နှင့် လုပ်ဖော်ကိုင်ဖက်ဘဏ်များ မှတဆင့် အသုံးပြုသူများ၏ ငွေချေးမှတ်တမ်း များ တည်ဆောက်ပြီး ငွေချေးနိုင်သည့် အခြားရွေးချယ်စရာ နည်းလမ်းများ ဝန်ဆောင်ပေးရန်လည်း စီစဉ်နေကြောင်း Punnamas Vichitkulwongsa က ထပ်ပြောသည်။ ဘေလ်ပေးဆောင်သည့် မှတ်တမ်းများ၊ ၎င်းတို့၏ကွန်ရက်မှတဆင့်နှင့် လူမှုမီဒီယာများမှတဆင့် ပြုလုပ်သည့် အခြားငွေလွှဲပြောင်းမှုများလည်း ပါဝင်သည်။
သီအိုရီအရဆိုလျှင် အကယ်၍ အလားအလာကောင်းသည့် ငွေချေးငှားသူများက သူတို့၏ ဘေလ်များကို ပေးမည်ဟု ယုံ ကြည်စိတ်ချရသောသူများနှင့် ဆက်သွယ်မှုရှိမည်ဆိုလျှင် ချေးငွေများကို အချိန်မီပြန်ပေးနိုင်သည့် အခွင့်အလမ်း ပိုမိုမြင့် မားမည် ဖြစ်သည်။ ဘေလ်ပေးဆောင်မှုမှတ်တမ်းများက ပေးနိုင်စွမ်းကို သာမက ဝင်ငွေနှုန်းမြင့်မားသည့် အလားအလာ ကိုလည်း ပြသနေပါသည်။ ချေးငွေရရှိနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် ငွေစုစာရင်းရှိခြင်းတို့က ပြည်သူများကို ဆင်းရဲနွမ်းပါး မှုမှ လွတ်မြောက်လာပြီး မိသားစု၏ စီးပွားရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်သည်။
Punnamas Vichitkulwongsa က နည်းပညာသုံး ဘဏ္ဍာရေး ကုမ္ပဏီများက မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင် အာရှ စီးပွားရေးအတွက် အလွန်ပင် အရေးကြီးသည်ဟု ပြောသည်။ “ဒါက ကျနော်တို့ ရှိနေရခြင်း အကြောင်းရင်း ဖြစ်ပါ တယ်” ဟု သူက ဆိုသည်။
John Nagle ၏ အမြင်တွင် ရန်ကုန်က ဘဏ္ဍာရေးလုပ်ငန်းသစ်များအတွက် အလွန်ကောင်းမွန်သည့် အချက်အချာနေရာ တခုအဖြစ် မြင်ထားသော်လည်း ကုမ္ပဏီသစ်များက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ် စသည့် ဒေသ တွင်းနိုင်ငံများတွင် အလားတူလုပ်ငန်းများ ထူထောင်ကြမည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။
“အရှေ့တောင်အာရှက ပြည်သူသန်းပေါင်းများစွာမှာ ဘဏ်ငွေစာရင်း မရှိပါဘူး။ သူတို့ ဂိမ်းတခု ဝယ်ချင်တယ်၊ သူတို့ မိခင် သို့မဟုတ် ဖခင်ဆီ ငွေပို့ပေးချင်တယ်။ သူတို့က ပိုက်ဆံကုန်သွားတဲ့ သူတို့သားအတွက် ဘတ်စ်ကားလက်မှတ် ဝယ်ပေး ချင်တယ်” ဟု John Nagle က ပြောသည်။
(Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသော Casey Hynes ၏ The Companies Working To Serve Myanmar’s Unbanked Citizens ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)