စီးပွားရေး

စင်ကာပူမှ လောင်စာဆီ ပိုသွင်းလာတာ မြန်မာ့ စီးပွားရေး အလျင်အမြန် တိုးတက်ဖို့လား

ဖွံ့ဖြိုးနေသော စီးပွားရေးကို အားပေးရန်နှင့် ပျက်ဆီးနေသော ခြေခံအဆောက်အအုံကို ပြန်လည် တည်ဆောက်ရန် မြန်မာနိုင်ငံ၏ ရေနံတင်သွင်းမှုမှာ မြင့်မားလာနေပြီး ဒေသတွင်း စီးပွားရေး အချက်အခြာ စင်ကာပူမှ စီးပွားရေး အားယူစ မြန်မာနိုင်ငံသို့ အကျိုးအမြတ် မများလှသော်လည်း လူးလာခေါက်ပြန် သင်္ဘောခရီးစဉ်များ ပေါ်ပေါက် လာစေသည်။

ယခုနှစ်တွင် ၈ ရာခိုင်နှုန်း အထိ ရှိနိုင်သော GDP တိုးတက်လာမှုကြောင့် စင်ကာပူမှ မြောက်ဘက် ကီလိုမီတာ ၂၀၀၀ (၁၂၆၀ မိုင်) အကွာရှိ မြန်မာနိုင်ငံသို့ ဓာတ်ဆီနှင့် ဒီဇယ်ကို ရေနံတင် သင်္ဘောငယ်များဖြင့် တင်ပို့လာသည်။ မြန်မာနိုင်ငံ ရန်ကုန်ရှိ တခုတည်းသော ဆိပ်ကမ်းသည် သင်္ဘောငယ်များသာ ဆိုက်ကပ်နိုင် သေးသည်။

Thomson Reuters Eikon ၏ သင်္ဘောသွားလာမှု စာရင်းများ အရ အများဆုံး သယ်ဆောင်နိုင်သည့် တန်ချိန် (deadweight tons-DWT) ၂ သိန်း ၂ သောင်း ရှိသော စင်ကာပူမှ သင်္ဘောငယ် စင်းရေ ၂၀ ခန့်သည် မြန်မာနိုင်ငံသို့ ရေနံကုန်ချောများ ပို့ဆောင်နေကြသည်။ ထိုပမာဏမှာ လွန်ခဲ့သော ၁ နှစ်ကထက် ၂ ဆ ပိုမို များပြားနေသည် ဟု သင်္ဘော လိုင်း တခု၏ အဆိုအရ သိရသည်။

“အားလုံးက မြန်မာဈေးကွက်ကို နွားသိုးကြိုးပြတ် ဖြစ်နေကြတာ” ဟု Hong Lam Marine ရေကြောင်းပို့ဆောင်ရေးမှ အမှုဆောင် ဒါရိုက်တာ Lim Han က ပြောသည်။ လွန်ခဲ့သော ၆ လ မှ စတင်၍ မြန်မာနိုင်ငံသို့ ထို လောင်စာဆီ လွန်းထိုး ပို့ဆောင်နေသည့် လုပ်ငန်းတွင် လက်တဆုပ်စာသော ဒေသခံ သင်္ဘောလိုင်းငယ်များ ပါဝင်သည်။

စစ်အာဏာရှင် စနစ်အောက် ၁၀ စုနှစ် ၅ စုအကြာ စီးပွားရေးအရ ရုန်းကန်မှုများ အပြီးတွင် မြန်မာနိုင်ငံသည် ၎င်း၏ လမ်းများ၊ စက်ရုံများ၊ လေဆိပ်များနှင့် စွန့်လွှတ်ရနီးပါး ဖြစ်နေသည့် လျှပ်စစ်ဓာတ်အားပေး စနစ်ကို ပြင်ဆင်ရင်း ရင်းနှီးမြှုပ်နှံသူများကို တံခါးဖွင့်လာသည်။

ဓာတ်ဆီနှင့် ဒီဇယ်ကဲ့သို့သော ရေနံကုန်ချောများ အသုံးပြုမှု များပြားလာခြင်းသည် မြန်မာနိုင်ငံကဲ့သို့သော နေရာများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက သင်္ကေတ ဖြစ်သည် ။ ထို လောင်စာဆီများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အထူးသဖြင့် ယာဉ်ကြီးများတွင် သုံးကြသည်။

“မြန်မာနိုင်ငံရဲ့ လောင်စာဆီ သုံးစွဲမှုဟာ နောင်လာမယ့် ၁၀ စုနှစ် အတွင်း နှစ်စဉ် ပျမ်းမျှ ၆ ရာခိုင်နှုန်း တိုးမယ်လို့ မျှော်လင့်ရ ပါတယ်” ဟု BMI သုတေသန လုပ်ငန်းက ယခု သီတင်းပတ်တွင် ပြောကြားသည်။ လောင်စာဆီ ဝယ်လိုအားမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးသော ဥပဒေသစ်နှင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပိုမို မြင့်မားလာမည် ဟု မျှော်လင့်ရကြောင်း Fitch Group ၏ နှုန်းထား သတ်မှတ်ရေး ဌာနခွဲက ပြောသည်။

စင်ကာပူလမ်းကြောင်း

မြန်မာနိုင်ငံ၏  ဒီဇယ်ဆီ ဝယ်လိုအားသည် ၂၀၁၆ ခုနှစ် စက်တင်ဘာမှ အောက်တိုဘာလ အတွင်း ၂၀၁၅ ခုနှစ် အလားတူကာလက နေ့စဉ် စည်ပေါင်း (barrels per day – bpd) ၈၀၀၀၀ မှ ၉၀၀၀၀ ထက် တိုးတက်ပြီး နေ့စဉ် စည်ပေါင်း ၁၁၀၀၀၀ သို့ မြင့်တက်လာသည်ဟု Energy Aspects မှ ရေနံဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ လေ့လာသူ Nevyn Nah က ပြောသည်။

၂၀၁၇ ခုနှစ်တွင် ရေနံတင်သွင်းမှုသည် ၃၇၂၅၀ bpd မှ ၅၀၀၀၀ bpd အထိ ရှိမည် ဖြစ်ပြီး လွန်ခဲ့သော နှစ်က ၁၇၄၀၀ မှ ၁၉၉၀၀ bpd သာ ရှိခဲ့သည်ဟု ကုန်သွယ်ရေးသတင်းရင်းမြစ်များမှသိရသည်။

ကမ္ဘာ့ရေနံစိမ်း ဝယ်လိုအားမှာ bpd သန်း ၁၀၀ နီးပါး ရှိသောကြောင့် နိုင်ငံတကာ ရေနံကုန်သွယ်ရေး စံနှုန်းများ အရ မြန်မာနိုင်ငံသို့ တင်ပို့သော ပမာဏမှာ အနည်းငယ်သာ ဖြစ်သော်လည်း ထိုလမ်းကြောင်းတွင် ဝန်ဆောင်မှု ပေးနေသော သင်္ဘောကုမ္ပဏီများမှာ ဈေးပိုရသော ကုန်သွယ်လုပ်ငန်းကြောင့် အကျိုးအမြတ် ကောင်းစွာ ရရှိနေသည်။

နိုင်ငံပိုင် မြန်မာ့ရေနံ ထုတ်ကုန်လုပ်ငန်းသည် ထုံးစံအားဖြင့် ရေနံကို စင်ကာပူမှ ကုန်သွယ်ရေးလုပ်ငန်း Trafigura ၏ လုပ်ငန်းခွဲ Puma Energy စင်ကာပူ ဈေးထက် တစည်လျှင် ၃ ဒေါ်လာ ပိုပေး ဝယ်ယူလေ့ ရှိသည်။

မြန်မာနိုင်ငံသို့ လောင်စာဆီ တင်ပို့မှုသည် ပိုမိုမြင့်မားလာမည်ဟု သင်္ဘောလုပ်ငန်းရှင်များက ပြောသည်။ လက်ရှိတွင် ၅၀၀၀ မှ ၁၈၀၀၀ DWT သာ ဆိုက်ကပ်နိုင်သည့် ရန်ကုန်ဆိပ်ကမ်းကိုလည်း ၅၀၀၀၀ DWT အထိ သယ်ဆောင်နိုင် သော သင်္ဘောများ ဆိုက်ကပ်နိုင်ရန် တိုးချဲ့နေသည်။

ထိုသို့ လုပ်ဆောင်ပြီးလျှင် ရန်ကုန်ဆိပ်ကမ်းသည် သင်္ဘော ဆိုက်ကပ် ဝန်ဆောင်နိုင်စွမ်းမှာ ဘန်ကောက်ဆိပ်ကမ်းနှင့် ဂျကာတာ၏ Tanjong Priok ဆိပ်ကမ်းတို့ထက် ရှေ့ရောက်ပြီး ဟိုချီမင်း ဆိပ်ကမ်းနှင့်တန်းတူရှိလာမည် ဖြစ်သည်။

အာရှရေနံကုန်သွယ်ရေး အချက်အခြာ စင်ကာပူသည် ဒေသတွင်း ဈေးကွက်များမှ ပိုလျှံသော ရေနံကို ရယူပြီး မြန်မာကဲ့သို့ လိုအပ်နေသော နိုင်ငံများသို့ ရောင်းချခြင်းဖြင့် ဤတိုးပွားနေသည့် ဝယ်လိုအားမှ အကျိုးခံစားရမည် ဖြစ်သည်။

Loading