ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
အဆိုပါစီမံကိန်း နှစ်ခုမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တွင် အမြတ်ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလီယံကျော်၊ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၄ ဘီလီယံကျော်၊ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂.၈ ဘီလီယံကျော်၊ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၆ ဘီလီယံကျော်၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၉ ဘီလီယံကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃.၆ ဘီလီယံကျော် နှစ်စဉ် အမြတ်ဝင်ငွေရရှိထားကြောင်း သိရှိရသည်။
ရတနာစီမံကိန်းကို ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၀၃-၀၄ ဘဏ္ဍာရေးနှစ်တွင် စတင်အရင်းကြေခဲ့ပြီး အလားတူ ရဲတံခွန်စီမံကိန်းမှာလည်း ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ကာ ၂၀၀၆- ၀၇ ဘဏ္ဍာရေးနှစ်တွင် စတင်အရင်းကြေခဲ့သည်ဟု ဆိုသည်။
ယင်းစီမံကိန်းနှစ်ခုမှ နှစ်စဉ်အမြတ်ဝင်ငွေ ရရှိနေသည့်အပြင် လုပ်ငန်းသဘောအရ ချုပ်ဆိုထားသည့် စာချုပ်အရ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ပြည်တွင်းသုံးစွဲရေးအတွက် ရပိုင်ခွင့်ရှိသည့်အထဲမှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ခန့် ရရှိသည့်အနက် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ နေ့စဉ်ဦးစားပေး ပို့လွှတ်ပေးနေပြီး ရဲတံခွန်စီမံကိန်းမှလည်း အလားတူ သဘာဝဓာတ်ငွေ့နှင့်အတူ ထွက်ရှိသည့် လေဆီ (အပေါ့စားရေနံ) ကို ပြည်တွင်းတွင် ချက်လုပ်ပြီး ထုတ်လုပ်သုံးစွဲမှုရှိကြောင်း သိရသည်။
“မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းက ပြည်တွင်းမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေအပေါ် ရှယ်ယာပိုင်ဆိုင်မှုက အပေါ်ယံကြည့်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိတာကြောင့် အကျိုးခံစားခွင့်က နည်းလိမ့်မယ်လို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ ဒီစီမံကိန်းတွေကနေ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လမ်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာသင်ကြားရေး ရန်ပုံငွေအတွက် ဝင်ငွေခွန်နဲ့အတူ ခိုင်ကြေး (Royalty) လို့ ခေါ်တဲ့ ရပိုင်ခွင့်တွေကို အကျိုးခံစားခွင့် အပြည့်အဝရှိပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
“လုပ်ငန်းသဘောအရ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုပြီးတဲ့အချိန်မှာ သတ်မှတ်အချိန်ကာလနဲ့အညီ ကန်ထရိုက်တာ ကုမ္ပဏီက ရင်းနှီးမြုပ်နံှပြီး ရှာဖွေ၊ တူးဖော် ထုတ်လုပ်နိုင်ဖို့ ကြိုးစားရတယ်။ ဒီအချိန်မှာ MOGE က အစုရှယ်ယာ မပါဝင်သေးဘူး။ တကယ်လို့ စီးပွားဖြစ် ရှာဖွေတွေ့ရှိကြောင်း ကြေညာချိန်မှာတော့ စာချုပ်မှာပါတဲ့ နိုင်ငံတော်က ပါဝင်ခွင့်ရှိတဲ့ အစုရှယ်ယာကို MOGE က ပါဝင်မှာဖြစ်တယ်။ အကြောင်းကြောင်းကြောင့် ကန်ထရိုက်တာ ကုမ္ပဏီက သတ်မှတ်ချိန် ကာလအတွင်းမှာ စီးပွားဖြစ် ရှာဖွေ မတူးဖော်နိုင်ဘူးဆိုရင် အဆုံးရှုံးခံပြီး လုပ်ကွက်ကနေ ထွက်သွားပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် တခြားစီမံကိန်းနှစ်ခုဖြစ်သော ရွှေနှင့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းများမှလည်း လာမည့် ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည့်အတွက် အမြတ်ဝင်ငွေများနှင့်အတူ ပြည်တွင်းသုံး စွဲရန်အတွက် သဘာဝဓာတ်ငွေ့ကိုလည်း အချိုးကျ ခံစားခွင့်ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများအပေါ် နိုင်ငံခြားကုမ္ပဏီများက ရှယ်ယာပိုင်ဆိုင်မှု အခြေအနေမှာ ရတနာ စီမံကိန်းတွင် TOTAL ကုမဏီ ၃၁.၂၄ ရာခိုင်နှုန်း၊ UNOCAL ကုမ္ပဏီ ၂၈.၂၆ ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီ ၂၅.၅ ရာခိုင်နှုန်း၊ရဲတံခွန်စီမံကိန်းတွင် PETRONAS ကုမ္ပဏီ ၄၀.၇၅ ရာခိုင်နှုန်း၊ NIPPON ကုမ္ပဏီက ၁၉.၄ ရာခိုင်နှုန်း၊ PTTEP ကုမ္ပဏီက ၁၉.၄ ရာခိုင်နှုန်း၊ ရွှေစီမံကိန်းတွင် DAEWOO ကုမ္ပဏီ ၈၅ ရာခိုင်နှုန်း၊ OVL ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီက ၈.၅ ရာခိုင်နှုန်း၊ GOGAS ကုမ္ပဏီ ၈.၅ ရာခိုင်နှုန်းနှင့် ဇောတိကစီမံကိန်းတွင် PTTEP ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်မှုရှိသည်။
ယခုနှစ် ဇွန်လအစောပိုင်း ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)သို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံရာ၌ သတိထားရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ထိုအခြေအနေမှ မတိုးတက်လာသရွေ့ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် MOGE နှင့် ပူးတွဲ အလုပ်လုပ်ခြင်း မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးသည်။
“စွမ်းအင်ကဏ္ဍမှာ ဖက်စပ်အနေနဲ့ နိုင်ငံခြားက ပူးပေါင်းလုပ်ဆောင်နေတဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာမှုရော တာဝန်ယူမှုပါ လောလောဆယ် မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ကျင်းထုံးနည်းနာကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများကို လိုက်နာရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။