ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) က ဂျပန်ယန်းငွေ သန်းပေါင်း ၁၅၀၀၀ ကျော် (ကျပ်သန်း ၁၈၀၀၀၀ ကျော်)ကို လယ်ယာကဏ္ဍဆိုင်ရာ စက်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ ဇွန်လတွင် ပထမအကြိမ် ထုတ်ချေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ”ဇွန်လလောက် စချေးမယ်လို့ မှန်းထားတယ်။ လယ်သမားတွေရဲ့ ရာသီချေးငွေနဲ့ JICA ချေးငွေက မဆိုင်ဘူး။ ဒီချေးငွေရဲ့ရည်ရွယ်ချက်က လယ်ယာကဏ္ဍ အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ရယ်။ နောက်ပြီးလယ်ယာကိုပံ့ပိုးတဲ့ ဥပမာမျိုးစေ့ထုတ်လုပ်ငန်း၊ ထွန်ယက်တဲ့ လုပ်ငန်း၊ ရိတ်သိမ်းရေးလုပ်ငန်းနဲ့ ကြိတ်ခွဲရေး လုပ်ငန်းတွေမှာ အဓိကထား ချေးပေးမှာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်း ၇ ခုကို ခွဲပြီး ချေးပေးမှာဖြစ်တယ်။ ပထမနှစ်မှာ တိုင်းနဲ့ပြည်နယ် ၄ ခု၊ ဒုတိယနှစ်မှာ ၃ ခုဖြစ်တယ်။ နှစ်နှစ်ခွဲ ပေးမှာပါ။ ဒီဘဏ္ဍာနှစ်ကပထမဆုံးဖြစ်တယ်”ဟုပြောသည်။
အဆိုပါ ချေးငွေများကို ဂျပန်အစိုးရဆီမှ မြန်မာနိုင်ငံအစိုးရက နှစ်ရှည်ချေးယူပြီး့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တဆင့် ပြည်တွင်းရှိ စက်မှုလယ်ယာ လုပ်ကိုင်သောလယ်သမားများ၊ လုပ်ငန်းရှင်များ၊ အစုအဖွဲ့များသို့ Two -Step Loan နှစ်ရှည်စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ထောက်အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ”ဒီချေးငွေက လယ်သမားတဦးလို့ သုံးစွဲလို့မရပါဘူး။ လုပ်ငန်းရှင်တွေလည်း ပါမှာ ဖြစ်တယ်။ လယ်ယာကဏ္ဍမှာ မြေပြင်တာတို့ ထွန်ယက်တာတို့ရှိတယ်။ အခုကလုပ်သားအင်အားကလဲဒီကဏ္ဍမှာ ရှားနေတယ်။ လူငှားလို့ မရတာတွေရှိတယ်။ ဒီအတွက် လယ်ယာသုံးစက် ကိရိယာတွေကိုလယ်သမားတွေကိုအငှားစနစ်နဲ့ ဝန်ဆောင်မှု ပေးရမှာ ဖြစ်တယ်။ ဒီလိုဝန်ဆောင်မှုပေးတဲ့ နေရာမှာ ပုဂ္ဂလိကအနေနဲ့ သော်လည်းကောင်း၊ လယ်သမားအစုအဖွဲ့အနေနဲ့သော်လည်းကောင်း စီးပွားရေးလုပ်ငန်းတခု ထူထောင်ပြီးလုပ်မယ်ဆိုရင် အဲဒီလိုအဖွဲ့မျိုးကိုချေးပေးမှာ ဖြစ်တယ်။ ချေးငွေပမာဏကလုပ်ငန်းရဲ့ ရင်းနှီးမတည်တဲ့ အပေါ်မူတည်ပါတယ်။ သူတို့ရဲ့ စက်ပစ္စည်း ဘယ်လောက်ဝယ်မယ်။ ဘယ်လောက်ရင်းနှီးမယ်။ အဲဒီအပေါ် ကြည့်ပြီးချေးပေးမယ့် ပမာဏကိုဆုံးဖြတ်မှာ ဖြစ်တယ်”ဟုပြောသည်။
ချေးငွေထုတ်ချေးရာတွင် ဆုံးရူံးမှု မရှိစေရန်အတွက် ချေးငွေချေးမည့်သူ သို့မဟုတ် ကုမ္ပဏီ၏ ပြန်ဆပ်နိုင်မည့် အင်အားရှိ၊ မရှိ၊ လုပ်ငန်းကျွမ်းကျင်မှု ရှိ၊ မရှိနှင့် လယ်သမားများသို့ ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိ၊ မရှိတို့ကိုစစ်ဆေးသွားမည် ဖြစ်ပြီး ချေးယူမည့်သူမှ အာမခံပစ္စည်း ထားရှိရမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်မှ လယ်သမားဦးကျော်ခိုင်က ”အဲဒီလိုမျိုး အစုအဖွဲ့အလိုက် လုပ်ငန်းရှင်တွေကိုချေးမယ်ဆိုရင်တော့ လယ်သမားက အကျိုးခံစားခွင့်မရှိဘူး။ လယ်သမားတွေဘက်က နစ်နာပြီးရင်းနစ်နာမှာ။ သူတို့ လက်ထဲပိုက်ဆံရောက်ရင် တမျိုးလုပ်တော့မှာ။ ဒါကြောင့် အစိုးရအနေနဲ့ သေချာစိစစ်ချေးသင့်တယ်”ဟုပြောသည်။
JICA ချေးငွေကို ချေးယူရာတွင် ၃ နှစ်မှ ၅ နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး နိုင်ငံတော်မှ လယ်သမားများသို့ ထုတ်ချေးပေးနေသည့် အတိုးနူန်းအတိုင်း ကျပ် ၁၀၀ ကို တနှစ်လျှင် အတိုးနူန်းမှာ ၈ ဒသမ ၅ ရာခိုင်နူန်းဖြစ်ကြောင်း သိရသည်။
ချေးငွေကို ပထမနှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေး နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း တို့ကို စတင်ချေးပေးသွားမည် ဖြစ်ပြီး ဒုတိယဘဏ္ဍာနှစ်ဖြစ်သော၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ ဆက်လက်ချေးပေးသွားမည်ဖြစ်သည်။
နိုင်ငံတော်မှ ဘဏ္ဍာငွေနှင့် တောင်သူလယ်သမားများသို့ မိုးရာသီစိုက်စရိတ်အဖြစ် တဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်း ၊ ဆောင်းသီးနှံအတွက် တဧကလျှင် ၂ သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြန်မာကျပ်ငွေ ၁၄၀၀ ဘီလီကျော် ထုတ်ချေးခဲ့ကြောင်း သိရသည်။