Samsung Myanmar မှ Samsung ထုတ်ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး လက်တွေ့ လေ့လာကြည့်ရှု စမ်းသပ်နိုင်တဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး Iconic Customer Service Plaza ကို ယနေ့၊ ဇွန် ၂၂ ရက်နေ့၊ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စတဲ့ လူသုံးကုန် လျှပ်စစ်ပစ္စည်းတွေကို ပြင်ဆင်လိုသူများ အနေနဲ့ Customer Service Plaza ရဲ့ Call Center ကို ဖုန်းခေါ်ပြီး အိမ်တိုင်ရာရောက် လာရောက် ပြုပြင်ပေးမယ့် ဝန်ဆောင်မှု ရှိတယ်လို့ သိရပါတယ်။
ပင်မ အဆောက်အဦး အရှေ့ဘက်မှာ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန် လျှပ်စစ် ပစ္စည်းများကို လက်တွေ့ကြည့်ရှု လေ့လာနိုင်ဖို့ ထားရှိပြီး Face-to-Face Repair ကောင်တာများနဲ့ သုံးစွဲသူများ စောင့်ဆိုင်းဖို့ နေရာထိုင်ခုံများ စီစဉ်ထားတာ တွေ့ရပါတယ်။
Customer Service Plaza မှာ စုစုပေါင်း ဝန်ထမ်းအင်အား ၃၄ ဦးခန့်ထားပြီး၊ ဧည့်ကြို ၉ ဦး၊ စက်ပိုင်း ပြင်ဆင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၅ ဦး၊ စက်ပိုင်းကိရိယာ အပိုပစ္စည်းများ ထိန်းသိမ်းသူနဲ့ ရုံးဝန်ထမ်း ၁၀ ဦးတို့မှ ဝန်ဆောင်မှုများ ပေးသွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ တန်ဖိုးထားရတဲ့ Customer တွေကို ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ Samsung ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့အတူ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ပိုမိုပေးစွမ်းနိုင်ဖို့ ဒီ Iconic Customer Service Plaza ကို ဖွင့်လှစ်တာဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
Service Plaza ရဲ့ ပင်မအဆောက်အဦး အနောက်ဘက်မှာ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းများ ပြုပြင်ဖို့ နေရာ၊ ကိရိယာအပိုပစ္စည်းများ ထားရှိတဲ့ အခန်းတို့ ပါဝင်ပြီး တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စတဲ့ လျှပ်စစ်အိမ်သုံးပစ္စည်းများ အလွယ်တကူသယ်ယူ ပြင်ဆင်ဖို့အတွက်လည်း အဆောက်အဦး အသေးမှာ ထုတ်ကုန်များ ပြုပြင်တဲ့အခန်းတို့ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
“မိုဘိုင်းဖုန်းက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်တာကြောင့် ပြင်ဆင်မှု အပိုင်းကို အချိန်တိုအတွင်း ပြင်ဆင်ပေးနိုင်အောင် စီစဉ်ထားပါတယ်။ တရက်ကို သုံးစွဲသူ အယောက် ၂၀၀ လောက် ဝန်ဆောင်မှုပေးနိုင်ဖို့ ခန့်မှန်းထားပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
Samsung Customer Service Plaza ကို ရန်ကုန်မြို့၊ အမှတ် ၂၇ အေ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာအနီးမှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး ပင်မအဆောက်အဦး တခုနဲ့အတူ အဆောက်အဦး အသေး ၂ ခုနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။