မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေဖြစ်သည့် 1MDB မှ ငွေ သန်းထောင်ချီ ပျောက်ဆုံးမှုသည် ကမ္ဘာ့ အကြီးမားဆုံး ငွေကြေး အရှုပ်တော်ပုံ ဖြစ်လာသည်သာမက၊ ယခင် ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် ကိုလည်း အဂတိလိုက်စားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်ရစေသည်။
ထိုစွပ်စွဲချက်များကို ဝန်ကြီးချုပ်ဟောင်းက ငြင်းပယ်သော်လည်း အစိုးရကို ပြုတ်ကျစေသည့်အပြင် ထို သက်ရောက်မှုက ဆွစ်ဇာလန် နိုင်ငံကဲ့သို့ ဝေးကွာသော နေရာများအထိ သက်ရောက်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၁၄၀ ကျော်ပြီဖြစ်သည့် ဘဏ်တခုဖြစ်သော BSI ကိုပိတ်လိုက်ရသည်အထိ ဖြစ်စေခဲ့သည်။
1MDB ရံပုံငွေသည် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးနှင့် အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် နာဂျစ် ဦးစီးတာဝန်ယူပြီး စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်ကပင် အငြင်းပွားစရာ ဖြစ်ခဲ့သည်။
၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ 1MDB သည် အကြွေး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံတင်နေပြီး မလေးရှား နိုင်ငံသုံး ရင်းဂစ်ငွေကို စတင်ခြိမ်းခြောက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ ထိုအရှုပ်တော်ပုံသည် စတင်၍ လူသိရှင်ကြား ဖြစ်လာခဲ့သည်။
စုံစမ်းဖော်ထုတ်သော သတင်းသမား ရူးလ်ကာစယ် ဘရောင်း၏ Sarawak Report သတင်း စာမျက်နှာ၏ ၂၀၁၅ ခုနှစ် သတင်းဖော်ပြချက်တွင် ထိုငွေများကို ဝန်ကြီးချုပ်၏ မိတ်ဆွေရင်း မလေးရှား လုပ်ငန်းရှင်ကြီး ဂျေဟို လိုးမှတဆင့် မည်သို့ထုတ်ယူသွားကြသည်ကို ဖော်ပြထားသည်။ မည်သည့် ပြစ်မှု ကျူးလွန်ခြင်းမျှမရှိကြောင်း သူက ငြင်းဆန်ထားသော်လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဝရမ်း ထုတ်ထားသည်။
ထိုစဉ်က Wall Street ဂျာနယ်သည်လည်း နာဂျစ်၏ ပုဂ္ဂလိက ငွေစာရင်းသို့ အမေရိကန်ဒေါ်လာ ၆၈၁ သန်း လွှဲပြောင်းပေးခြင်း အပါအဝင် ဘဏ္ဍာရေးလိမ်လည်မှုနှင့် ပတ်သက်သည့် လေးနက်သော စွပ်စွဲချက်များကို ဖော်ပြခဲ့သည်။
ထိုရံပုံငွေများကို အမည်ခံ ကုမ္ပဏီများ၏ ကွန်ရက်တခုနှင့် ငွေစာရင်းများမှ တဆင့် ရယူကြပြီး အဆင့်မြင့် အိမ်ခြံမြေများ၊ ပုဂ္ဂလိက ဇိမ်ခံသင်္ဘောများ ဝယ်ယူရန်နှင့် ဟောလိဝုဒ် ရုပ်ရှင်တခုကို ငွေကြေး စိုက်ထုတ် ရာတွင်ပင် သုံးခဲ့ကြသည်ဟု စွပ်စွဲချက်များအရ သိရသည်။ ထိုစွပ်စွဲချက်များနှင့် တခြားလုပ်ရပ်များကို စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး နာဂျစ်နှင့် လိုးတို့က မည်သည့် အမှားအယွင်းမျှ မကျူးလွန် ခဲ့ကြောင်း ပြောသည်။
နာဂျစ်သည် ထိုဖြစ်ရပ်တွင် မည်သည့် ရာဇဝတ် ပြစ်မှုမျှ မကျူးလွန်ကြောင်း ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့ သော်လည်း ထိုအစီရင်ခံစာသည် မလေးရှား ဥပဒေအရ အစိုးရ လိျှု့ဝှက်ချက် ဥပဒေတွင် အကျုံးဝင်နေသည်။ ထို့အပြင် မလေးရှား ဗဟိုဘဏ်၏ စုံစမ်းစစ်ဆေးမှုအရ 1MDB သည် လုပ်ထုံးလုပ်နည်း ချိုးဖောက်ခြင်းအတွက် ထုတ်ဖော် ကြေညာခြင်းမရှိသည့် ငွေပမာဏတခု ဒဏ်ရိုက်ခံခဲ့ရသည်။
ထိုငွေကြေး အရှုပ်တော်ပုံကို စင်္ကာပူ၊ ဆွစ်ဇာလန်နှင့် အမေရိကားတို့မှ အာဏာပိုင်များက စိတ်ဝင်စား ကြသည်။ ထိုသုံးနိုင်ငံမှ ဘဏ္ဍာရေးလုပ်ငန်း စည်းကမ်း ထိန်းကြပ်သူများက အရှုပ်တော်ပုံ၏ ပထမဆုံး သားကောင်သည် ဆွစ်ဇာလန်မှ အစဉ်အလာကြီးမားသော BSI ဘဏ်ဖြစ်သည်ဟု ပြောကြသည်။
ဘဏ်တခု ခေတ်ကုန်သွားခြင်း
သက်တမ်း ၁၄၃ နှစ်ရှိပြီဖြစ်သော ဆွစ်ဇာလန် နိုင်ငံ၏ အကြီးမားဆုံး ဘဏ်များအနက်တခု (ဆဌမ အကြီးဆုံး) ဖြစ်သည့် BSI သည် ၂၀၀၀ ပြည့်နှစ်များတွင် လုပ်ငန်းချဲ့ထွင်ပြီး စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားသည့် ဈေးကွက်ဖြစ်သော အာရှ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကတို့သို့ စတင် ထိုးဖောက်သည်။ သေနင်္ဂဗျူဟာအရ အရေးပါသော ဘဏ္ဍာရေး ဗဟိုချက်အဖြစ် ၂၀၀၅ ခုနှစ်တွင် စင်ကာပူ ကုမ္ပဏီခွဲကို ဖွင့်လှစ်ခဲ့သည်။
အမှုဆောင် အရာရှိချုပ် ဟန်းစပက်တာ ဘန်းနား၏ လက်အောက်တွင် လုပ်ငန်းများ အလျင်အမြန် တိုးတက် လာခဲ့သည်။ ၎င်း၏ ဖောက်သည်များတွင် 1MDB အပါအဝင် လွန်စွာကြွယ်ဝ ချမ်းသာသူများ၊ မိသားစုပိုင် ကုမ္ပဏီများနှင့် များပြားလှစွာသော နိုင်ငံပိုင် ရံပုံငွေအဖွဲ့များ ပါဝင်သည်။
မုန်တိုင်းတိမ်တောင်များ စုဝေးမိလာပြီ
၂၀၁၁ ခုနှစ်တွင် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့၊ နိုင်ငံတော် ဘဏ်နှင့် ဘဏ္ဍာရေး စည်းမျဉ်း ကြီးကြပ်သော အဖွဲ့အစည်းတို့က ထိုဘဏ်ကို ပထမဆုံးအကြိမ် စစ်ဆေးပြီး မူဝါဒနှင့် လုပ်ငန်း မှားယွင်းမှုများ၊ ဥပဒေ လိုက်နာမှုနှင့် ထိန်းချုပ်မှု အားနည်းချက်များရှိကြောင်း တွေ့ရှိခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ် စစ်ဆေးသောအခါတွင်မူ စင်ကာပူ BSI သည် ထိုရန်ပုံငွေအဖွဲ့၏ လက်အောက်မှဟု ယူဆရသော ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ခဲ့ကြောင်း တွေ့ရသည်။
စင်ကာပူ BSI ၏ အကြီးမားဆုံးနှင့် အကျိုးအမြတ်အများဆုံး ဖောက်သည်မှာ 1MDB ဖြစ်လာပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ စစ်ဆေးမှုများကို ခံရသည်။
စင်ကာပူ BSI ကို လုပ်ငန်းခွင်အတွင်း အပြင်းအထန် ပြန်လည် စုံစမ်းစစ်ဆေးသောအခါ ငွေကြေးခဝါချမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် စည်းကမ်းမလိုက်နာခြင်း၊ စီမံခန့်ခွဲရေး ညံ့ဖျင်းထိရောက်မှု မရှိသည့် ကြီးကြပ်မှုနှင့် မသမာသော လုပ်ရပ်အများအပြားကို ကျူးလွန် ခဲ့ကြောင်းတွေ့ရသည်။
ထိုဘဏ်၏ လိုင်စင်ကို ၂၀၁၆ ခုနှစ် မေလတွင် ပြန်လည်ရုပ်သိမ်း လိုက်ပြီး ဘရန်နာ အပါအဝင် စင်ကာပူ BSI ဝန်ထမ်းများ၏ အမည်များကို အာဏာပိုင်များသို့ လွှဲပြောင်းပေးကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စုံစမ်း စစ်ဆေးစေခဲ့သည်။ ဘရန်နာနှင့် တခြားသော အမှုဆောင်များကို ဆက်လက် စုံစမ်းစစ်ဆေးနေသော်လည်း ဘရန်နာသည် သိမ်းယူခံထားရသော နိုင်ငံကူးလက်မှတ်ကို မကြာသေးမီက ပြန်လည်ရရှိခဲ့သည်။
ထိုနေ့မှာပင် ဆွစ် ဘဏ္ဍာရေးဈေးကွက် ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (FINMA) လည်း 1MDB နှင့် ပတ်သက်သော သံသယဖြစ်ဖွယ် ငွေကြေးခဝါချမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို မတားဆီးနိုင်ခြင်းအတွက် BSI အုပ်စုကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ စတင်သည်။
တရားမဝင်သော အမြတ်ငွေများမှ ရရှိခဲ့သော ငွေပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၉၆ သန်းကို BSI အပေါ် ဒဏ်ငွေချမှတ်ခဲ့သည်။ ထို အုပ်စု၏ အမှုဆောင်အရာရှိချုပ် စတက်ဖနို ကော်ဒူရီ နုတ်ထွက်ရပြီး နောက်တွင် BSI ကို ၁၂ လအတွင်း ဖျက်သိမ်းရမည်ဟူသော FINMA ၏ အမိန့်အရ ၎င်းကို ဇူးရစ်အခြေစိုက် ပုဂ္ဂလိက ဘဏ်လုပ်ငန်းအုပ်စုဖြစ်သော EFG International က ဝယ်ယူလိုက်သည်။
အမေရိကန်နိုင်ငံ တရားရေးဌာနကလည်း 1MDB နှင့် ပတ်သက်သော ငွေ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ ပြန်လည် ရရှိရေးအတွက် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် တရားမ ကြောင်းအရ ပိုင်ဆိုင်မှုများကို ပြန်လည် သိမ်းဆည်းကာ အမှုများဖွင့်ခဲ့ပြီး အစိုးရကိုယ်ကျိုးရှာ ပိုင်ဆိုင်မှု ပစ္စည်းများ ပြန်လည်သိမ်းဆည်းရေး အစီအစဉ်တွင် အကြီးမားဆုံး အရေးယူမှု ဖြစ်လာခဲ့သည်။
BSI ကျဆုံးခြင်းမှ ရရှိသော သင်ခန်းစာ သုံးခု
လုပ်ငန်း၏ တောင်းဆိုမှုနှင့် ဘဏ်ကို အန္တရာယ်မှ အကာအကွယ်ပေးသည့် ထိန်းချုပ်သော စည်းမျည်းများ အကြားတွင် တင်းမာမှု အမြဲရှိတတ်သည်။ အထူးသဖြင့် လုပ်ငန်းတိုးတက်မှု မြင့်မားစေရန် ညွှန်ကြားချက်များ ထုတ်လိုက်သော အခါ ထိုသို့ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို တကမ္ဘာလုံးရှိ ဘဏ်တိုင်းတွင် တွေ့နိုင်သည်။ မည်သည်ကို ဦးစားပေးရမည်နည်း။
BSI သည် အမြတ်အစွန်းနှင့် စီးပွား တိုးတက်မှု ရရန် ဖောက်သည်၏ တောင်းဆိုမှုကို ဦးစားပေးခဲ့ပုံရပြီး စည်းမျဉ်းနှင့် လုပ်ငန်းတွင် ထိန်းချုပ်မှုများကို လျှော့ပေးသည်။ ရလဒ်ကို ၂၀၀၇-၀၈ ဘဏ္ဍာရေး အကျပ်အတည်းက အထင်အရှား ပြသခဲ့ပြီးဖြစ်သည်။
ဘဏ် ဝန်ထမ်းများ၏ မသမာမှုနှင့် စည်းမျဉ်းချိုးဖောက်မှုများကို ထိထိရောက်ရောက် ကြီးကြပ်ရန် စီမံခန့်ခွဲမှု အပိုင်း၏ ပျက်ကွက်မှုသည် တာဝန်ပျက်ကွက်မှု ဖြစ်သည်။ 1MDB သည် ဘဏ်တခုတည်းတွင် ငွေစာရင်း ၁၀၀ ရှိနေသည်ကို BSI ဝန်ထမ်းများ သတိထားမိခြင်း မရှိခဲ့ဘူးလား။
ထိုကဲ့သို့ ငွေစာရင်းအများအပြား ရှိခြင်းမှာ ငွေကြေး ခဝါချမှုကို လူမသိအောင် အလွှာခြားထားသည့် လက္ခဏာ ဖြစ်သည်။ မည်သို့ဖြစ်သည်ကို အတိအကျ အတည်မပြု နိုင်သေးသော်လည်း BSI သည် ၎င်း၏ လုပ်ငန်း များတွင် လိုအပ်သော အရေးယူမှုလုပ်ရန်နှင့် ငွေ အထုတ်အသွင်း ကြီးကြပ်မှု ပြုလုပ်ရန် အားထုတ်မှု မရှိခဲ့သည်မှာ ထင်ရှားနေသည်။
တကမ္ဘာလုံး ဆက်စပ်နေသော ကမ္ဘာ့စီးပွားရေးတွင် ဒေသတခုအတွင်း စည်းမျဉ်း ချိုးဖောက်သောကြောင့် ဖြစ်လာသော အန္တရာယ်နှင့် စီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်ပျက်မှုတို့သည် တခြားဒေသများကို များစွာ ထိခိုက် နိုင်သည်။ စည်းမျဉ်းများ လိုက်နာရေးနှင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိသည့် စီမံခန့်ခွဲခြင်းသည် ၎င်းတို့၏ ဦးစားပေး ဖြစ်သည်ဟု ဘဏ်လုပ်ငန်းရှင် အားလုံးက ပြောကြသည်။
သို့သော် အများစုသည် ထိုသို့လုပ်ခြင်းကို သေနင်္ဂဗျူဟာ အဆင့်တွင်သာ လုပ်ဆောင်ကြပြီး ဥပဒေ၊ IT နှင့် စီမံကိန်း စီမံခန့်ခွဲမှု တို့ကလည်း အကောင်အထည် ဖော်ရမည်ဖြစ်သည်။ စီမံခန့်ခွဲရေးပိုင်း၏ ကြီးကြပ်မှုသည် ကုမ္ပဏီ တခုလုံးတွင် ကျိုးကြောင်း ဆီလျော်မှု ရှိရန်အတွက် နိုင်ငံတကာတွင် လုပ်ဆောင်သော လုပ်ငန်းတခု၏ ဌာန အားလုံးမှ အဆင့်အားလုံး၏ တူညီသော သေနင်္ဂဗျူဟာ ရည်မှန်းချက်နှင့် စဉ်းမျဉ်းလိုက်နာမှု လိုအပ်သည်။
အာရုံစူးစိုက်မှုကင်းမဲ့ခြင်း၏ ရလဒ်သည် ပါဝင်ပတ်သက်သော ကုမ္ပဏီအတွက်သာမက၊ ကျန်သူများ အတွက်လည်း အကြီးအကျယ် ထိခိုက်နိုင်သည်။
(IMD Business School မှ ဘဏ္ဍာရေးရာ ပါမောက္ခ Salvatore Cantale နှင့် ပရောဂျက်မန်နေဂျာ Ivy Buche တို့ ပူးတွဲရေးသားသော Asia Times ပါ Powerful Swiss bank was toppled by Malaysia’s 1MDB scandal ကို ဘာသာပြန်ဆိုသည်။)