Lifestyle

ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

‘ မိုးစိုစီး’လို့ နာမည်ပြောင်ပေးထားတဲ့ဖိနပ်ကို သိကြပါသလား။ ခုခေတ်ပေါ် ရာဘာဖိနပ်တွေလို မပူဘူး။ မချော် ဘူး။ ရိုးရှင်းတယ်။ ခိုင်ခံ့တယ်။ တခြားဖိနပ်တွေနဲ့ လုံးဝမတူတဲ့ ထူးခြားချက်တချက် ဒီဖိနပ်မှာ ရှိတယ်။

သူ့ရဲ့ထူးခြားချက်ကြောင့် ဒီဖိနပ်စီးထားသူဟာ အခြား သာမန်ဖိနပ်စီးထားသူတွေနဲ့ယှဉ်ရင် လူတွေကြားမှာ ပိုပြီး ထူးထူး ခြားခြား ပေါ်လွင်နေလေ့ရှိတယ်။ လူတွေရဲ့ အထူးတလည် စိတ်ဝင်စားခြင်းကိုလည်း ခံရတတ်တယ်။

ဘာကြောင့်လည်းဆိုတော့ ဒီဖိနပ်စီးထားပြီး လမ်းလျှောက်လိုက်ရင် ဂိုးဂိုးဂေါက်ဂေါက်နဲ့ အသံစွာကျယ်စွာကျယ် ထွက်နေ တတ်လို့ပါပဲ။ ဒီလိုအသံထွက်နေလို့ ဆရာတင်မိုးက ‘ခုံဖိနပ်ကြီး ဂိုးဂိုးဂေါက်ဂေါက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစပ်ခဲ့တာပါ။ ဖိနပ်က ထွက်လာတဲ့ တဂေါက်ဂေါက် အသံကိုက ဒီဖိနပ်ရဲ့ ဆွဲဆောင်မှုတခု၊ သင်္ကေတခုလို ဖြစ်နေတယ်။ လူကြီး၊ လူ လတ်ပိုင်းအရွယ်တွေကတော့ ဂိုးဂိုးဂေါက်ဂေါက်ဆိုတာနဲ့ အသားခုံဖိနပ်လေးတွေကို မျက်လုံးထဲ ပြေးမြင်ကြတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကာလတွေတုန်းကတော့ အမျိုးသား၊ အမျိုးသမီး၊ ကြီးကြီးငယ်ငယ် အရွယ်ပေါင်းစုံဟာ ခုံဖိ နပ်တွေနဲ့ တရင်းတနှီးကြီးပြင်းခဲ့ကြရတယ်။ အိမ်တိုင်းမှာ အိမ်နေရင်းစီး ခုံဖိနပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ဘဲ။ တအိမ် လုံး၊ မိသားစုလိုက် ညီညီညွတ်ညွတ် ဂေါက်ဂေါက်ဂွပ်ဂွပ်နဲ့ စီးခဲ့ကြတာပေါ့။

အိမ်တိုင်းမှာ မရှိမဖြစ် နေရာယူခဲ့တဲ့ ဒီအသားခုံဖိနပ်လေးတွေဟာ ဒီနေ့အချိန်မှာတော့ လူတွေရဲ့ မေ့လျော့လျစ်လျူရှုခြင်း ကို ခံခဲ့ရတယ်။ ခုံဖိနပ်လေးတွေနေရာမှာ ခေတ်မီမီ ဖိနပ်လှလှပေါ့ပေါ့ပါးပါးလေးတွေကို အစားထိုးပစ်လိုက်ကြတာကြောင့် ခုံဖိနပ်စီးသူတွေ မရှိလောက် ရှားသွားသလို ခုံဖိနပ်လုပ်ငန်းတွေလည်း တော်တော်လျော့ကျသွားခဲ့ပြီ။

အရင်ကဆိုရင် ရပ်ကွက်တွေထဲက အိမ်ဆိုင်လေးတွေမှာတင် အလွယ်တကူဝယ်လို့ရတတ်တဲ့ ခုံဖိနပ်လေးတွေဟာ အခု အချိန်မှာတော့ စီးချင်ရင်တောင် ဘယ်မှာရှာဝယ်လို့ ရှာဝယ်ရမှန်း မသိတော့ပါဘူး။ မန္တလေးနဲ့ နီးနီးနားနားမှာ ဒီခုံဖိနပ်လေး တွေ မှတ်မှတ်ရရဝယ်လို့ရတဲ့ နေရာတနေရာ ရှိနေပါသေးတယ်။ မင်းကွန်းပုထိုးတော်ကြီးဝန်းကျင်က လက်ဆောင်ပစ္စည်း ရောင်းတဲ့ဆိုင်ငယ်လေးတွေမှာပဲဖြစ်ပါတယ်။

ခုံဖိနပ်လေးတွေကို ဒီနေ့အချိန်ထိ မင်းကွန်းရွာအတွင်းမှာ တနိုင်တပိုင်ထုတ်လုပ်နေကြသေးလို့ မင်းကွန်းပုထိုးတော်ကြီး ဝန်းကျင်မှာ ခုံဖိနပ်တွေကို ယနေ့အထိ မြင်နေရတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်အချိန် ကာလတွေမှာတော့ မင်းကွန်းရွာထဲက အိမ်အများစုဟာ ခုံဖိနပ်လုပ်ငန်းလုပ်ကိုင်သူတွေချည်းပါတဲ့။ ဒီနေ့အချိန်မှာတော့ တရွာလုံးမှာမှ ခုံဖိနပ်လုပ်ငန်းလုပ်တဲ့ မိသားစုတခုစ၊ နှစ်ခုစသာ ကျန်ရှိပါတော့တယ်။

သိပ်မကြာခင်အချိန်အတွင်းမှာ ဒီခုံဖိနပ်လုပ်ငန်းဟာ တိမ်ကောကွယ်ပျောက်ဖို့ အလားအလာတွေ တွေ့မြင်နေရတာကြောင့်  လုံးဝမတိမ်ကောသေးခင် အချိန်လေးအတွင်းမှာ သွားရောက်လေ့လာပြီး မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ စာဖတ်သူတွေ အ တွက် တဆင့်ပြန်လည်မျှဝေလိုက်ရပါတယ်။

မင်းကွန်းတောင်ရွာထဲက ကိုမောင်နိုင်တို့အိမ်ဟာ ခုံဖိနပ်လုပ်ငန်းကို လုပ်ကိုင်ကြတာ ဆယ်စုနှစ်တခုကျော်ကြာပါပြီ။ ခုံဖိနပ် လုပ်ငန်းကို မိဘ၊ ဘိုးဘွားတွေလက်ထက်ကတည်းက မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့ကြတာဖြစ်လို့ ကိုမောင်နိုင်ဟာ ခုံဖိနပ် လုပ်ငန်းရဲ့မျိုးဆက်သုံးဆက်မြောက်မှာ ဆက်လက်လုပ်ကိုင်နေသူလို့ဆိုရမှာပါ။ သူ့ရဲ့ခုံဖိနပ်လုပ်ငန်းလေးကို စုစုပေါင်း လုပ်သားငါးဦးနဲ့ လည်ပတ်နေတယ်။

ဖိနပ်လုပ်တဲ့အိမ်မှန်း ချက်ချင်း တန်းသိစေနိုင်တဲ့အချက်ကတော့ ခုံဖိနပ်ခုတ်နေတဲ့ ‘တတုတ်တုတ်’အသံလေးတွေကြောင့် ပါ။ ခုံဖိနပ်လုပ်တဲ့ အသားတုံးကို ဆောက် (သံတူရွေးအသေးစား)နဲ့ ဖိနပ်အရွယ်အစားဖြစ်အောင် ထုဆစ်ရတာကို ဖိနပ် ခုတ်တယ်လို့ ခေါ်ပါတယ်။

ကိုမောင်နိုင်ရဲ့ အိမ်ခြံဝင်းလေးဟာ ခုံဖိနပ်လုပ်တဲ့အိမ်ဆိုတဲ့အတိုင်း ဖိနပ်လုပ်ဖို့လိုတဲ့ အသား ကုန်ကြမ်းတွေ၊ ဖိနပ်ခုတ်ရာ မှာပိုတဲ့ အပိုင်းအစတွေ၊ အကြမ်းထည်ခုံဖိနပ်တွေ၊ ဖိနပ်သဲကြိုးတပ်ဖို့ပဲကျန်တော့တဲ့ အချောထည် ခုံဖိနပ်တွေ အားလုံး အားလုံးဟာ တခြံလုံးမှာ နေရာအနှံ့ပဲ။

အညာဆန်တဲ့ အသားအရောင် ညိုမောင်းမောင်းနဲ့ ပိန်ပိန်ပါးပါးအမျိုးသားကြီးသုံးဦးက သစ်အပိုင်းအစတွေပေါ်မှာ ထိုင်ပြီး ခုံဖိနပ်ခုတ်နေကြတယ်။

ခုံဖိနပ်ပြုလုပ်ပုံနည်း အဆင့်ဆင့်ကတော့ အကြမ်းဖျင်း သုံးဆင့်လောက်ရှိပါတယ်။ သစ်တုံးတွေကို ဖိနပ်လုပ်ဖို့ အရွယ် တော် လောက်ရတဲ့အထိ ဖြတ်ရတယ်။ အချောကိုင်ရတယ်။ ရာဘာသဲကြိုးထိုးရတယ်။ ဒီအဆင့်တွေပြီးရင်တော့ ခိုင်ခံ့ပြီး လှပတောင့်တင်းတဲ့ ခုံဖိနပ်တရံကို ရရှိပါပြီ။

ပြီးပြည့်စုံတဲ့ ခုံဖိနပ်တရံဟာ အနည်းဆုံး၂လထိ တာရှည်ခံတယ်။ ခုံဖိနပ်မှာ သဲကြိုးဆိုတာက အဓိကပါ။ သဲကြိုးပျက်ရင် ဖိနပ်ကို လွှင့်ပစ်လိုက်ကြတယ်။ သဲကြိုးမပျက်မချင်းတော့ စီးပေတော့။ တချို့ဆို ခုံဖိနပ်ကို ပါးအောင်ထိစီးကြရတယ်။

ခုံဖိနပ်တွေမှာ ယောက်ျားစီးနဲ့ မိန်းမစီး ၂မျိုးရှိတယ်။ ယောက်ျားစီးကတော့ ခြေထောက်အပြား ဗြက်ကြီးကြီးပုံစံပါ။ မိန်းမစီး မှာတော့ ဒီဇိုင်းသုံးမျိုးလောက် ထုတ်တယ်။ ထိပ်ဦးဝိုင်း၊ ထိပ်ဦးချွန်၊ ဒီကော်ဖိနပ်(ကော်ဖိနပ်ဆိုတာ မျိုးရိုးစဉ်ဆက်ခေါ်ခဲ့တဲ့ ဖိနပ်ပုံစံဖြစ်ပြီး စကားလုံးရဲ့အဓိပ္ပာယ်ကိုတော့မသိကြပါဘူး) ဆိုပြီး သုံးမျိုးခွဲထားပါတယ်။

ဒီဇိုင်းတခုချင်းစီမှာ ဒေါက်အမြင့်ပါတဲ့ဖိနပ်။ ရိုးရိုးပြင်ညီဖိနပ်ဆိုပြီးထပ်ခွဲသေးတယ်။ ကလေးအရွယ်ကနေ သာမာန်အရပ် ရှိတဲ့ လူကြီးအရွယ်တွေ အားလုံးနဲ့ အဆင်ပြေသင့်တော်စေဖို့ ဖိနပ်အရွယ်အစားခြောက်မျိုးလောက်ထိ ထုတ်တယ်။ ကို မောင်နိုင်တို့ ဖိနပ်လုပ်ငန်းဟာ တနေ့ကို ဖိနပ်အရံပေါင်း ၁၄၀ကနေ ၁၅၀လောက်ထွက်တယ်။

ခုံဖိနပ်
ခုံဖိနပ်ပြုလုပ်နေသည့် မြင်ကွင်းများ (ဓာတ်ပုံ- အေးမွန်ရာပြည့်)

လက်ကားဈေးနှုန်းနဲ့ဆိုရင် ဖိနပ်တရံကို ငွေကျပ်၆၀၀နဲ့ လက်လီရောင်းဆိုင်တွေကို ဖြန့်တယ်။ လက်လီဆိုင်လေးတွေမှာ တော့ ဖိနပ်တရံကို ငွေကျပ် ၁၀၀၀လောက်အထိ ဖြစ်သွားတတ်တယ်။

တကယ်တော့ ခုံဖိနပ်လုပ်ငန်းရှင်တွေရော၊ လုပ်သားတွေပါ အားလုံးနီးပါးဟာ ရင်းနှီးရတဲ့ငွေ၊ လုပ်ရတဲ့အလုပ်တွေနဲ့ ပြန် ရတဲ့ဝင်ငွေ မကာမိကြဘူး။ မကိုက်ကြပါဘူး။ အမြတ်မကျန်ကြပါဘူး။ ခေတ်ပေါ်ဖိနပ်တွေကလည်း ဈေးအရမ်းချိုနေတာ ကြောင့် ပုံရိုးရိုးခုံဖိနပ်တွေအနေနဲ့ ဒီထက်ဈေးကြီးရင် ဝယ်မယ့်သူရှိမှာ မဟုတ်တော့ဘူးလေ။ ဒါကြောင့် ခုံဖိနပ်ဈေးတွေ ကိုမကိုက်လည်း လုပ်နေကြရတယ်။ ခုံဖိနပ်စီးတဲ့သူတွေ ဆက်ရှိပြီး သူတို့ခုံဖိနပ်အလုပ် ဆက်တည်မြဲနေရင်ကို ကျေနပ် နေရတဲ့ ဘဝဖြစ်နေတယ်။

ကိုမောင်နိုင်လို ခုံဖိနပ်လုပ်ငန်းလုပ်ပြီး လက်ကားပေးနေသူထက် လက်လီရောင်းတဲ့ဆိုင်တွေကတောင် သူတို့ ထက်ပိုပြီး အမြတ်ပိုကျန်နေပါသေးတယ်။ ဒီလိုပဲရတဲ့ငွေနဲ့ ပြန်ရတဲ့ငွေပမာဏမကိုက်လို့ ရပ်နားလိုက်ကြရတဲ့ ခုံဖိနပ်လုပ်ငန်းရှင်  ဟောင်းတွေ မင်းကွန်းတောင်ရွာထဲမှာ တပုံတပင်ပါပဲ။

ခုံဖိနပ်တွေကွယ်ပျောက်ဖို့ တွန်းအားပေးနေတဲ့ တခြား ဆက်စပ်နေတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ ပထမ အ ချက်ကတော့ ကုန်ကြမ်းသစ်တွေ လိုသလိုဝယ်လို့ မရတော့တာ။ ဖိနပ်လုပ်ဖို့ ဒီးဒူးလက်ပံသား၊ တမာသား၊ မအူသား အစ ရှိတဲ့အသားမျိုးစုံကို သုံးပါတယ်။ ဖိနပ်လုပ်ဖို့အတွက် မပါမဖြစ် အဓိကအခြေခံလိုအပ်တဲ့ ဒီအသားတွေကို ဧရာဝတီမြစ် အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဗန်းမော်၊ ကသာမြို့တွေကနေ ဝယ်ကြရတာပါ။

နောက်တချက်ကတော့ ရွာမှာ ဖိနပ်လုပ်တတ်သူမရှိသလောက် နည်းပါးလာတာ။ အခုဆိုရင် မင်းကွန်းရွာမှာ ခုံဖိနပ် လုပ် တတ်တဲ့ မျိုးဆက်သစ်လူငယ်တွေမရှိတော့ဘူးလို့ ကိုမောင်နိုင်က အခုလိုညည်းတယ်။ “လက်ရှိလုပ်နေတဲ့ ဖိနပ်လုပ်တဲ့ လူကြီးတွေ မရှိတော့ရင် ဖိနပ်လုပ်ငန်းက ပျောက်ပြီ။”

ဖိနပ်တွေကို အချောကိုင်ပြီးရင် မန္တလေးမြို့က ပုံမှန်ဖောက်သည်ယူနေကျ ဖိနပ်ဆိုင်ကို သဘောၤနဲ့တဆင့် ပို့ပေးရတယ်။ မန္တလေးမြို့က တဆင့် တခြားနယ်တွေကို ရောင်းပေးတယ်။

ဒီဘက်ခေတ်မှာတော့ ခုံဖိနပ်စီးသူတွေ မရှိသလောက် ရှားသွားပြီဖြစ်ပေမယ့်လည်း မိုးများပြီး ဗွက်များတဲ့၊ သဲများတဲ့အရပ် ဒေသက တောသူတောင်သူတွေဟာ မိုးစိုစီးလို့လည်းခေါ်ကြတဲ့ ခုံဖိနပ်တွေကို စွဲစွဲမက်မက် စီးနေကြသေးတယ်။

လူကြီးပိုင်းအရွယ်တွေတချို့ကတော့ ခြေထောက်အေးပြီး အပူလည်း စုပ်တယ်၊ ကျန်းမာရေးနဲ့လည်း ညီတယ် ဆိုပြီး ခုံဖိ နပ်တွေကို တခုတ်တရ စီးနေကြတာရှိသေးတယ်။ သူတို့တွေကတော့ ခုံဖိနပ်တွေကိုတွေ့ပြီဆိုရင် မမေ့မလျော့ ဝယ်တတ် ကြတယ်။ ဒါပေမယ့် ဒါဟာ တော်တော့ကို နည်းတဲ့လူနည်းစုလောက်သာ ဖြစ်ပါတယ်။

ကိုမောင်နိုင်ကတော့ မြန်မာ့ရိုးရာလက်မှုခုံဖိနပ်လေးတွေကို ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ဆန်းသစ်ပြီး အသက်သွင်းဦးမယ်ဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ပြန်ရယူနိုင်လိမ့်ဦးမယ်။ တဆက်တည်းအနေနဲ့ သူတို့လိုလုပ်ငန်း လုပ် သူတွေအတွက်လည်း ပြန်အဆင်ပြေလာမယ်။

ကိုယ့်ရိုးရာလုပ်ငန်းကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်။ ဒေသအပေါ်လည်း ပြန်ပြီး အကျိုးပြုနိုင်မယ်လို့ စိတ်ထဲ ယုံကြည်နေသေးတဲ့အကြောင်း သူ့အိမ်ဝင်းထဲက ခုံဖိနပ်လုပ်တဲ့ အသားတုံး (သစ်တုံး) ကုန်ကြမ်းတွေကို တချက်ဝေ့ကြည့် ရင်း ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading