ကမ္ဘာသည် သိပ္ပံပညာအောင်မြင်မှု ရရှိတော့မည်ဖြစ်သည်။ အန္တရာယ်ကင်းပြီး ထိရောက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမည့်နှစ်ဦးတွင် ရရှိနိုင်သည်။ ကာကွယ်ဆေးတခုထက်မကပင် ရနိုင်သည်။ ထို ဖြစ်ပေါ်တိုးတက်မှုသည် ကမ္ဘာတွင် ကမ္ဘာတဝန်း ကူးစက်ရောဂါခြိမ်းခြောက်မှုကို အမြစ်ဖြတ်ပေးနိုင်သည့် အခွင့်အလမ်ကိုဖြစ်စေပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။
မိမိတို့သည် ထိုရောဂါကို ခံနိုင်ရည်ရှိသောကြောင့် အစိုးရများသည် လူမှုခွဲခြားနေထိုင်ရေး အစီအမံများကို ရုတ်သိမ်းကြမည်ဖြစ်သည်။ ပြည်သူများသည် မျက်နှာဖုံးနှာခေါင်းစည်းများကို ဆက်လက်ဝတ်ဆင်ကြမည် မဟုတ်ပေ။ ကမ္ဘာ့စီးပွားရေးသည် အရှိန်အဟုန်ပြည့် ဆက်လက်လည်ပတ်လာမည်။
သို့သော် ထိုသို့ ရောဂါကို အမြစ်ဖြတ်နိုင်ခြင်းသည် အလိုအလျောက် ဖြစ်လာမည်မဟုတ်ပေ။ ထိုပန်းတိုင်သို့ရောက်ရန် အချက် ၃ ချက် လိုသည်။ ကာကွယ်ဆေး ဘီလျံပေါင်းများစွာ ထုတ်လုပ်နိုင်သည့် စွမ်းရည်၊ ထိုကာကွယ်ဆေးများအတွက် ငွေကြေးစိုက်ထုတ်မှုနှင့် ၎င်းတို့ကို ဖြန့်ချိမည့်နည်းလမ်းတို့ဖြစ်သည်။
လတ်တလောတွင် ကမ္ဘာ့ကိုဗစ်-၁၉ ကာကွယ်ဆေး အများစုသည် ချမ်းသာသော နိုင်ငံများအတွက်ဖြစ်နေသည်။ ထိုနိုင်ငံများသည် ဆေးဝါးကုမ္ပဏီများနှင့် သဘောတူညီချက်များပြုလုပ်ပြီး ထိုကာကွယ်ဆေးများကို ထုတ်လုပ်သည်နှင့် တပြိုင်နက် ကာကွယ်ဆေး ဘီလျံပေါင်းများစွာ ဝယ်ယူခွင့် ရယူထားကြသည်။
သို့သော် တောင်ဆူဒန်၊ နီကာရာဂွာမှသည် မြန်မာအထိ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများသည် မည်သို့လုပ်ဆောင်ရမည်နည်း။ ထိုနိုင်ငံများသည် လူသားအားလုံး၏ ထက်ဝက်မကနေထိုင်သော နိုင်ငံများဖြစ်ပြီး ဆေးဝါးကုမ္ပဏီများနှင့် ကြီးမားသည့် သဘောတူစာချုပ် မချုပ်နိုင်သော နိုင်ငံများဖြစ်သည်။ လက်ရှိအခြေအနေအရ ထိုနိုင်ငံများသည် အလွန်ဆုံးမှ ၎င်းတို့ပြည်သူများ၏ ၁၄ ရာခိုင်နှုန်းအတွက်သာ တတ်နိုင်ကြမည်။
ကာကွယ်ဆေးကို အလွန် မညီမမျှ ဖြန့်ချိခြင်းကြောင့် မည်သို့ဖြစ်လာမည်ကို Northeastern University ၏ တွက်ချက်မှု ပုံစံတခုက ပြသနေသည်။ ထိုတက္ကသိုလ်မှ သုတေသီများက ဖြစ်နိုင်ခြေရှိသည့် ဖြစ်စဉ်နှစ်ခုကို သရုပ်ခွဲလေ့လာကြသည်။ ထိုဖြစ်စဉ်တခုတွင် ကာကွယ်ဆေးများကို နိုင်ငံအလိုက်လူဦးရေ အပေါ်အခြေခံပြီး ဖြန့်ချိသည်။ အခြားဖြစ်စဉ်တခုတွင်မူ လက်ရှိအခြေအနေအတိုင်း အချမ်းသာဆုံး နိုင်ငံ ၅၀ သည် ပထမဆုံး ကာကွယ်ဆေး ၂ ဘီလျံကို ရရှိကြသည်။ ထိုဖြစ်စဉ်အရ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့ လေးပုံသုံးပုံတွင် အတားအဆီးမရှိ လေးလကြာ ဆက်လက်ပျံ့နှံ့သည်။ လူနှစ်ဆခန့်သေသည်။
ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ကို တားဆီးနိုင်သောကြောင့် ကာကွယ်ဆေးထုတ်လုပ်ရန် သဘောတူစာချုပ် မချုပ်နိုင်သည့် နိုင်ငံများရှိ မည်သူမဆို မသေဆုံးသင့်ပေ။
ထိုသို့ဖြစ်လျှင် ကျင့်ဝတ်အရ အကြီးအကျယ် ကျဆုံးမှုဖြစ်မည်။ ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ကို တားဆီးနိုင်သောကြောင့် ကာကွယ်ဆေးထုတ်လုပ်ရန် သဘောတူစာချုပ် မချုပ်နိုင်သည့် နိုင်ငံများရှိ မည်သူမဆို မသေဆုံးသင့်ပေ။
သို့သော် “ချမ်းသာသောနိုင်ငံများသာ”ဟူသည့် မြင်ကွင်း၏ ပြဿနာကို ကြည့်ရှုရန်အတွက်မူ မျှတပါရဲ့လားဟု ဂရုစိုက်ရန်ပင် လိုမည်မဟုတ်ပေ။
ထိုမြင်ကွင်းအရ မိမိတို့သည် သြစတြေးလျနှင့် နယူးဇီလန်ကဲ့သော နိုင်ငံများဖြစ်သည်ဟု ဆိုကြပါစို့။ ထိုနိုင်ငံများသည် ၎င်းတို့၏ နယ်နိမိတ်အတွင်း ရောဂါကူးစက်မှု အနည်းငယ်မျှသာရှိသော်လည်း ၎င်းတို့၏ စီးပွားရေးများမှာမူ ကုန်သွယ်ဘက်နိုင်ငံများတွင် လော့ဒေါင်းဖြစ်နေသောကြောင့် ဆက်လက် ကျဆင်းနေမည်။ နောက်ဆုံးတွင် ဗိုင်းရပ်စ်သယ်ဆောင်သူ အသစ်တဦး ပစိဖိတ်တောင်ပိုင်းသို့ ရောက်လာပြီး ထိုမှတဆင့် ရောဂါ အစုအပြုံလိုက် ကူးစက်မှုသစ်များ ဖြစ်မည်။ ထို့နောက် ကူးစက်မှုသစ်များသည် ကြီးထွားပျံ့နှံ့မည်။ ကျောင်းများနှင့် ရုံးများ ပြန်လည်ပိတ်ရမည်။
လူတိုင်းလူတိုင်းသည် ကာကွယ်ဆေးထိုးရန် ရွေးချယ်မည် မဟုတ်သောကြောင့် ကာကွယ်ဆေး အလျှံပယ်ရှိနေစေကာမူ ချမ်းသာသော နိုင်ငံများသည် ဖော်ပြပါအတိုင်း ရောဂါပိုး ပြန်လည်ကူးစက်မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် ထိုရောဂါ၏ ခြိမ်းခြောက်မှုကို အမြစ်ဖြတ်သုတ်သင်ရန် တခုတည်းသော နည်းလမ်းမှာ နေရာတိုင်းတွင် ထိုရောဂါ၏ ခြိမ်းခြောက်မှုကို အမြစ်ဖြတ်သုတ်သင်ရန်ဖြစ်သည်။
ထိုကာကွယ်ဆေး ကွာဟမှုမရှိစေရန် အကောင်းဆုံးနည်းလမ်းမှာ ချမ်းသာသော နိုင်ငံများကို အရှက်ခွဲရန် မဟုတ်ပေ။ ၎င်းတို့သည် အားလုံး လုံးဝနားလည်နိုင်သော လုပ်ရပ်ဖြစ်သည့် ၎င်းတို့၏ ပြည်သူများကို ကာကွယ်နေခြင်းသာဖြစ်သည်။ ထိုသို့လုပ်မည့်အစား မိမိတို့သည် ကမ္ဘာ့ကာကွယ်ဆေးထုတ်လုပ်နိုင်သည့် စွမ်းရည်ကို အကြီးအကျယ်မြှင့်တင်ရန်သာ ဖြစ်သည်။ ထိုနည်းဖြင့် မိမိတို့သည် မည်သူ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ လူတိုင်းအတွက် ကာကွယ်ဆေး ရရမည်ဖြစ်သည်။
စိတ်ချမ်းသာစရာကောင်းသည်မှာ ထိုနယ်ပယ်တွင် သိသာထင်ရှားသော တိုးတက်မှု ရရှိနေပြီဖြစ်သည်။ ဆေးဝါးကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံများကို အပြန်အလှန် အသုံးပြုခွင့်ပေးခြင်းဖြင့် ဆေးဝါးထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် သဘောတူထားပြီးဖြစ်သည်။ ဥပမာဆိုရပါက ရမ်ဒီဆီဗာကို Gilead က ဖေါ်ထုတ်သော်လည်း Pfizer စက်ရုံများတွင်လည်း ထပ်မံထုတ်လုပ်သည်။ မည်သည့်ကုမ္ပဏီမျှ ၎င်းတို့၏ စက်ရုံများကို ပြိုင်ဖက်များအသုံး ပြုရန်ခွင့်ပြုခြင်း ယခင်က မရှိခဲ့သော်လည်း ယခုအခါ ကာကွယ်ဆေးနှင့်ပတ်သက်လျှင် ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့တွေ့မြင်နေရပြီဖြစ်သည်။
ကာကွယ်ဆေးထုတ်လုပ်သည့် စွမ်းရည်အပြင် မိမိတို့သည် ဆင်းရဲသော နိုင်ငံများအတွက် ကာကွယ်ဆေး ဘီလျံပေါင်းများစွာအတွက် ပေးချေရန် ရန်ပုံငွေလိုသည်။ ထိုကိစ္စကို ACT Accelerator ကကူညီနိုင်သည်။ ACT Accelerator ဆိုသည်မှာ Gavi နှင့် Global Fund ကဲ့သို့သော အဖွဲ့အစည်းများက လုပ်ဆောင်နေသည့် အစီအစဉ်ဖြစ်သည်။ ၎င်းတို့ကို ကြားဖူးသူ များများမရှိသော်လည်း ထိုအဖွဲ့များသည် ကာကွယ်ဆေး၊ ဆေးဝါးနှင့် ရောဂါရှာဖွေရေးများကို ငွေကြေးထောက်ပံ့သည့်ကိစ္စတွင် ကျွမ်းကျင်သူများဖြစ်နေသည်မှာ ဆယ်စုနှစ် ၂ စု ရှိပြီဖြစ်သည်။
ဆေးဝါးကုမ္ပဏီများသည် မည်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက်မျှ အမြတ်မရှာဘဲ အတတ်နိုင်ဆုံး လူတိုင်းတတ်နိုင်အောင် ထုတ်လုပ်ရန် သဘောတူထားပြီး ရန်ပုံငွေရှာဖွေရေးကို လွယ်ကူအောင် လုပ်ဆောင်ထားပြီးဖြစ်သည်။
ဆေးဝါးကုမ္ပဏီများသည် မည်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက်မျှ အမြတ်မရှာဘဲ အတတ်နိုင်ဆုံး လူတိုင်းတတ်နိုင်အောင် ထုတ်လုပ်ရန် သဘောတူထားပြီး ရန်ပုံငွေရှာဖွေရေးကို လွယ်ကူအောင် လုပ်ဆောင်ထားပြီးဖြစ်သည်။ သို့သော် အများပြည်သူ ရန်ပုံငွေလည်း လိုသည်။
ဗြိတိန်နိုင်ငံက လုပ်ဆောင်နေသည်မှာ အခြားချမ်းသာသော နိုင်ငံများလိုက်လုပ်သင့်သော စံနမူနာဖြစ်သည်။ ဗြိတိန်သည် ဆင်းရဲသော နိုင်ငံများအတွက် ကာကွယ်ဆေး သန်းရာပေါင်းများစွာ ဝယ်ယူရန် လုံလောက်သော ငွေကို Accelerator သို့ လှူထားသည်။ ဂျပန်ကဲ့သို့သော နိုင်ငံများလည်း အလားတူပင်ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများအတွက် ကာကွယ်ဆေးဝယ်ရန် ဒေါ်လာ ၁၆၃ သန်းကတိပြုကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့က ကြေညာသည့် ဂျပန်အစိုးရသည် စီးပွားတိုးတက်သော နိုင်ငံများအနက် ပထမဆုံး အစိုးရဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန် ပိုမိုလိုအပ်နေသေးပြီး အခြားနိုင်ငံများလည်း ထိုသို့ရက်ရောမည်ဟု မျှော်လင့်သည်။
နောက်ဆုံးအချက်မှာ ကမ္ဘာတွင် ထုတ်လုပ်မှုစွမ်းရည်နှင့် ရန်ပုံငွေ အဆင်သင့်ရှိနေလျှင်ပင် မိမိတို့အနေဖြင့် ကျန်းမာရေး စနစ်များကို တောင့်တင်းကြံ့ခိုင်အောင် လုပ်ဆောင်ရန် လိုသည်။ ကျန်းမာရေးစနစ်ဆိုသည်မှာ ကမ္ဘာတဝန်းမှ ပြည်သူများကို ကာကွယ်ဆေး ထိုးပေးနိုင်သည့် အလုပ်သမားများနှင့် အခြေခံအဆောက်အအုံများကို ဆိုလိုသည်။
ယခုလုပ်ဆောင်နေသည့် ပိုလီယိုရောဂါ အမြစ်ဖြတ်ရေး အားထုတ်မှုမှ လေ့လာစရာ များစွာရှိသည်။ အိန္ဒိယနိုင်ငံ ပိုလီယိုကင်းစင်ရေးအားထုတ်မှုတွင် အကျော်ကြားဆုံး ဓါတ်ပုံတပုံမှာ ကျန်းမာရေးလုပ်သားများ၏ပုံဖြစ်သည်။ ၎င်းတို့သည် ကာကွယ်ဆေး အအေးခံထားသောပုံများ ခေါင်းတွင်ရွက်ပြီး ဝေးကွာသော ရွာတရွာသို့သွားရန် ခါးအထိနက်သော ရေတွင်ဖြတ်သန်းသွားလာနေသည်။
လမ်းမရှိသောနေရာများသို့ပင် သွားရောက်နိုင်သော ကျန်းမာရေးလုပ်သားများ လိုသည်။
ကမ္ဘာ့အဆင်းရဲဆုံးနေရာများတွင် ကိုဗစ်-၁၉ ကိုရှာရန် ထိုသို့ အခြေခံကျန်းမားရေးလုပ်သားများ၏ ကွန်ရက်များ လိုသည်။
လမ်းမရှိသောနေရာများသို့ပင် သွားရောက်နိုင်သော ကျန်းမာရေးလုပ်သားများ လိုသည်။
ကောင်းမွန်သော ရောဂါရှာဖွေမှုဖြင့် ထိုလုပ်သားများသည် လင်းနို့မှ ဖြစ်စေ ငှက်မှဖြစ်စေ နောက်ထပ်ရောဂါတခု လူသားများသို့ ကူးစက်လာခြင်းကိုပင် သတိပေးနိုင်သည်။
တနည်းအားဖြင့်ဆိုရပါက ကိုဗစ်-၁၉ ကင်းစင်အောင် လုပ်ဆောင်ရာတွင် မိမိတို့သည် နောက်ထပ် ကမ္ဘာတဝန်း ကူးစက်ရောဂါတခုကြောင့် ထိခိုက်မှုကို လျှော့ချရာတွင် အထောက်အကူပြုသော စနစ်ကိုလည်း တည်ဆောက်နိုင်သည်။
ကမ္ဘာတဝန်း ကူးစက်ရောဂါသမိုင်းကို လေ့လာရာတွင် မိမိသိရှိရသော အချက်တခုမှာ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးဆောင်ခြင်းနှင့် ပတ်သက်လျှင် အံ့သြစရာ အရွေ့တခုကို ဖန်တီးပေးခြင်းဖြစ်သည်။ မိမိနိုင်ငံကို ကူညီလိုစိတ်သော နိုင်ငံတနိုင်ငံ၏ ဗီဇသည် အခြားနိုင်ငံများကို ကူညီလိုသည့် ဗီဇနှင့် လွန်စွာ ဒွန်တွဲနေသည်ကို ရှားရှားပါးပါး ပြသသည့် ဖြစ်ရပ်များတွင် ကမ္ဘာတဝန်း ကူးစက်ရောဂါများ ပါဝင်သည်။ ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးဆောင်ခြင်း သို့မဟုတ် ဆင်းရဲသော နိုင်ငံများ ကာကွယ်ဆေးရအောင် လုပ်ဆောင်ခြင်းသည် အတူတူပင်ဖြစ်တော့သည်။
( Bill Gates ၏ A three-part plan to eliminate COVID-19 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်
ဘေလ်ဂိတ် ဟောပြောပွဲကို မစင်တွေ ယူလာပြရခြင်း နောက်ကွယ်
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြတဲ့ ဘီလီယံနာ သူဌေးများ