ပန်းချီ ထူးအောင်ကျော်ရဲ့ ပန်းချီကားတွေဟာ Abstract Expression ပန်းချီကား တွေလို့ ဆိုနိုင်ပါ တယ်။ သို့ပေမယ့် ပျက်ယွင်း ပဲ့ကြွေသွားတဲ့ သမိုင်းဆိုင်ရာ အပိုင်းအစတွေ၊ ရှေးဟောင်း အမှတ်တရ ပုံရိပ်တွေကို Patchwork တွေ အဖြစ်လည်း ထည့်သွင်း ဖန်တီး ထားတာ တွေ့ရတာကြောင့် ခံစားသူအတွက် ဆက်စပ် ဆက်နွယ်ခံစားမှု နှစ်မျိုး ရစေတဲ့ ပန်းချီကားတွေလို့ ဆိုရမှာ ဖြစ်တယ်။
သူ့ရဲ့ မှောင်ရိပ်များ (The Nook) ဆိုတဲ့ တကိုယ်တော် ပန်းချီပြပွဲကို Pansodan Scene ပြခန်းမှာ သြဂုတ် ၂၁ က ၃၀ ရက်နေ့ အထိ ကျင်းပပါတယ်။
ဘဝရဲ့ ငယ်ရွယ်တဲ့ နေ့ရက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ကူးယဉ်မျှော်လင့်မှုဟာ အသက်အရွယ်ကြီးရင့်လာတဲ့ အခါ မှေးမှိန် ပျောက်ကွယ် သွားတတ်ပါတယ်။ သို့ပေမယ့် ပန်းချီထူးအောင်ကျော်ကတော့ အဲဒီလို ပျောက်ကွယ် မသွားခဲ့တဲ့ အပြင် သူရည်ရွယ် မျှော်လင့်ရာက ပိုမို ခိုင်မာလာတယ်လို့ ဆိုရမှာပါ။
“ကျနော် ၉ တန်း ကျောင်းသား ဘဝကတည်းက ဒါမှ မလုပ်ရရင်တော့ ငါ မဟုတ်တော့ဘူး လို့ ကိုယ့်ကိုယ်ကို သတ်မှတ် ထားတာပါ” လို့ အနုပညာအလုပ်ကိုမှ မလုပ်ရရင်တော့ သူဟာ သူ မဟုတ်တော့ဘူး လို့ ဆုံးဖြတ်ထားခဲ့တဲ့ အကြောင်း သူက ပြောပြပါတယ်။ ပြီးတော့ သူက “ကျနော့် ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံတွေက ကျနော့် အနုပညာဖန်တီးမှု အပေါ် အပြည့်အ၀ ရိုက်ခတ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
သူ့ကို တခါတွေ့မြင်လိုက်ရတာနဲ့ အမြဲမှတ်မိနေတဲ့၊ အရပ်ပုပု အသားမည်းမည်းနဲ့ ဆံပင်တွေ ခွေလိပ်နေတဲ့ Artist ထူးအောင်ကျော်ကို ချစ်စနိုးနဲ့ “ကိုပျူ” လို့ လည်းခေါ်ကြသလို “ထူးထူး” လို့လည်း ခေါ်ကြပါတယ်။ သူ့ကို ၁၉၇၈ ခုနှစ် မတ်လ ၁၁ ရက်နေ့၊ ကျောက်ပန်းတောင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၇ ဦး ရှိပြီး သူက စတုတ္ထမြောက်ပါ။
သူဟာ ၁၉၉၉ မှာ ရန်ကုန်ကို ရောက်လာခဲ့ပြီး ၂၀၀၃-၀၄ မှာ Philosophy ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သလို ရန်ကုန် ပန်းချီပန်းပု ကျောင်းမှ ပန်းချီ အထူးပြုနဲ့ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ New Zero Art Space Patch Work Realism ထူးအောင်ကျော် Abstract Expression မှာ ပန်းချီ လက်ထောက် နည်းပြ အဖြစ် ၃ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။ သူဟာ လင်းလွင်၊ လင်းလု ဆိုတဲ့ ကလောင်အမည်တွေနဲ့ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတိုတွေလည်း ရေးသားခဲ့ပါ တယ်။ သူနဲ့အတူ ပန်းချီပန်းပု ကျောင်းဆင်း သူငယ်ချင်းတွေ စုစည်းပြီး Colour Streams အမည်နဲ့ ပြပွဲတွေ ပြုလုပ်လာခဲ့ရာ မှာ ၁၀ ကြိမ်မြောက် ရှိခဲ့ပါပြီ။ လက်ရှိမှာတော့ ပန်းချီရေးဆွဲခြင်းကို အချိန်ပြည့် လုပ်ကိုင်နေပါတယ်။
သူ့ဘ၀ သူ့ အနုပညာ ဖန်တီးမှုကို လေ့လာသုံးသပ်ရရင်.. သူ့ရဲ့ အစောပိုင်း လက်ရာတွေဟာ Academic နည်းနဲ့ ရေးဆွဲ တင်ပြမှု အများစု ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီနောက် Impression ကို ရေးချင်လာတယ်၊ ဒါပေမယ့် ချက်ချင်း ပြောင်းလို့ မရဘူး ဖြစ်နေတယ် လို့ သူက ပြောပါတယ်။ တကယ်တော့ သိမြင်ပြီး ပြောင်းလဲခြင်းမျိုးရှိသလို၊ စိတ်ငြီးငွေ့ပြီး ပြောင်းတာ လည်း ရှိပါတယ်။ တချို့ ကျတော့ တမင် ပြောင်းယူကြတာတွေ ရှိပါတယ်။ ထူးအောင်ကျော်ကတော့ – “မိုဒီကလျာနီ တို့၊ ရမ္မက်မီးတို့၊ လစန္ဒာနဲ့ ခြူးပိုက်ဆံတို့ ဖတ်ရှုပြီး အတွေးတွေ ပြောင်းလာတယ်လို့ ပြောနိုင်တယ်။ စာဖတ်ခြင်း က စိတ်ကူးတွေ ပြောင်းလဲ လာစေတယ်။ ကျနော့် မိဘတွေက စာဖတ်ခြင်းနဲ့ ပန်းချီရေးခြင်းကို အားပေးတာလည်း ပါတယ် ပေါ့” လို့ ပြောပါ တယ်။
၂၀၀၈ ခုနှစ် မေလထဲမှာတော့ သူ့စိတ်ကြိုက် Abstract Expression ပန်းချီကား ၂ ကား ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ ပါတယ်။ အဲဒီ ရေးဆွဲမှုက သူ့ရဲ့ ပန်းချီရေးဆွဲမှု တဆစ်ချိုး အပြောင်းအလဲ လို့ ဆိုနိုင်ပါတယ်။ သူ ဘယ်လို ရေးဆွဲခဲ့တာလဲ ဆိုတော့…
“နာဂစ်ကလည်း ဖြစ်ပြီးခါစ၊ အရင်နေ့တွေတုန်းက အလုပ်တွေ ပင်ပန်းနေတဲ့ အရှိန်၊ မနက်ခင်းမှာ ကျနော် မြင်တွေ့လိုက်ရတဲ့ ဖရိုဖရဲ မြင်ကွင်း၊ လူပေါင်းများစွာ သေဆုံး ပျောက်ကွယ်သွားရတယ် ဆိုတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ… ဒါတွေကို တွေ့လိုက်ရ တော့ စိတ်ထိခိုက် သွားရသလို တဖက်ကလည်း အားမလို အားမရ ဖြစ်သွားတယ်။ သဘာဝတရားကြီးက လူတွေကို ဒဏ်ခတ်မှု အပေါ် နာကျင်ခံစား လိုက်ရတယ်။ ဒါနဲ့ ကျနော် တယောက်တည်း ရှိနေချိန်မှာ အဲဒီစိတ်ခံစားမှုကို ဖွင့်ထုတ်တဲ့ ပန်းချီကား ၂ ကား ရေးဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
သူဟာ Realism အခြေပြု ဖန်တီးမှုကားပေါင်း များစွာ ရေးဆွဲခဲ့ပေမယ့် တကယ့်ကျေနပ်မှုကို အပြည့်အ၀ ရခဲ့တာက Abstract Expression ပန်းချီကား ဖြစ်တယ် လို့ ဆိုပါတယ်။ ပန်းချီကားတခုကို ဖန်တီးတဲ့အခါ စိတ်ခံစားမှုက အရေးပါ သလို ဖန်တီးပြီး တဲ့နောက် ဖန်တီးသူရဲ့ စိတ်ကျေနပ်မှု အပြည့်အ၀ ရပါမှ အနုပညာမြောက် ဖန်တီးမှုပါ။
သူ့ရဲ့ အနုပညာ ဖန်တီးမှု အပြောင်းအလဲက အဲဒီကာလက စတင်တာလို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ပန်းချီကားတွေထဲမှာ သူ့ရဲ့ Portrait ကို ထည့်သွင်း ရေးဆွဲပြီး သူ့ငယ်ဘ၀ အကြောင်း၊ သူ လိုလား မျှော်လင့်ရာတွေ အကြောင်းကို စကားလုံးနဲ့ပါ ထည့်သွင်း ရေးဆွဲ တင်ပြထားတဲ့ Narrative Art ဆန်တဲ့ တင်ပြမှုတွေလည်း တွေ့ရပါတယ်။ Landscape ကားတွေမှာ သူ့ရဲ့ Brush Work တွေလည်း ရဲရဲရင့်ရင့် ထည့်သွင်း ရေးဆွဲလာတာ တွေ့ရတယ်။
အဲဒီနောက် သူ့ရဲ့ ပြောင်းလဲဖန်တီးတင်ပြပုံက စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့စိတ်ခံစားချက် အတိုင်း ပန်းချီကား နောက်ခံကို အရောင်ထိမ်းသိမ်းမှု မရှိဘဲ ရေးဆွဲပါတယ်။ အထူးသဖြင့် Contrast ဖြစ်တဲ့ အရောင်တွေကို Harmony ဖြစ်ဖို့ ထည့်သွင်း မစဉ်းစားဘဲ တွဲစပ်ရေးဆွဲတာပါ။ တချိန်တည်းမှာ Patch Work တွေ ဖန်တီး တင်ပြလာတယ် လို့လည်း ဆိုနိုင်ပါတယ်။ နောက်ပြီး ပန်းချီကားတွေထဲမှာ ရှေးခေတ် ဘာသာရေးဆိုင်ရာ ရုပ်ပုံတွေ၊ ဘီလူးပုံတွေ၊ မင်စာ အုတ်ခွက်စာတွေ လည်း ထည့်သွင်းလာပါတယ်။
“ကျနော် ပန်းချီရေးဆွဲရင် တယောက်တည်း ရှိနေချိန်မှာ အများဆုံး ရေးပါတယ်။ အဲဒီလို ရေးအချိန်မှာ ငယ်စဉ်က တွေ့ကြုံခဲ့ရ တဲ့ ဘာသာရေး အဆောက်အအုံတွေ၊ သင်္ကေတေတွေကို ပြန်အမှတ်ရမိတာတွေ ဖြစ်လာတဲ့ အခါ အဲဒီမှတ်မိတာတွေ ကျနော့် ပန်းချီကားမှာ ရေးဆွဲဖြစ်ပါတယ်။ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ကက်ဆက်တိပ်ခွေ ဇာတ်လမ်းတွေ၊ ရေဒီယို အသံလွှင့် တာတွေ၊ ပုံပြင်တွေလည်း ပန်းချီကားမှာ ထည့်သွင်း ရေးဆွဲမိတာလည်း ရှိပါတယ်။ ပြီးတော့ ကျနော့် ဘေးပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ စေ့ဆော်မှုတွေလည်း ပန်းချီကားထဲမှာ ထည့်ရေး ဖြစ်တယ်ဗျ။ ဥပမာ တောက်တဲ့ အော်သံကြားလို့ တောက်တဲ့ကို သတိရပြီး တောက်တဲ့ပုံ ထည့်ရေးမိတာမျိုးပေါ့။ အဲဒါမျိုး တမင်စီစဉ်ထားတာ မဟုတ်ဘဲ ဖြစ်လာတဲ့ စိတ်ခံစားမှု အတိုင်း ရေးဆွဲတာ ပါပဲ”
သူ့ရဲ့ ပန်းချီကားတွေမှာ ဘာသာရေး ဆိုင်ရာ ရုပ်ပုံတွေ ထည့်သွင်းထားပေမယ့် သူဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးဆွဲ တင်ပြတာ မဟုတ်ဘဲ သူ ငယ်စဉ်က အများဆုံး ထိတွေ့ခဲ့တာတွေ၊ တွေ့ကြုံရတာတွေကိုသာ တင်ပြတာ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ သမိုင်းဘာသာရပ်ကို အထူးစိတ်ဝင်စားသူပါ။ သမိုင်းစာအုပ်တွေထဲက ရုပ်ပုံတွေကို လည်း သူ့ရဲ့ ပန်းချီကား ထဲမှာ တွေ့ရပါတယ်။ သူ့ရဲ့ တင်ပြမှုက အတိတ်နဲ့ အနာဂတ်ကြား ပစ္စုပ္ပန်မှာ လူ့လွန့်လှုပ်ရှား နေရတဲ့ လူသားရဲ့ စိတ်ခံစားမှုကို ထင်ဟပ်ပြတာလို့ ဆိုရမှာပါ။
Artist ထူးအောင်ကျော်ဟာ ပါဖောမင့် အနုပညာ တင်ဆက်မှုနဲ့ အင်စတော်လေးရှင်း အနုပညာ ဖန်တီးမှုတွေလည်း ပြုလုပ်ခဲ့ ပါတယ်။ ပါဖောမင့် အနုပညာ တင်ဆက်မှုမှာတော့ Life is full of suffering ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြသတာပါ။ “ဘ၀ ဆိုတာ ခံစားနေရမှုရဲ့ သားကောင် လို့ ဆိုရမယ်။ ဘာပဲ လုပ်လုပ်၊ ဘာပဲတွေးတွေး၊ ဘယ်လိုပဲနေနေ တစုံတရာ ခံစားမှုတွေနဲ့ ကင်းကွာလို့ မရဘူး။ ကျနော် အနုပညာ အလုပ်ကို လုပ်နေတဲ့ အချိန်မှာ အဲဒီ ခံစားမှုတွေကို ပုံဖော်တာတွေ ပါဝင်နေမှာပါ။ ဒါပေမယ့် အနုပညာနဲ့ ဖန်တီးတင်ပြနေချိန်မှာတော့ စိတ်ပြေရာ ရတယ်၊ စိတ်ဖြေရာ ရတယ်၊ အင်မတန်လည်း ရိုးရှင်းတယ်လို့ ခံယူပါတယ်” လို့ ပြောပါတယ်။
အင်စတော်လေးရှင်း အနုပညာတင်ပြမှု ဆိုတာ မူလ အဓိပ္ပာယ်နဲ့ ဆိုလိုရင်း ရှိပြီးသား အရာဝတ္ထု အသုံးအဆောင် တွေကို ထပ်ဆင့်ဖော်ညွှန်းဖော်ဆောင်ပြဖို့ ပေါင်းစပ် ပေါင်းစည်း၊ တွဲစပ် တွဲကပ် တင်ပြတာပါ။ ထူးအောင်ကျော်ရဲ့ 3 x Art လို့ အမည် ပေးထားတဲ့ လက်ရာတခုမှာတော့ လူပုံသဏ္ဌာန် ရှိတဲ့ ကြိုးခွေ၊ ပန်းချီကားဘောင်၊ ပိတ်ဖြူစ၊ စက်ကိရိယာ သဖွယ် သံချောင်း များ၊ နှင်ဆီပန်းပွင့်များကို သုံးပြီး တင်ပြထားပါတယ်။ ကြည့်ရှုခံစားသူ အနေနဲ့ မိမိ တွေးမြင် ယူဆမိသလို တွေးမြင် ခံစားနိုင်မှာ ပါပဲ။
“လူမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ ဆိုပြီး ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု များလာလေလေ စိတ်ပိုင်းဆိုင်ရာ နိမ့်ကျမှုက များလာလေလေ ပါ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ဖြစ်တဲ့ စက်ကိယာတွေဟာ တကယ့်ကို ယုံကြည်နေလို့ မရဘူး။ အသွင်သဏ္ဌာန်ပိုင်း တိုးတက်မှုကို ယုံကြည်လို့ မရဘူး။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိမှ ယုံကြည်လို့ ရတာပါ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု အတွက် ကိုယ်ကျင့်တရားနဲ့ မျှတတဲ့ စိတ်ဟာ အရေးကြီးတယ် လို့ ယူဆတယ်။ ဒါနဲ့ ကျနော် အဲဒီ အင်စတော်လေးရှင်းကို ဖန်တီးလိုက်တာပါ” လို့ ထူးအောင်ကျော်က ရှင်းပြပါတယ်။
Artist ထူးအောင်ကျော် ဖြတ်သန်းလာခဲ့တဲ့ ခေတ်ကာလ မဆလ ခေတ်နှောင်းပိုင်း၊ စစ်အာဏာရှင် ခေတ်နဲ့ အခု ပြုပြင် ပြောင်းလဲရေး ခေတ်တွေ ဖြစ်နေတော့ ခေတ်ကာလက သူ့အနုပညာဖန်တီးမှုအပေါ် ရိုက်ခတ်မှု ဘယ်လောက် များ ရှိခဲ့ပါလိမ့်။
“အဲဒီတုန်းက လူတိုင်းရဲ့ ဘဝတွေကို ရိုက်ခတ်တာတော့ သေချာတယ်။ ငယ်ငယ်တုန်းကတော့ သိပ်မသိဘူးပေါ့။ ပန်းချီဆရာ ဖြစ်လာ၊ အနုပညာအလုပ်တွေ လုပ်လာတဲ့ အခါ ပိုသိလာရတယ်။ ပိုခံစားလာရတယ်။ အာဆီယံ အနုပညာ ပူးပေါင်းဖလှယ် ပန်းချီ ပြပွဲတခုမှာ ကျနော်က ပန်းချီကားဘောင်တွေကို ကျော်လွန်ပြီး ရေးဆွဲလိုက်တယ်။ ဒါကလည်း တမင် ရေးတာတော့ မဟုတ်ဘူး။ ကိုယ့်လွတ်လပ်မှုကို ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရေးလိုက်တာပါ။ ပြောရရင် ကိုယ်ရေးတဲ့ ပန်ချီကားက ပြပွဲမှာ လွတ်ပါ့မလားလို့ ပန်းချီဆရာ အများစုက စဉ်းစားစိုးရိမ်ကြရတဲ့ ခေတ်ပါ။ အဲဒီမှာ ကျနော်က စိတ်ထဲဖြစ်လာတဲ့ ခံစားမှုကို ရေးဆွဲမိသွားတာလည်း ပါတယ် ပေါ့။ အဲဒီလို ဘောင်တွေကို ကျော်ပြီး ရေးဆွဲလိုက်တဲ့ ရလာဒ်က နိုင်ငံတကာ အနုပညာရှင် တွေနဲ့ အတူပြသမယ့် ပွဲမှာ ကျနော့်ပန်းချီကား ပြခွင့် မရတော့ တာပါပဲ” လို့ ထူးအောင်ကျော်က ပြန်ပြောပြ ပါတယ်။
လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လို့ မရ၊ အနုပညာသမားတယောက်ရဲ့ စိတ်ခံစားမှုနဲ့ ဖန်တီးမှုကို ချုပ်ချယ်လို့ မရဘူး လို့ သူက ပြောပါတယ်။ Artist ထူးအောင်ကျော်ရဲ့ ဖြစ်တည်မှုနဲ့ လက်ရှိရပ်တည်မှု တချို့ကို မေးမြန်းဖြစ်ခဲ့တာပါ။ သူ့ဘ၀ ဖြတ်သန်းမှုနဲ့ သူ့စိတ်ခံစားမှုတို့ အကြောင်းဆက် အကျိုးဆက် ကနေ ထပ်ဆင့်လာတဲ့ သူ့အနုပညာကို အနည်းငယ် ချဉ်းကပ် ကြည့်ခြင်း ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ဖန်တီးမှုတွေ ဘယ်လို ဖြစ်လာမယ် ဆိုတာ တွေးရင်း… “ကျနော်က ပန်းချီဆရာ ဖြစ်မလာခဲ့ရင် လူဆိုး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူပြက် တယောက်တော့ ဖြစ်မှာပဲ” ဆိုတဲ့ စကားကို အမှတ်ရမိ လိုက်ပါတယ်။ ။