ဇာတ်ရုပ် အသစ်အဆန်းများ အနုပညာအသစ်များကို အမြဲတမ်း ဖန်တီးလေ့ရှိတဲ့ အကယ်ဒမီ နေတိုးကတော့ မကြာခင်မှာ ရုပ်ရှင်နဲ့ ဂီတ ပေါင်းစည်းထားတဲ့ “အိပ်မက် ကာရံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူလက်တွဲပြီး သရုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။
“စီစဉ်နေတာတော့ ကြာပြီ။ ၁ နှစ်ကျော်လောက် ရှိပြီ။ နည်းနည်းလေး အနုပညာပိုင်းအရတော့ ခက်ခဲမှုရှိနေတဲ့ ဇာတ်လမ်း အမျိုးအစားဖြစ်တဲ့အတွက် သေချာတဲ့ အချိန်ကျရင်တော့ ပြောမှာပါ။ အခုကတော့ ရိုက်ကူးဖို့အတွက်တော့ သေချာတော့ လုပ်ပြီးပါပြီ။ ဇာတ်လမ်း ဇာတ်ညွှန်းအတွက် ပြင်ဆင်နေတယ်။ ဂီတကို အခြေခံတဲ့ ဇာတ်ကားပေါ့” လို့ နေတိုးကပြောပါတယ်။
အဆိုပါ “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကတော့ မြန်မာနိုင်ငံမှာ ရိုက်လေ့ရိုက်ထ မရှိတဲ့ ဇာတ်ကားတကား ဖြစ်ပြီး အသစ်အဆန်းကို ကြည့်ချင်တဲ့ပရိသတ်အတွက် ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားစေမယ့် ဇာတ်လမ်း အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
“ဇာတ်လမ်း ရွေးချယ်ထားတာရယ်၊ ရိုက်ချင်တဲ့ ဇာတ်လမ်း အမျိုးအစားကလည်း မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ ရိုက်လေ့ရိုက်ထ မရှိတဲ့ ပုံစံမျိုးုဖြစ်နေတော့ ကျနော့်လို ကာရိုက်တာ အသစ်အဆန်းကို စိတ်ဝင်စားတဲ့လူတယောက်၊ ကာရိုက်တာ အသစ်အဆန်းကို ကြည့်ချင်နေတဲ့ ကျနော့် ပရိသတ်အတွက်တော့ ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားမှု ရှိစေမယ့် ဇာတ်လမ်း အမျိုးအစားပေါ့။ ဒီကားထဲမှာလည်း သီချင်း တော်တော်များများ ပါမယ်”လို့ နေတိုးကပြောပါတယ်။
ဒီကားကိုတော့ မိုးနီလွင်နဲ့ နီနီခင်ဇော်တို့ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော် ရိုက်ကူးမှာဖြစ်ပြီး နေတိုးအနေနဲ့လည်း သူ့အတွက် ကာရိုက်တာ အသစ်အဆန်း ဖြစ်နေတာကြောင့် လက်တွဲ လုပ်ကိုင်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီကားက Musical ပုံစံမျိုးဆိုတော့ ကျနော်တို့ လက်တွဲခေါ်ရမှာထက် စာရင် လက်တွဲပြီးတော့ အလုပ်လုပ်ရမှာလို့ ပြောချင်ပါတယ်။ ကျနော်ကလည်း ဒီကားမှာ တခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်ရမယ်။ မတူညီတဲ့ ဇာတ်ရုပ်ကို လုပ်ရမယ်ဆိုတော့ လက်တွဲခေါ်တာ မဟုတ်ဘဲ ပူးပေါင်းပြီးတော့ အနုပညာကို ဖန်တီးကြမယ်လို့ ပြောချင်ပါတယ်”လို့ နေတိုးကပြောပါတယ်။
သရုပ်ဆောင်အသစ်တွေဖြစ်တဲ့ လွှမ်းပိုင်နဲ့ နီနီခင်ဇော်တို့နဲ့ သရုပ်ဆောင်ရမှာဖြစ်တာကြောင့် ရုပ်ရှင်လောကမှာ သရုပ်ဆောင်အသစ်တွေကို လက်တွဲခေါ်တာဟာ မျိုးစေ့ချပေးသလို သဘော သက်ရောက်တာကြောင့် လက်တွဲခေါ်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အနုပညာလောက သရုပ်ဆောင်လောကမှာ သရုပ်ဆောင်အသစ်တွေ ပေါ်ထွက်ဖို့က အများကြီး လိုအပ်တယ်။ ကျနော်တို့ အနုပညာလောကကို စဝင်တုန်းကလည်း အနုပညာရှင်ကြီးတွေကပဲ လက်တွဲခေါ်ယူခဲ့တာပေါ့။ ကျနော်တို့ကလည်း နောက်ထပ် မျိုးဆက်သစ်ကို စီနီယာတွေကပဲ လက်တွဲခေါ်ရမှာပေါ့။ ဒီလိုလက်တွဲခေါ်တာဟာ ကျနော်တို့ လောကအတွက်ကို မျိုးစေ့ချပေးတဲ့ သဘောမျိုးလို့လည်း ပြောချင်တယ်”လို့ နေတိုးက ပြောပါတယ်။
“အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကိုတော့ ရိုက်ဖို့ရက် မသတ်မှတ်ရသေးဘဲ ရိုက်ဖို့အတွက်တော့ သေချာနေပြီဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ရေဘေး ပြန်လည် ထူထောင်ရေးအတွက် “နှင်းဆီအငြိမ့်” ကဖြစ်မယ်လို့ နေတိုး ပြော
“ပရိသတ် အားပေးမှုနဲ့ သရုပ်ဆောင်ကြေး တိုက်ရိုက် အချိုးကျနေပါတယ်”လို့ နေတိုး ပြော
“ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်”လို့ နေတိုး ပြော
၃ နှစ်အကြာမှ နေတိုးနဲ့ ရုပ်ရှင်အတူ ပြန်တွဲရိုက်ဖြစ်တဲ့ မိုးဟေကို