Entertainment

မကြာခင် ရှုစားရတော့မယ့် လီဗြောင်ဟွန်းရဲ့ သဘာဝဘေးအန္တရာယ် အခြေပြုရုပ်ရှင် "Ashfall"

တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းက သူ့ရဲ့ပထမဆုံး သဘာဝ ဘေးအန္တရာယ် အခြေပြု ရုပ်ရှင် “Ashfall” ဟာ ဆန်းသစ်တဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကြောင့် ရုပ်ရှင်ချစ်သူတွေရဲ့ သဘောကျနှစ်ခြိုက်မှုကို ဖမ်းစားနိုင်မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ မင်းသားလီက “ကျနော့်ရဲ့ သက်တမ်းမှာ ရုပ်ရှင်အမျိုးအစားမျိုးစုံကို ကြုံတွေ့ခဲ့ရတယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ‘Ashfall’ ကတော့ ကျနော့်ရဲ့ပထမဆုံး သဘာဝဘေးအန္တရာယ် အခြေပြုရုပ်ရှင်ဖြစ်ပါတယ်။ အစကနေ အဆုံးအထိ သဘာဝဘေးအန္တရာယ်ရုပ်ရှင်တခုအတွက် အရေးကြီးတဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေနဲ့ တင်းမာမှုတွေ ပါဝင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာတွေအဖြစ် လီဟယ်ဂျွန်းနဲ့ ကင်ဗြောင်ဆောတို့က ပူးတွဲ ရိုက်ကူးပေးထားတဲ့ အဲ့ဒီ ရုပ်ရှင်ဟာ မင်းသား လီဗြောင်ဟွန်းအတွက်တော့ လွန်ခဲ့တဲ့ ၂ နှစ် နီးပါးလောက်က ထွက်ရှိခဲ့တဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Keys to the Heart” ရဲ့နောက်ပိုင်း ပထမဆုံးသူ့ကို ငွေရောင်ပိတ်ကားထက်မှာ ပြန်လည်မြင်တွေ့ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မင်းသားလီဟာ “Mr. Sunshine” ဆိုတဲ့ ဒရာမာမှာ ပါဝင်ခဲ့ပါသေးတယ်။

အခုရုပ်ရှင်မှာတော့ ကိုရီးယားကျွန်းဆွယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ Paekdu မီးတောင် ပေါက်ကွဲမှုကို ရပ်တန့်ဖို့ ကြိုးစားကြတဲ့အဖွဲ့တဖွဲ့ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်လောက်က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ပေါက်ကွဲမှုဟာ ကြီးမားခဲ့ပြီး ဂျပန်နိုင်ငံဘက်ဆီ မီးတောင်ပြာတွေ လွင့်ခဲ့တဲ့အထိ အင်အားကြီးမားခဲ့ပါတယ်။

မင်းသားလီကတော့ အဲ့ဒီရုပ်ရှင်မှာ မြောက်ကိုရီးယားပိုင်နက်ထဲမှာ ရှိတဲ့ မီးတောင်ပေါက်ကွဲမှုဘေးကို ကာကွယ်ဖို့ ဂျိုအင်ချန်း(မင်းသား ဟာဂျောင်ဝူး) ဦးဆောင်တဲ့ တောင်ကိုရီးယားအထူးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် မြောက်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့် လီဂျွန်ဖြောင်အဖြစ် ပါဝင်ထားပါတယ်။

“Ashfall” ရုပ်ရှင်ကို နာမည်ကျော် ရုပ်ရှင်စီးရီး “Along With the Gods” ကို ထုတ်လုပ်ခဲ့တဲ့ Dexter Studios ကနေ ထုတ်လုပ်ထားပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေမှာ မင်းသားလီ၊ မင်းသားဟာနဲ့ အဆိုတော်၊ မင်းသမီး ဘေဆူဇီတို့ ပါဝင်ထားတာကြောင့် ၂၀၁၉ ခုနှစ်အတွက် ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဒီရုပ်ရှင်ဟာ ကိုရီးယားရုပ်ရှင်လုပ်ငန်းမှာ ဝင်ငွေများတဲ့အမျိုးသား သရုပ်ဆောင်နှစ်ဦး ပထမဆုံးပူးတွဲ ရိုက်ကူးမှုလည်းဖြစ်ပါတယ်။

၁၉၉၉၅ ခုနှစ်မှာ အနုပညာလောကထဲကို ရောက်ရှိခဲ့ပြီး ရုပ်ရှင်ပေါင်း ၃၀ ကျော် ရိုက်ကူးထားခဲ့တဲ့ မင်းသားလီကတော့ ဒီရုပ်ရှင်အတွက် မြောက်ကိုရီးယား လေသံနဲ့ တရုတ်၊ ဂျပန်ဘာသာစကားတွေကိုလည်း လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး နာမည်ကျော် အမျိုးသား သရုပ်ဆောင်နှစ်ဦး ပါဝင်လာတဲ့ ရုပ်ရှင်မှာ Paekdu တောင်ရဲ့ ကျွမ်းကျင်သူ တဦးအဖြစ် အဓိကနေရာကနေ မင်းသား မာဒုံဆော့ကလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။ “Ashfall” ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလထဲမှာ ပြသသွားဖို့ ရှိနေပါတယ်။

Ref: yonhap

You may also like these stories:

“The Karate Kid 2” ရုပ်ရှင်မှာ ပြန်လည်ပါဝင်ဖို့ စိတ်အားထက်သန်နေတဲ့ ဂျက်ကီချန်း

ထိုင်းဂူအကြောင်း ရိုက်ထားတဲ့ “The Cave” ရုပ်ရှင်ကို ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသမည်

ရုံဝင်ငွေစာရင်းမှာ “Ford v Ferrari” ရုပ်ရှင်ထိပ်ဆုံးရောက်ပြီး “Charlie’s Angels” တာထွက် မကောင်း

Loading