မန္တလေးမြို့၊ အမရပူရ မြို့နယ်၊ နန်းတော်ရာ ရပ်ကွက်မှာ ဇာတ်မင်းသား စွမ်းဇာနည် ကိုယ်တိုင် လာရောက် မဖျော်ဖြေဖြစ်ခဲ့တဲ့ ဘုံကထိန်ပွဲနဲ့ ပတ်သက်ပြီး ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက အခုလိုပဲ ပြောပါတယ်။
“စွမ်းက ကျနော့် ညီအစ်ကိုလို ဖြစ်နေတယ်။ ကျနော်တို့ မင်းသားတွေ၊ ကိုဆန်းမင်း၊ ကိုဖိုးချစ်၊ ကျနော်ပြီးရင် စွမ်း သူ အငယ်ဆုံး။ သူက ကလေးပဲ၊ အစ်ကိုတွေကို ဂျီကျချင်ရင်လည်း ကျမယ်။ ဆိုးချင်လည်း ဆိုးတယ်။ အားလုံးက စိတ်မဆိုးဘူး။ မမုန်းဘူး၊ ကျနော်တို့က အသေ ချစ်တယ်”
“သူ အခက်အခဲဖြစ်နေရင် ဝင်ရှင်းတယ်၊ ဝင်ကူညီပေးတယ်။ ပရိသတ်က စိတ်ဆိုးနေတယ်လို့ ကြားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဆိုတာလည်း မိသားစုလိုပဲလေ။ မိသားစုချင်းတောင် တခါတလေ စကားများကြသေးတာပဲ။ ပြီးရင် ချစ်တဲ့သူက ပြန်တောင်းပန်လိုက်တော့လည်း အဆင်ပြေသွားတာပဲ”
“အခု စွမ်းလည်း အခိုက်အတန့်လေးတခု ဖြစ်နေတာပေါ့။ နောက်တော့ ပြန်အဆင်ပြေသွားမှာပါ။ သူက ဆိုးတယ်။ ကျနော်ပြောတဲ့ ဆိုးတယ်ဆိုတာ မကောက်ကျစ်ဘူး၊ မယုတ်မာဘူး၊ စိတ်ဖြူတယ်။ သူလုပ်ချင်တာ လုပ်တတ်တယ်။ သူကမိသားစု မရှိတော့ သူ့ကို ဒီသဘင်လောက ညီအစ်ကို၊ မောင်နှမတွေကပဲ ဆုံးမပေးရတာလေ။ သူ့ကို ချော့တလှည့် ခြောက်တလှည့်နဲ့ ကိုယ့်ညီလို ဖြစ်နေတာ။ တခါတလေ ကျနော့်ညီ အရင်းကို မပြောဖြစ်တဲ့ စကားတွေ သူ့ကိုပြောဖြစ်ပါတယ်” လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
စွမ်းဇာနည်ကို စိတ်ဆိုးနေတဲ့ ပရိသတ်တွေကို သူ့အစားတောင်းပန်ပြီးတော့ လိုက်ရှာမယ် ဒီအတိုင်းတော့ ပစ်ထားမရဘူးလို့ ဟန်ဇာမိုးဝင်းက ဆိုပါတယ်။
“ကျနော်တို့လည်း သူအခက်အခဲတွေ ရှိနေတာကို ဝင်ကူညီပေးမှာပါ။ သူလည်း ပရိသတ်ကို ချစ်ပါတယ်။ ပရိသတ်ကို မလေးစားဘဲနဲ့လည်း ပရိသတ် အသိအမှတ်ပြုတဲ့သူ ဖြစ်မလာနိုင်ဘူးလေ။ လူငယ်ဆိုတော့ ထိန်းရ အရမ်းခက်တယ်။ သူတယောက်တည်း ဆိုတော့ သူစိတ်ခံစားချက်ကို သူလုပ်မိတာတွေ ရှိတာပေါ့။ သူ့ကို စိတ်ဆိုးနေတဲ့ ပရိသတ်တွေကို ကျနော်ကပဲ သူ့အစား တောင်းပန်ပါတယ်။ သူနဲ့ မတွေ့ရသေးဘူး။ သူ့ကို လိုက်ရှာရမယ်။ ဒီတိုင်းတော့ ပစ်ထား မရပါဘူး”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိ အမျိုးသားကဇာတ်ရုံ ပြင်နေတာကြောင့် စံပြ အနှစ် ၅၀၊ ၆၀ ကျင်းပဖို့လည်း မကျင်းပဖြစ်သေးဘူးလို့ ဆိုပါတယ်။
“ကျနော် နိုဝင်ဘာ ၂၀ ရက်နေ့၊ အရှေ့တောင်ဒဂုံ ၇ ရက်ကွက်မှာ ၄ ရက် ကပြ ဖျော်ဖြေဖို့ ရှိပါတယ်။ ကျနော်တို့ ဒီနှစ်မှာ သဘင်ကပြလို့ မရဘူး။ အမျိုးသား ကဇာတ်ရုံက ပြင်နေတယ်။ အဲ့ဒါကို စောင့်နေကြတာ။ ကျနော်တို့ စံပြအနှစ် ၅၀၊ ၆၀ ကို ကျင်းပဖို့ လုပ်နေတာ အမျိုးသားဇာတ်ရုံ ပြင်နေလို့ မကဖြစ်သေးတာ”
“ပြင်လို့ ပြီးရင်တော့ ကပြဖို့ရှိတယ်။ ကျနော်တို့ကို နယ်ပရိသတ်က ပိုသိပြီး ရန်ကုန် ပရိသတ်က သိပ်မသိကြဘူး။ မသိတာလည်း ရန်ကုန်မြို့ထဲမှာ ကပြဖို့ ရုံမှမရှိတာ။ ကျဲသွားတယ်တိုတာ အရင်က ဝဇီရာတို့မှာ ပိတ်ထားတယ်။ ခေတ်ရဲ့ အခြေအနေလည်း ပါတယ်။ နည်းနည်းတော့ ပြောင်းလဲ သွားတယ်”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။
You may also like these stories:
တောင်းစားနေတဲ့ လူရွှင်တော်ကြီး တိုင်းကျော်နဲ့ ပတ်သက်ပြီး တာဝန်ယူလိုက်တဲ့ ဇာတ်မင်းသား ဝင်းနောင်
“ဇာတ်ပွဲမှာ စတိတ်ရှိုး မဆိုရဘူးလို့ လုပ်ပိုင်ခွင့်နဲ့ အာဏာ မရှိဘူး”ဟု ဇာတ်မင်းသား ဖိုးချစ် ပြော
မြန်မာ့ဇာတ်သဘင်ကို ခေတ်နဲ့အညီ ကပြ ဖျော်ဖြေသွားမယ့် ဇာတ်မင်းသား သူရဗိုလ်