လက်ရှိ COVID-19 အချိန်ကာလမှာ နိုင်ငံရပ်ခြားမှ ပြန်လာသူများ ၊ သံသယ လူနာများကို Quarantine ၁၄ ရက် ထားရာ နေရာများသို့ အနုပညာရှင်တချို့ သွားရောက် ဖျော်ဖြေကြတဲ့အပေါ် ဂီတမှူး နိုင်ဇော်က စတန့်ထွင်တယ်လို့ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။
“ကျနော် ကန့်ကွက်တယ် ဆိုတာက မလုပ်စေချင်လို့ မဟုတ်ပါဘူး။ အစိုးရက လုပ်စေချင်ရင် သူ့ဘာသာ ကြေညာမှာပေါ့။ တရားဝင်လုပ်ဖို့ လိုအပ်တယ် ဆိုရင်ပေါ့”
“သူတို့ ကိုယ်တိုင်က ပြောတဲ့အထဲမှာ ကိုယ့်နေရာမှာ ကိုယ်နေပါ။ အိမ်မှာနေပါ။ Mask တပ်ပါလို့ ပြောတဲ့အချိန်မှာလေ။ ကျနော်တို့အမြင်မှာတော့ ဆေးကျောင်းသားလေးတွေ စပိန်မှာတို့ အီတလီမှာတို့ ဖျော်ဖြေသလိုမျိုး သူတို့ တာဝန်ကျတဲ့နေရာမှာ ဖျော်ဖြေတာကို ဒီက အနုပညာသမားတွေက တွေ့ပြီးတော့ စတန့်ထွင်တယ်လို့ ယူဆတယ်” လို့ နိုင်ဇော်က ပြောပါတယ်။
အစိုးရအနေနဲ့ အခုလို ဖျော်ဖြေတာတွေကို တရားဝင် ခွင့်ပြုမထားဘဲ အနုပညာရှင်များအနေနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ မလိမ့်တပတ် လုပ်ပြီး ပရိုမိုးရှင်းဆင်းတာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
“အဓိကကတော့ အခုအချိန်မှာ အမိန့်ကို လိုက်နာသင့်၊ မလိုက်နာသင့် ဦးစားပေးရမှာ။ အားလုံးက စံပြဖြစ်ရမှာ။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူး။ အခုက စံပြ မဟုတ်ဘဲ ဖျော်ဖြေရေးကို အကြောင်းပြပြီး ငါတို့ သွားဖျော်ဖြေကြမယ်။ ကုသိုလ်ရတယ် ဆိုပြီး၊ အစိုးရက ကုသိုလ်ရစေချင်မှတော့ သူတို့တောင်းမှာပေါ့။ ဖျော်ဖြေရေးတွေ လုပ်ပေးကြပါဆိုပြီး”
“အခု အစိုးရကလည်း အမိန့် မထုတ်ဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့ မလိမ့်တပတ် လုပ်နေကြပြီး ပရိုမိုးရှင်းဆင်းတာတွေ ရှိတယ်။ အခုလောလောဆယ် ဘယ်သူမှ မလုပ်တဲ့အချိန် ငါတို့လုပ်လိုက်ရင် ငါတို့ကိုပိုအထင်ကြီးတယ်ပေါ့။ အနုပညာသမား စိတ်ဓာတ်တွေ။ ကျနော်တို့ ကိုယ်တိုင်လည်း ဒါမျိုး ကြုံဖူးပါတယ်” လို့ နိုင်ဇော်က ပြောပါတယ်။
ဒီကိစ္စကိုလည်း နိုင်ဇော်က သူ့ရဲ့ကိုယ်ပိုင် Facebook မှာ ရေးထားပြီး ဒီလိုလုပ်တာဟာ တာဝန်ရှိတဲ့ဆရာဝန်တယောက်က ပြောတာကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လည်ပြောတာဖြစ်တယ်လို့ သိရပါတယ်။
“ဆရာဝန် တယောက် ဖုန်းဆက်လို့ပါ။ ဒါမျိုးတွေက လုပ်ရင်းနဲ့ နယ်တွေမှာလည်း ပြန့်ပွားလာပြီးတော့ တားလို့မရတော့တဲ့ အချိန်ကျရင် Quarantine လုပ်ထားတဲ့သူတွေပါ ပူးပေါင်းပြီးတော့ ပျော်ကုန်ကြတာပေါ့။ ရပ်ကွက်ထဲမှာ စုရုံးပြီး ဓာတ်ပုံတွေဘာတွေ တွေ့လို့ တားတာပေါ့”
“ရန်ကုန်ကလူတွေက အကြောင်းမဟုတ်ဘူး။ နယ်ကလူတွေကပါ လိုက်လုပ်လာရင် ဆရာဝန်တွေဆရာမတွေက မထိန်းနိုင်ဘဲနဲ့ လူစုဖို့ အားပေးသလို ဖြစ်မှာစိုးလို့ ဆေးပညာအမြင်အရ နေပြည်တော်ကဆရာဝန်ကြီးပြောတာကို ကိုယ့်သဘောနဲ့ကိုယ် လုပ်ပေးတာပါ။ အစိုးရစကား နားထောင်ပါလို့ပဲ ပြောချင်ပါတယ်” လို့ နိုင်ဇော်က ပြောပါတယ်။
တကယ်လှူချင်တယ် ကုသိုလ်ရချင်တယ်ဆိုရင်တော့ ဝေဘာဂီကဲ့သို့ တကယ့် ရောဂါသည်တွေ ရှိတဲ့နေရာမှာ သွားရောက် လှူဒါန်းသင့်တယ်လို့လည်း ပြောပါတယ်။
“တကယ်သာ သတ္တိရှိရင် ဝေဘာဂီမှာ အများကြီးလေ။ Quarantine လုပ်ခံရတဲ့သူတွေတင် မကဘူး။ တကယ့် ရောဂါသည်တွေလည်း အများကြီးပဲ။ သူတို့ကို သွားလှူပေးပါလားလို့။ တာဝန်ကျ ဝန်ထမ်းတွေ၊ ဆရာဝန်၊ ဆရာမတွေဆို ပြန်တောင် မပြန်ရဘူး။ အဲ့လိုလူတွေကျတော့ တကယ်လိုအပ်တယ်လေ။ အဲ့လို သွားဆိုမယ့်အစား တကယ်လိုအပ်တဲ့ နေရာတွေ လှူပါလား”
“ပိုက်ဆံတပြားမှ မကုန်ဘဲ နာမည်ယူတဲ့သဘောဖြစ်နေတယ်။ အခုအချိန်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည် Facebook သုံးတယ်ဆိုတော့ သူ့ Facebook ထဲရောက်သွားရင် ကျေနပ်ပြီဆိုတဲ့ ပုံစံမျိုး လုပ်နေတာကိုတွေ့လို့ပါ။ ငါ့သမီးတွေ ဒီလိုလုပ်နေပါလားဆိုတဲ့ လွဲမှားတဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်မယ်လေ” လို့ နိုင်ဇော်က ပြောပါတယ်။
အခုလို ဖျော်ဖြေရေးတွေကို လုပ်ခွင့်ရနေတဲ့ လူတွေရဲ့ IQ နဲ့လည်းဆိုင်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချတယ်လို့မြင်မိကြောင်း နိုင်ဇော်က ဆိုပါတယ်။ ဒီလိုဝင်တားတာဟာလည်း နိုင်ဇော်က သူ့အတွက် အန္တရာယ်များပြီး ဖျော်ဖြေရေးကို ကြည့်ချင်တဲ့သူများလည်း ရှိနေမှာဖြစ်တဲ့အတွက် အမုန်းခံပြီး စေတနာနဲ့တားတာဖြစ်တယ်လို့ ဆိုပါတယ်။
You may also like these stories:
ပြည်ပက ပြန်လာသူများအတွက် Quarantine ထားမည့် နေရာအလုံအလောက်ရှိဟု ဆို
Quarantine နေရမည့်သူများ ကြည်ဖြူစွာနေရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း