Galaxy Star ပြိုင်ပွဲမှ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် နေမင်းအိမ်က Velocity Band နဲ့ အတူ ဂီတအလုပ်တွေ လက်တွဲ လုပ်ကိုင်ဖြစ်ပုံအကြောင်း ဧရာဝတီကို အခုလို ပြောပါတယ်။
“ကျနော်တို့ Band အဖွဲ့သားက ၅ ယောက်ပေါ့။ ကျနော်တို့ အဖွဲ့ နာမည်ကိုတော့ Velocity လို့ နာမည်ပေးထားတယ်။ ကျနော်ကတော့ နောက်ဆုံးမှ ပါဝင်ဖြစ်တဲ့ Vocalist ပေါ့။ ကျနော်နဲ့ ဒီ Band နဲ့ စတွဲဖြစ်ကတည်းက “Justice for” ဆိုတဲ့ သီချင်း ထွက်ရှိခဲ့တယ်။ နောက် “Together We Bleed” ဆိုတဲ့ သီချင်းကိုလည်း Joox ကနေ တင်ဖြစ်ခဲ့တယ်”လို့ နေမင်းအိမ်က ပြောပါတယ်။
Velocity အဖွဲ့အနေနဲ့လည်း သီချင်းသစ်တွေ ဖန်တီးဖြစ်နေတဲ့ အကြောင်း နေမင်းအိမ်က အခုလိုပဲ ဆိုပါတယ်။
“ကျနော် Velocity member အနေနဲ့ စတင်ဖြစ်ခဲ့တဲ့ သီချင်း နှစ်ပုဒ်ပေါ့။ သီချင်းတွေကို အယ်လ်ဘမ် Project တွေလည်း ကျနော်တို့ ဖန်တီးနေတယ်။ ကျနော်တို့အားလုံး ပေါင်းပြီး သီချင်း ရေးနေပြီ”
“အဓိကကတော့ ကျနော်တို့ Band ရဲ့အားသာချက်က တဦး တယောက်တည်း ရေးစပ်ထားတာမျိုး၊ အပြင်က သီချင်းကို Creation လုပ်တာမျိုး မဟုတ်ဘဲနဲ့ Band member ၅ ယောက်စလုံးရဲ့ စိတ်ကူးတွေ၊ အတွေးတွေ၊ ကိုယ်ဖြစ်ချင်တာတွေ အားလုံး ညှိနှိုင်းပြီးတော့မှ သီချင်းတပုဒ်ကို အကောင်းဆုံး ဖြစ်အောင် ပုံဖော် ဖန်တီးတယ်”လို့ နေမင်းအိမ်က ပြောပါတယ်။
ကိုဗစ်ကာလမှာ ရှိုးပွဲ မကြည့်ရတဲ့ ပရိသတ်တွေအတွက်လည်း Velocity Band Facebook Page ကနေရှိုးပွဲပုံစံမျိုး ဖျော်ဖြေဖို့ရှိတယ်လို့ နေမင်းအိမ်က ဆိုပါတယ်။
“အခုလို ကာလမှာ ရှိုးပွဲတွေလည်း မတီးရ၊ ကြည့်ချင်တာလည်း သွားကြည့်မရ ဖြစ်နေတဲ့အတွက် ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေလည်း အားပေးလို့ရအောင်၊ ရှိုးပွဲပုံစံမျိုးဖြစ်အောင် တယောက်တလိုင်းစီ တီးတယ်။ အဲ့ဒါကို အသံပေါင်းပြီး Live ပုံစံလေးဖြစ်အောင် ဗီဒီယိုလေးရိုက်ပြီး တင်ဆက်ပေးဖို့ရှိတယ်”
“ကျနော်တို့ Velocity Band Page ကနေပဲ လွှင့်ပေးဖို့ ရှိတယ်။ ပြီးရင်တော့ Solo Album လုပ်ဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ Velocity Band အနေနဲ့ အကောင်းဆုံးတွေ ပရိသတ်ကို ချပြနိုင်အောင် ကြိုးစားနေပါတယ်”လို့ နေမင်းအိမ်က ပြောပါတယ်။
အဆိုတော် နေမင်းအိမ်ကတော့ Galaxy Star Myanmar 2017 သီချင်းဆို ပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့သူ ဖြစ်ပြီး ပရိသတ် အားပေးရရှိလာသူတဦး ဖြစ်ပါတယ်။ Velocity Band မှာတော့ Band Member ၅ ယောက် ပါဝင်ပါတယ်။
You may also like these stories:
ရုပ်ရှင်လုပ်ငန်းအတွက် ချေးငွေ ထုတ်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြ
New Normal မှာ ရိုက်ကူးရေးအတွက် ပြင်ဆင်ထားတဲ့ ဒါရိုက်တာ ဉာဏ်ထင်
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက စိတ်ကူးယဉ် ဇာတ်လမ်းပါ