ဗြိတိသျှမင်းသား Robert Pattinson ဟာ COVID-19 ရောဂါ ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် သူပါဝင်နေတဲ့ “The Batman” ရုပ်ရှင် ရိုက်ကူးရေးကို ရပ်နားလိုက်ရတယ်လို့ မီဒီယာတွေမှာ စက်တင်ဘာလ ၃ ရက်နေ့က ဖော်ပြပါတယ်။
ဒါဟာ ကပ်ရောဂါကြောင့် လပေါင်းများစွာကြာ အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီးနောက် နောက်ထပ်တကြိမ် နှောင့်နှေးမှုတွေနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ရုပ်ရှင်စတူဒီယို Warner Bros. ရဲ့အဆိုအရ ဗြိတိန်နိုင်ငံကThe Batman ထုတ်လုပ်ရေး အဖွဲ့ဝင်တဦးဟာ COVID-19 ကူးစက်ခံခဲ့ရကြောင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ သိပေမယ့် နာမည် ဘယ်သူလဲဆိုတာ ထုတ်ဖော်မပြောခဲ့ပါဘူး။
ရုပ်ရှင်ရိုက်ကူးရေးကို ရပ်နားလိုက်ရတယ်လို့ စတူဒီယိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်လောက် အချိန်ကြာမယ်ဆိုတာကိုတော့ မပြောဆိုထားပါဘူး။ မီဒီယာအရင်းအမြစ်တွေကို ကိုးကားထားတဲ့ Variety မီဒီယာရဲ့အဆိုအရ ရောဂါကူးစက်ခံခဲ့ရသူဟာ မင်းသား Pattinson ဖြစ်တယ်လို့ သိရပါတယ်။
Warner Bros. နဲ့ မင်းသား Pattinson ရဲ့ ကိုယ်စားလှယ်တွေကတော့ မှတ်ချက် တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။ “Twilight” ရုပ်ရှင်တွေနဲ့ နာမည်ရလာခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မင်းသား Pattinson ဟာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
“The Batman” ရုပ်ရှင်ရိုက်ကူးရေးကို ပြီးခဲ့တဲ့ မတ်လလယ်မှာ ရပ်နားခဲ့ရပြီးနောက် လွန်ခဲ့တဲ့ ၃ ရက်ခန့်က လန်ဒန်မြို့မြောက်ဘက်မှာ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။ COVID-19 ကြောင့် ကမ္ဘာတဝန်းမှာ ရပ်နားထားရတဲ့ ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်က ဒါဇင်နဲ့ ချီပြီး ရှိပါတယ်။
ကာတွန်းဟီးရိုး ဇာတ်ကောင်အဖြစ် မင်းသား Pattinson ပါဝင်နေတဲ့ အဲ့ဒီရုပ်ရှင်ဟာ ရိုက်ကူးရေးလုပ်ဖို့ နောက်ထပ် ၃လလောက်ပဲ ကျန်တော့တာလို့ သိရပါတယ်။ ပြသမယ့် ရက်ကိုလည်း ၂၀၂၁ ခုနှစ်၊ ဇွန်လကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ ရွှေ့ဆိုင်းထားရပြီးလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ မင်းသားတွေ၊ ဇာတ်ရံတွေနဲ့ တခြားထုတ်လုပ်ရေး ဝန်ထမ်းတွေကို ခန့်အပ်ထားတဲ့ ရိုက်ကွင်းတွေမှာ ဆေးစစ်တာ၊ Quarantine ထားတာနဲ့ လူအချင်းချင်း ခပ်ခွာခွာနေတာ အပါအဝင် ရှုပ်ထွေးတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ အောက်မှာ ရုပ်ရှင်နဲ့ ရုပ်သံရိုက်ကူးရေး လုပ်ငန်းတွေ နှေးနှေးကွေးကွေး လုပ်ဆောင်နေရပါတယ်။
Universal Pictures ရဲ့ “Jurassic World: Dominion” ရုပ်ရှင်အပါအဝင် တခြားထုတ်လုပ်ရေး လုပ်ငန်းတွေကို လန်ဒန်နဲ့ အရှေ့ဥရောပမှာ ပြန်စခဲ့ပြီဖြစ်ပြီး “Avatar” နောက်ဆက်တွဲရုပ်ရှင် သရုပ်ဆောင်တွေဟာလည်း နယူးဇီလန်နိုင်ငံမှာ လုပ်ငန်းတွေ ပြန်စနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မင်းသား Tom Cruise ဟာ Quarantine လုပ်ဖို့ မလိုဘဲ နော်ဝေနိုင်ငံမှာ “Mission Impossible” ရုပ်ရှင်အသစ်ကို ရိုက်ကူးခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေနဲ့ ရိုက်ကူးရေးမှာ ပါဝင်သူတွေကို ခွဲထားဖို့ ထုတ်လုပ်ရေးအဖွဲ့ဟာ အပျော်စီး သင်္ဘော ၂ စင်းကို ငှားရမ်းခဲ့ရတယ်လို့ Variety မီဒီယာက ဆိုပါတယ်။
Ref: Reuters
You may also like these stories:
အမေရိကားက ပြန်လာပြီး Quarantine ၃ ပတ် ဝင်နေတဲ့ နိုင်းနိုင်း
မင်းသား Dwayne Johnson တို့ တမိသားစုလုံး COVID-19 ကူးစက်ခံခဲ့ရ
မင်းသား ဟယ်ရီတို့ဇနီးမောင်နှံ Netflix နဲ့ အစီအစဉ်များ ထုတ်လုပ်ရန် စာချုပ်ချုပ်