Beauty Blogger ဝင်းမင်းသန်းအား စစ်ကောင်စီမှ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း ကြေညာပြီး နာရီပိုင်းအကြာ တောင်ကြီးမြို့မှာရှိတဲ့ သူတည်းခိုရာ “BH” ဟိုတယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီလို ဟိုတယ်မှာ ဖမ်းမိခဲ့တဲ့အပေါ်မှာ လူအများရဲ့ ဝေဖန် ပြောဆိုမှုများစွာရှိခဲ့ပြီး ဟိုတယ်ဘက်မှ ညတွင်းချင်း ထုတ်ပြန်ချက် ရေးသား ထုတ်ပြန်ခဲ့ပါတယ်။
“ဒီည မဝင်းမင်းသန်းကို BH Hotel မှာ လာရောက် ခေါ်ဆောင်သွားတဲ့အတွက် BH ဟိုတယ် မိသားစုမှ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အမြန်ဆုံးပြန်လည် လွတ်မြောက်လာစေဖို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ အခုလို ဖြစ်သွားတဲ့အပေါ်မှာ အားလုံး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေကြမယ်ဆိုတာ နားလည် သဘောပေါက်ပါတယ်”
“ဟိုတယ်အပေါ်မှာလည်း အထင်အမြင် လွဲမှားနေကြမှာအတွက် အနည်းငယ် ရှင်းပြပါရစေ။ ကျမတို့ ဟိုတယ်ဟာ ဧည့်သည်ရဲ့ လုံခြုံရေးကို ဦးစားပေး အလေးထားတဲ့ ဟိုတယ်ပါ။ ဝန်ထမ်းတွေအားလုံးဟာလည်း ဧည့်သည်ရဲ့ Privacy ကို အလေးထား ကာကွယ်ရမယ်ဆိုတာ အသေအချာ သဘောပေါက်နားလည်တဲ့အတိုင်း အပြည့်အဝ ဝန်ဆောင်မှု ပေးခဲ့ပါတယ်”လို့ ပြောထားပါတယ်။
ဆက်လက်ပြီး “အခုလို လာဖမ်းမယ်ဆိုတာကိုလည်း ဘာမှ ကြိုမသိခဲ့ရဘဲ ရဲတွေရောက်လာမှ သူမကို ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရတာပါ။ ည ၈ နာရီ မထိုးခင်လေးမှာ ရဲနှင့်စစ်သား အယောက် ၃၀ ဝန်းကျင်လောက် ရုတ်တရက် ရောက်လာကာ ဟိုတယ်ကို ဝိုင်းပြီး ပိတ်ဆို့လိုက်ပါတယ်။ ဝန်ထမ်းတွေကိုစုပြီး ဒူးထောက် ထိုင်ခိုင်းထားပါတယ်။ ဖုန်းတွေကိုလည်း တနေရာမှာ ယူသိမ်းထားပါတယ်”
“ဧည့်သည်နာမည်နဲ့ အခန်းနံပါတ် မေးပါတယ်။ အဲဒီ အခန်းကို လိုက်ပြခိုင်းပြီး မဝင်းမင်းသန်းကို ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ ကျမတို့ ဧည့်သည်ကို ဘယ်လိုမှ မကာကွယ်ပေးနိုင်လိုက်တဲ့အပေါ် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါကြောင်း ဝမ်းနည်းစွာ အသိပေးလိုပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ရဲ့ အောက်မှာတော့ ပြည်သူများရဲ့ ယုံကြည်မှု ကင်းမဲ့တဲ့ မှတ်ချက်များကို တွေ့မြင်ရပါတယ်။
စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ Beauty Blogger ဝင်းမင်းသန်းဟာ ဧပြီ ၆ ရက်နေ့၊ ည ၈ နာရီအချိန်က တောင်ကြီးမြို့က BH ဟိုတယ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ “Glow Nation” လို့ ချစ်စနိုး ခေါ်ကြတဲ့ ဝင်းမင်းသန်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တဲ့ Social Influencer တဦး ဖြစ်ပါတယ်။
You may also like these stories:
အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော
“အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ်ဖို့ ခက်မယ်”
တရုတ်ပစ္စည်းထက် ပြည်တွင်းဖြစ်ကို ပိုအားပေးကြဖို့ ထိုက်ထိုက် တိုက်တွန်း