စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တော်လှန်နေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက အာဏာရှင်တွေရဲ့ လက်အောက်မှာ ပြည်သူတွေ ဘာကြောင့် မျိုးဆက် ၃ ဆက်လောက် နေရခဲ့ရလဲဆိုတာ အခုလိုပဲ ဆိုပါတယ်။
“သတိထားပါ။ ကျနော်တို့ ခင်ဗျားတို့ ဘာအသိဉာဏ်မှ မရှိတဲ့၊ ဘာပညာမှ မတတ်တဲ့ အာဏာရှင်တွေ လက်အောက်မှာ မျိုးဆက် ၃ ဆက်လောက် ဘာလို့နေခဲ့ရလဲ သိလား။ သွေးခွဲရတာ သိပ်လွယ်လို့ဗျ”
“သူတို့ အဓိက လက်နက်က သေနတ်တွေ လက်နက်ကြီးတွေ၊ လေယာဉ်တွေ မဟုတ်ဘူး။ သွေးခွဲတဲ့ နည်းနဲ့ပဲ နှစ်ပေါင်းများစွာ ကျုပ်တို့ကို ကျွန်လုပ်လာခဲ့တာ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
လူမျိုးရေး၊ ဘာသာရေး သွေးကွဲမယ့် ကိစ္စတွေကို အာဏာရှင်တွေဘက်က မလုပ်ခင် ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲတာမျိုး ရှောင်ကြပါလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သွေးကွဲမယ့် ကိစ္စတွေ သူတို့ လုပ်လိမ့်မယ်။ ကျန်တာ ထားလို့၊ သူငယ်ချင်းတွေ၊ လင်မယားတွေ၊ မိသားစုတွေပါ သွေးခွဲလိမ့်မယ်။ အဲ့ဒါကိုသိရင် သူတို့ မခွဲခင်ကတည်းက ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲတာတော့ ရှောင်ကြဗျနော်။ သတိကြီးကြီးထားကြ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
ဆက်လက်ပြီး မင်းမော်ကွန်းက ကိုဗစ် တတိယလှိုင်း အရေးပေါ်အဆင့် ဖြစ်လာပြီမို့ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်ကြဖို့ အခုလိုပဲ တိုက်တွန်းထားပါတယ်။
“ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အိမ်မှာပဲနေခြင်းဖြင့် ကူညီကြပါ။ အရေးပေါ်အဆင့် ဖြစ်လာပါပြီ။ ဘယ်သူမှ အားကိုးလို့ မရတဲ့ အခြေအနေပါ”
“မလွဲသာလို့ အပြင်သွားရင် Mask ၂ ထပ် တပ်ပါ။ လက် ခဏခဏ ဆေးပါ။ လူစုလူဝေးကို ရှောင်ပါ။ ကျန်းမာစွာနေခြင်းဖြင့် တိုင်းပြည်ရဲ့ဒုက္ခကို တထောင့်တနေရာက ကာကွယ်ပေးကြပါ”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
You may also like these stories:
မီဒီယာများအား ဖမ်းဆီးခြင်းအပေါ် အနုပညာရှင်အချို့ ကန့်ကွက် ရှုတ်ချ
“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်
တန်ဖိုးရှိတဲ့ ပြည်သူ တဦးတယောက်ကိုမှ အပါမခံနိုင်ဘူးလို့ ဖွေးဖွေး ပြော