ကဏန်းချက်နည်းတွေ ဝေမျှပေးခဲ့တဲ့အထဲမှာ ဒီတပတ် အိမ်ရှင်မတွေ အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်မယ့် ကဏန်းအသား ဟင်းရည်ချက်နည်းကို ပြောပြပေးချင်ပါတယ်။ တရုတ်အစားအစာတွေထဲမှာ ကလေးလူကြီး မရွေး အကြိုက်တွေ့ကြတဲ့ ကဏန်းအသား ဟင်းရည်ပါ။
ကဏန်းအသားတွေကို ပြောင်းဖူးလေးထည့်ပြီး ချက်ထားတဲ့ ဟင်းရည် အရသာက တဇွန်းသောက်လိုက်တိုင်း အရသာရှိပါတယ်။ အရှေ့တိုင်းသားတွေတင်မက အနောက်တိုင်းက လူတွေပါ နှစ်သက်တဲ့ ကဏန်းအသားဟင်းရည် ချက်ဖို့အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကြက်ပြုတ်ရည်
ပြောင်းဖူး
ကဏန်းအသား
ပြောင်းဖူးကော်မှုန့်
ချင်း
ကြက်သွန်မြိတ်
ပဲငံပြာရည်
ဆန်အရက်
ကြက်ဥအကာတို့ လိုအပ်ပါတယ်။
အရင်ဆုံး အဓိကဟင်းလျာဖြစ်တဲ့ ကဏန်းအသားကို ထွင်ထားပါ။ ရယ်ဒီမိတ် သုံးလို့လည်း ရပါတယ်။ ပြောင်းဖူကို အစေ့လေးတွေ ချွေထားပါ။ ကြက်သွန်မြိတ်ကို ၁ လက်မ အပိုင်းလေးတွေ ဖြတ်ထားပါ။ ချင်းကိုတော့ နုနုလေးတွေ သုံးပါမယ်။ ကြက်ဥကိုတော့ အကာပဲ သုံးမှာဖြစ်လို့ သက်သက် ဖယ်ထားပါ။
အားလုံး ပြင်ဆင်ပြီးရင် စချက်ပါမယ်။ အရင်ဆုံး ချက်မယ့်အိုးထဲကို ကြက်ပြုတ်ရည် ထည့်ပါ။ ပြီးရင် ပြောင်းဖူး ထည့်ပြီး ၅ မိနစ်လောက် နောက်ထပ် ပွက်ပွက်ဆူအောင် တည်ပါ။
ပန်းကန်လုံး တလုံးထဲမှာ ရေအေးအေးနဲ့ ပြောင်းဖူးကော်မှုန့်ကို သမအောင် မွှေပါ။ အိုးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး ၂ မိနစ်လောက် မွှေပေးပါ။ ပွက်ပွက်ဆူလာပြီး ပျစ်လာရင် အိုးထဲကို ကဏန်းအသား၊ ချင်း၊ ကြက်သွန်မြိတ်၊ ဆန်အရက်၊ ပဲငံပြာရည် အနည်းငယ် ထည့်မွှေပါ။
အရသာ ပိုရှိအောင် ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး ၁ မိနစ်လောက် တည်ပါ။ ဟင်းရည်လည်း တဖြည်းဖြည်း ပျစ်လာပြီး အနေတော်ရပြီဆိုရင် ကြက်ဥအကာရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ နောက်ထပ် စက္ကန့် ၃၀ လောက် တည်ပေးလိုက်ရင် အရသာလည်းရှိ၊ စားလို့လည်း ကောင်းတဲ့ ကဏန်းအသားဟင်းရည် ရပါပြီ။
Ref: The Happy Foodie
You may also like these stories:
ဗီယက်နမ် ရိုးရာအစားအစာ ဝက်ခြေထောက် သင်္ဘောသီးစွပ်ပြုတ်ရည်
အရှေ့တိုင်းနဲ့ အနောက်တိုင်း ပေါင်းစပ်မှု ကိုရီးယားအသားကင် ထမင်းဘာဂါ
ချဉ်ဖြုံးဖြုံးနဲ့ ခံတွင်းတွေ့စေမယ့် တရုတ်စတိုင် ငါးစွပ်ပြုတ်ရည်