ကူးစက် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်တဲ့ တုပ်ကွေးရောဂါ (Influenza) ဟာ ရာသီဥတု အကူအပြောင်းမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အခုလို မိုးရာသီမှာ အဖြစ်များတာကြောင့် တုပ်ကွေးရောဂါ ဘယ်လိုကာကွယ်ရမယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။
ခန္ဓာကိုထဲကို တုပ်ကွေးပိုး ဝင်ရောက်လာတဲ့အခါ ခုခံအား မရှိပါက တုပ်ကွေးရောဂါ ခံစားရတော့တာပါပဲ။ တုပ်ကွေး ဗိုင်းရပ်စ် ရောဂါပိုးကို သုတ်သင်နိုင်တဲ့ ဆေးရယ်လို့ တိတိကျကျ မရှိသေးတဲ့အတွက် ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအား ကောင်းနေဖို့ ပြင်ဆင်ရပါမယ်။
လူကို ဖြစ်စေတဲ့ပိုး၊ တိရစ္ဆာန်ကို ဖြစ်စေတဲ့ပိုး ဆိုပြီး တုပ်ကွေးရောဂါပိုး မျိုးကွဲပေါင်း များစွာ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တိရစ္ဆာန်ကို ဖြစ်စေတဲ့ တုပ်ကွေးပိုးက လူကို မကူးစက်သလို လူမှာ ဖြစ်တဲ့ တုပ်ကွေးပိုးက တိရစ္ဆာန်ကို မကူးစက်ပါ။ သို့သော် တုပ်ကွေးပိုးတွေက အသွင်ပြောင်း အစွမ်းထက်လာပြီး ဖွဲ့စည်းပုံ ပြောင်းပြီး လူတွေကို ကူးစက်နိုင်တဲ့ အနေအထား ရှိလာနေပါတယ်။ ယခင်က ကြက်ငှက်တုပ်ကွေးက ကြက်တွေ ငှက်တွေကိုသာ အဓိက ဖြစ်စေတာပါ။ အခုနောက်ပိုင်းမှာတော့ အသွင်ပြောင်း ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး ရောဂါပိုးတွေဟာ လူတွေကို ကူးစက်စေ နိုင်တာတွေ ရှိလာပါပြီ။
တုပ်ကွေးရောဂါ လက္ခဏာများ
တုပ်ကွေးရောဂါ ခံစားရပြီ ဆိုရင် နှာေးစခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ ပျို့ခြင်း၊ နုံးချိအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်းများ ခံစားရတတ်ပါတယ်။ ရောဂါဖြစ်ပွားသူ ၁ ရာခိုင်နှုန်း ခန့်လောက်သာ သေဆုံးနိုင်သော်လည်း ကူးစက်မှု မြန်ဆန်ပါတယ်။
ကူးစက်ခြင်းနဲ့ ကာကွယ်ခြင်း
တံတွေး၊ နှပ်၊ သွေး၊ သလိပ်နဲ့ လေထုထဲက တဆင့် ရောဂါပိုးမွှားတွေ ကူးစက်နိုင်တာကြောင့် လက်ကိုင်ပုဝါ အုပ်ပြီး နှာချေ၊ ချောင်းဆိုးပါ။ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ပါ။ လက်များကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ။
တုပ်ကွေးရောဂါ ခံစားရပြီဆိုရင်
တုပ်ကွေးဖျားနာ ခံစားရပြီဆိုရင်တော့ ခန္ဓာကိုယ်ကို နွေးထွေးစွာထားပါ၊ ကောင်းကောင်းအနားယူပါ၊ အိပ်ရေး မပျက်ပါစေနဲ့၊ အစားအသောက် ပုံမှန်စားပါ၊ အားရှိစေမယ့် အစားအသောက်ကို ဦးစားပေး စားသောက်ပါ၊ လိုအပ်ပါက ဆေးခန်း ဆေးရုံကို သွားရောက် ပြရပါမယ်၊ မိသားစုအတွင်း တဦးတယောက် တုပ်ကွေးဖျားနာ ခံစားနေရပြီ ဆိုရင် အခြားသူတွေကို မကူးစက်အောင် သီးခြားခွဲ၍ နေပါ၊ လူအပါအဝင် တိရစ္ဆာန်များကိုလည်း တုပ်ကွေး ရှိ မရှိ စစ်ဆေးပေးရပါမယ်၊ အဓိကကတော့ ကိုယ်ခံအား နည်းပါးကျဆင်းစေမယ့် အပြုအမူမျိုး ရှောင်ကြဉ်ဖို့ပါပဲ။
ညွှန်း – မြန်မာ့စွယ်စုံကျမ်း၊ ဆေးပညာဂျာနယ်