အာဆင်နယ် ပရိသတ်တွေ အတွက် ၂၀၁၂ အစဟာ အံ့သြမှုတွေနဲ့အတူ ရင်ခုန်စရာတွေနဲ့ ရောပြွန်းနေတဲ့ကာလ ဖြစ်မှာပါ။ အမြောက်တပ်သားတွေရဲ့ ဂန္ထဝင်ကစားသမားသီယာရီ အွန်နရီက အသင်းကို ခဏတာ အငှားနဲ့ ပြန်ရောက်လာပြီး လိဒ်ယူနိုက်တက်အသင်းကို အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ်မှာ အနိုင်ဂိုး သွင်းပေးခဲ့လို့ အဖွင့်ကောင်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် ဘာစီလိုနာ၊ အဲဒီနောက် အခုလက်ရှိ အမေရိကန် ဘောလုံးကလပ် နယူးယောက် ရဒ်ဘူးလ် အသင်းမှာ ကစားနေတဲ့ အသက် ၃၄ နှစ်အရွယ် အွန်နရီဟာ အမေရိကမှာ ဘောလုံးပွဲတွေ ခေတ္တနားနေချိန် အာဆင်နယ်အသင်းသို့တကျော့ပြန် လာရောက် ကစားဖို့ သဘောတူညီမှု ရသွားခဲ့တာဖြစ်ပါတယ်။
အရင်က ကျောနံပတ် ၁၄ ဝတ်ဆင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် နောက်ခံလူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ အွန်နရီဟာ သူရဲ့ တကျော့ပြန် ခရီးမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဝတ်ဆင်ခဲ့ဖူးတဲ့ နံပတ် ၁၂ ကို ဝတ်ဆင်ပြီး ကစားသွားမှာဖြစ်ပါတယ်။
တကျော့ပြန်ခရီးနဲ့ပတ်သတ်ပြီး အွန်နရီက “အရင်တုန်းက ကျနော် အမြဲပြောဖူးတာက ဒီကိုဘယ်တော့မှ ပြန်လာဖြစ်မှာ မဟုတ်သလို ဥရောပ တသင်းသင်းမှာလည်း ဘယ်တော့မှ ပြန်လည် ကစားဖြစ်မှာ မဟုတ်ဘူးဆိုတာပါ။ တကယ့် လက်တွေ့မှာတော့ ကျနော် ချစ်ခင်အားပေးတဲ့ အာဆင်နယ်အသင်းက ပြန်လည်ကစားဖို့ တောင်းဆိုတဲ့အခါမှာတော့ ငြင်းပယ်ဖို့ အလွန်ခက်ပါတယ်” ဆိုပြီး ရင်ဖွင့်သွားပါတယ်။
“ကျနော် ဒီကိုပြန်လာတာက ဟီးရိုးတယောက်ဖြစ်ဖို့ မဟုတ်သလို တစုံတရာကို သက်သေပြဖို့လည်း မဟုတ်ပါဘူး။ အာဆင်နယ်အသင်းကို ပြန်လာရတဲ့ အကြောင်းရင်းဖြစ်တဲ့ အသင်းကို တတ်နိုင်သလောက် ကျနော် ကူညီချင်တဲ့ဆန္ဒကို ပရိသတ်တွေ နားလည်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျနော်ဟာ အရန်ခုံမှာပဲ ရှိနေဖို့များပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျနော့်အတွက် လုံလောက်ပါတယ်။ ကျနော့်အတွက် ၅ စက္ကန့်မျှ ရသည်ဖြစ်စေ အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားမှာပါ” ဆိုပြီးတော့လည်း အွန်နရီက ပြောဆိုသွားပါတယ်။
နည်းပြကြီး အာဆင်းဝင်းဂါးကတော့ “ကျနော် အွန်နရီနဲ့ ပြန်လည်လက်တွဲရတာ ပျော်ရွှင်မိသလို နှစ်ဦးစလုံးရဲ့ ဆန္ဒဟာ အသင်းအတွက် ထပ်တူညီမှုရှိခဲ့ပါတယ်။ အွန်နရီဟာ ကျနော်တို့နဲ့အတူ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ ရှိနေမှာပါ။ သူအသင်းမှာ ရှိနေတာကြောင့် အဝတ်လဲခန်းနဲ့ကွင်းထဲမှာ ကစားသမားတွေအတွက် ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေမှာပါ” လို့ ပြောဆိုသွားပါတယ်။
အွန်နရီဟာ သူရဲ့တကျော့ပြန် ပွဲဦးထွက်အဖြစ် လိဒ်ယူနိုက်တက်နဲ့အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးပြီး ပရိသတ်တွေကို ပျော်ရွှင်မှု ပေးလိုက်နိုင်ပါတယ်။ သူရဲ့ဂိုးနဲ့ပတ်သတ်ပြီး “၂၀၁၂ မှာ ကျောနံပါတ် ၁၂ ကို ဝတ်ဆင်ပြီး ပွဲကစားချိန် ၁၂ မိနစ်သာ ကျန်တော့တဲ့အချိန် အွန်နရီဟာ သူရဲ့လိဒ်ယူနိုက်တက် အသင်းနဲ့၁၂ ကြိမ်မြောက် တွေ့ဆုံမှာမှာ ၁၂ ဂိုးမြောက်ကို သွင်းယူပြီး အောင်ပွဲခံခဲ့ပါတယ်” လို့ အာဆင်နယ်ပရိသတ်တဦးက တွစ်တာမှာ ရေးထားပါတယ်။
လိဒ်ယူနိုက်တက် အသင်းကို အနိုင်ယူပြီးနောက်မှာတော့ အာဆင်ဝင်းဂါးက “အွန်နရီကို ၂ လအငှားနဲ့သာ ခေါ်ယူခွင့်ရခဲ့ပေမယ့် စာချုပ်သက်တမ်း ကာလအနည်းငယ် ထပ်တိုးဖို့ကိစ္စကလည်း ဖြစ်မြောက်နိုင်ပါတယ်။ လာမယ့်အပတ် ဆွမ်ဆီးအသင်းနဲ့ပွဲမှာ ဗန်ပါစီနဲ့ အွန်နရီ တိုက်စစ်အတွဲ ကစားဖြစ်မလားဆိုတာတော့ ကျနော် မဆုံးဖြတ်ရသေးပါဘူး။ သေချာတာကတော့ သူတို့နှစ်ယေက်လုံးဟာ နေရာစုံ ကစားနိုင်တာကြောင့် အလွန်ကြည့်ကောင်းတဲ့ တိုက်စစ် ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
လတ်တလောအချိန်မှာ တချိန်က ဂန္ထဝင် တိုက်စစ်မှူးကြီး အွန်နရီဟာ သူရဲ့ဂိုးသွင်းစွမ်းရည် ထက်မြက်မှုကို လိဒ်ယူနိုက်တိုက်နဲ့ပွဲမှာ ပြသအပြီး လာမယ့်အပတ် ပရီးမီယားလိဂ်ပွဲမှာ အာဖရိကဖလား သွားကစားနေရတဲ့ တိုက်စစ်မှူး ဂါဗင်ဟို အစား ဝင်ရောက်ကစားဖို့ အခြေအနေကောင်းနေသလို သူရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး ပြန်လည်ရရှိအောင် လုပ်ပေးနေတဲ့ အာဆင်နယ်ဆေးအဖွဲ့ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ သေချာတာကတော့ အမြောက်တပ်သားတွေရဲ့ လက်စွဲဖြစ်ခဲ့တဲ့ သူရဲကောင်း အွန်နရီဟာ အာဆင်နယ်အသင်းအတွက် ယခု ၂ လတာ ကာလအတွင်း ရေကုန်ရေခန်း ကစားသွာမှာ ကျိန်းသေသလို အာဆင်နယ်ပရိသတ်တွေရဲ့ ကြွေးကြော်လက်ခုပ်သံ တွေကလည်း အိမ်ကွင်း အမ်းမရိတ်မှာ သူတို့ရဲ့ သူရဲကောင်းအတွက် ပိုပြီး ဆူညံလာတော့မှာ အမှန်ပါပဲ။
အွန်နရီရဲ့ ကစားသမားဘဝတလျှောက် အပြောင်းအရွေ့များ
၁၉၉၉ သြဂုတ်လ – ဂျုဗင်တပ်စ်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် ၁၀.၅ သန်းဖြင့် ပြောင်းရွေ့။
၂၀၀၇ ဖေဖော်ဝါရီ – အာဆင်နယ်အသင်းအတွက် နောက်ဆုံးဂိုးနဲ့၂၂၆ ဂိုးမြောက်ကို မစ်ဒယ်ဘရော့ အသင်းနဲ့ပွဲမှာ သွင်းယူခဲ့။
၂၀၀၇ ဇွန် – ဘာစီလိုနာအသင်းသို့ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွေ့။
၂၀၁၀ ဇူလိုင် – အမေရိကန် ဘောလုံးကလပ် ရဒ်ဘူးလ် အသင်းနဲ့ စာချုပ်ချုပ်ဆို။
၂၀၁၁ နိုဝင်ဘာ – အာဆင်နယ်အသင်းဖြင့် ခဏတာ လေ့ကျင့်ခန်း ပြန်ဆင်း။
၂၀၁၂ ဇန်နဝါရီ – အာဆင်နယ်အသင်းသို့တကျော့ပြန် ခရီးစတင်၍ ၂ လ အငှားစာချုပ် ချုပ်ဆို။
၂၀၁၂ ဇန်နဝါရီ ၉ ရက် – အာဆင်နယ်အသင်းသို့ တကျော့ပြန် ပွဲဦး ၂၀၁၂ မှာ ကျောနံပါတ် ၁၂ ကို ဝတ်ဆင်၍ ပွဲကစားချိန် ၁၂ မိနစ် သာကျန်ချိန်၌ လိဒ်ယူနိုက်တက် အသင်းနဲ့ ၁၂ ကြိမ်မြောက်တွေ့ဆုံပြီး ၁၂ ဂိုးမြောက် သွင်းယူ။