စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ်တံခွန်စိုက် ဆူဇူးကီးဖလား ဘော လုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းမှာ ၃ ပွဲကစားရာတွင် တပွဲ သရေ၊ နှစ်ပွဲရှုံး၊ သွင်းဂိုး၂ ဂိုး၊ အသွင်းခံဂိုး ၆ ဂိုးဖြင့် အမှတ် ၁ မှတ်သာ ရသည်။ ၄ သင်းပြိုင်သည့် အုပ်စု ပွဲတွင် စတုတ္ထသာ ရသည်။
ဆူဇူးကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်း ပွဲပြီးခဲ့သော်လည်း မီးကမူ မသေ သေးပါ။ မသေသည့် မီးမှာ ဤသို့ ဖြစ်သည်။ မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် တယောက် လျော့ ၁၀ ယောက်တည်း ဖြင့် ခံကစားနေသည့် မလေးရှားအသင်းနှင့် ဂိုးမရှိသရေ ကစားခဲ့ကြပြီး နောက်ထပ် ကစားရမည့် ပွဲမှာ အိမ်ရှင် စင်ကာပူ အသင်းနှင့် ဖြစ်သည်။
၂၀၁၄ ဆူဇူးကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အသင်း ဆက်လက်ရှင်သန် နေလိုလျှင် အိမ် ရှင် စင်ကာပူအသင်းကို အနည်းဆုံးသရေ ကစားရမည် ဖြစ်သည်။ ဘောလုံးနည်းပြအဖွဲ့က အကောင်းဆုံး နည်းပရိယာယ်၊ နည်းစံနစ်များကို စင်ကာပူအသင်းနှင့် ကစားသည့် ပွဲအတွက် တိုင်ပင်ဆွေးနွေး ရေးဆွဲကြရ မည် ဖြစ်သည်။
ထိုနည်းတူ နည်းပြအဖွဲ့၏ ပြိုင်ပွဲဝင် ဗျူဟာကို လက်တွေ့ အကောင်အထည်ဖော် ပေးကြရမည့် ဘောလုံး သမားများ ကတော့ ပြိုင်ပွဲအတွက် အားမွေးထားကြရမည်၊ ကောင်းစွာ အိပ်စက် အနားယူကြရမည် ဖြစ်သည်။ ဤသည်မှာ ပြိုင်ပွဲ ဝင်ကြမည့် အားကစားအသင်းများ လိုက်နာကျင့်သုံးကြရမည့် အားကစားကျင့်ထုံးပင် ဖြစ်သည်။
ချိုးဖောက်သလား
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း စင်ကာပူမှ ပြန်လည် ရောက်ရှိလာသော အခါ သူတို့နှင့် အတူ မကောင်းသော သတင်းတပုဒ်က ပါလာသည်။
ဆူဇူးကီးဖလား ဘောလုံးပြိုင်ပွဲဝင် မြန်မာ လက်ရွေးစင်အသင်းမှ ဘောလုံးသမား ၃ ဦး စည်းကမ်း ဖောက် ဖျက်သည်၊ စင်ကာပူအသင်းနှင့် မကစားမီ တရက်အလို၊ အကြိုညတွင် တည်းခိုသည့် နေရာမှာ အုပ်ချုပ်သူ များ၏ ခွင့်ပြုချက် မရဘဲ စင်ကာပူမြို့ထဲသို့ ခိုးထွက်ကြသည့် သတင်းပင် ဖြစ်သည်။
သြဇာကြီးသည့် သတင်းဂျာနယ်ကြီး တစောင်တွင် တရားဝင် ဖော်ပြထားသောကြောင့် “ကောလာဟလ” သတင်းဟု သတ်မှတ်၍ မရတော့ပါ။
မြန်မာလက်ရွေးစင် ဘောလုံးအသင်း အတွက် “ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ” ဆိုသလို ဖြစ်နေသလို မြေနိမ့်ရာ လှံစိုက်သလို ဖြစ်နေသည် “ရေနစ်သူ ဝါးကူနှစ်” သလို ဖြစ်နေသည်။ ယင်းသတင်းသည် အထူးသဖြင့် ၂၀၁၅ ခုနှစ် အတွက် မြန်မာလက်ရွေးစင် ဘောလုံးအသင်းများ ဖွဲ့စည်းရာတွင် လာရောက်ထိခိုက် နိုင်သည်။
ကမ္ဘာကျော်
အထူးသဖြင့် စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သဖြင့် ပို၍ စိုးရိမ်ရသည်။ အဘယ်ကြောင့် ဆိုသော် စင်ကာပူနိုင်ငံတွင် ကမ္ဘာ တဝှမ်းမှ ဘောလုံးပွဲများကို ချုပ်ကိုင်ထားသည့် ဘောလုံးလောင်းကစား ဒိုင်ချုပ်များ၏ ရုံးစိုက်ရာ နိုင်ငံဖြစ်နေကြောင်း FIFA ကပင် အသိအမှတ် ပြုထားခြင်းခံရသည့် နိုင်ငံဖြစ်နေသောကြောင့် ဖြစ်သည်။
ကမ္ဘာတဝန်းရှိ ဘောလုံးပွဲများတွင် မသမာမှုများ တိုက်ဖျက်နှိမ်နင်းရေး အတွက် ဘောလုံးလောင်းကစား ဗဟိုဌာနချုပ် ဖြစ်သည့် စင်ကာပူနိုင်ငံသို့ လာရောက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် အဖြေရလဒ်မှာ ထွက်ပေါ် လာခြင်း မရှိသေးပါ။ အဖျားရှူးသွားကြဟန် ရှိပါသည်။
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသား အချို့ စင်ကာပူတွင် စည်းကမ်းဖောက်ဖျက်သည် ဟူသော စွပ်စွဲချက်ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ အပြစ်ရှိလျှင် ရှိသည်၊ အပြစ် မရှိလျှင် အပြစ်မရှိ ဟု ဘောလုံးချစ်သော ပြည်သူများကို ချပြသင့်ပါသည်။
နှိမ်နင်း
ဘောလုံး မသမာမူများ အဖြစ်ဆုံး နိုင်ငံမှာ နိုင်ငံတကာ သတင်းအရ တရုတ်နှင့် ဗီယက်နမ်နိုင်ငံ ဖြစ်ကြ သည်။ သက်ဆိုင်ရာ နိုင်ငံများကလည်း ရက်ရက်စက်စက်ပင် ဖော်ထုတ်အရေးယူသည်။ ဘောလုံး မသမာ မှုများတွင် ပါဝင် ပတ်သက်နေသူများကို နှစ်ရှည်လများ ထောင်ဒဏ် အပြစ်ပေးသည့် အထိ ဖိနှိပ် နှိမ်နင်း ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဘောလုံး မသမာမှုများနှင့် ပတ်သက်၍ လူသိထင်ရှား ဖြစ်ခဲ့သည့် အကြိမ် နည်းပါးသည်။ ဘောလုံးသမိုင်း တလျှောက် ၃ ကြိမ်ခန့်သာ မှတ်တမ်းဝင်ခဲ့သည်။
အာရ်အီးတီ ဘချို
ဘောလုံး လုပ်ပွဲကြောင့် ပထမဆုံး အရေးယူခဲ့ရသည်မှာ မြန်မာနိုင်ငံတွင် ဘောလုံးများပွဲ စတင်စဉ်က ဖြစ် သည်။ အာရ်အီးတီ (ဓာတ်ရထား ပို့ဆောင်ရေး အသင်း) ဘောလုံးအသင်းတွင် ပါဝင်ကစားသူ ဘချိုဖြစ် သည်။ ဘီအေအေ ပရိသတ်များက အာရ်အီးတီ ဘောလုံးအသင်းတွင် ပါဝင်ကစားသဖြင့် အာရ်အီးတီ ဘချို ဟု ခေါ်သည်။ ရှေ့တန်းသမား ဘချို့က ဘောလုံးကို လိုသလို ကန်သွင်းနိုင်သူဟု ဆိုသည်။ ဂိုးတိုင်ဆို ဂိုးတိုင်၊ ဂိုးအပေါ်တန်း ဆိုလျှင် အပေါ်တန်း ထိအောင်ကန်နိုင်စွမ်း ရှိသူဟု သတ်မှတ်ထားကြသည်။
ဘီအေအေ ကွင်းတွင် ကစားသည့်ပွဲတွင် ဘချိုက ဒံပေါက်စားသည် ဟု ဆိုကာ ဘောလုံလူကြီးများက စုံစမ်း စစ်ဆေး ပြီး မှန်ကန်ကြောင်း တွေ့ရသဖြင့် ဘချို့အား ရာသက်ပန် ပွဲကစားခွင့် ပိတ်သည့် ပြစ်ဒဏ် ချမှတ် လိုက်သည်။ ဘချိုစား သည့် ဒံပေါက်ဖိုးက မြန်မာငွေ ၂၅ ကျပ်တည်းသာ ဖြစ်သည်ဟု ဆိုသည်။
ပထမ ကမ္ဘာစစ်အတွင်း မက်ဆိုပိုတေးမီးယား ဒေသသို့ မြန်မာနိုင်ငံမှ ဆပ္ပားမိုင်းနား (အလွတ်) တပ်များ စေလွှတ်ရာ ဘချို လိုက်ပါသွားသည်။ ၎င်းသည် မက်ဆိုပိုတေးမီးယား ဒေသတွင် ဘောလုံးကစားရာ၌ ကျော်ကြားခဲ့သည်ဟု ဆိုသည်။ နိုင်ငံခြားတွင် ပထမဆုံး သွားကစားသည့် ဘောလုံးသမား ဖြစ်ဖွယ်ရာ ရှိသည်။
ဒုတိယအမှု
အာရ်အီးတီဘချို ပြီးသည့်နောက် ဘောလုံးနှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးမှုများ ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံ တွင် ပထမဆုံး ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ အပြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ကျွန်းဆွယ်ပွဲ၊ ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် အိမ်ရှင် မြန်မာအသင်းက မလေးရှား အသင်းကို ဝး၂ ဂိုးဖြင့် ရှုံးပြီး ဒုတိယငွေတံဆိပ်သာ ရလိုက်သည်။ ယင်းရှုံးနိမ့်ခြင်း အတွက် နောက်ဆက်တွဲ ဂယက် ရိုက်ခတ်မှု အကြီးအကျယ် ထွက်ပေါ်ခဲ့သည်။
ယင်းကြောင့် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး (ကွယ်လွန်) က စစ်ရုံးချုပ် ဒဂုံရိပ်သာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ သတင်းစာ ရှင်းလင်းရာတွင် ကျွန်းဆွယ် နောက်ဆုံး ဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့ကြသည့် ဗဟာဒူး၊ ကိုကိုကြီး၊ ကျော်ဇော၊ ကျော်အေးနှင့် တင်ကြည်တို့ ကစားပုံကို မကျေနပ်၍ ယင်းဘောလုံး သမား ငါးဦးစလုံးကို ပြည်တွင်း၌ ဘောလုံး ကစားခွင့် မပြုရန်၊ တင်ကြည်နှင့် ကျော်ဇောအား လက်ရွေးစင်အသင်း အတွက် ရာသက်ပန် မရွေးချယ်ရန် ဟု ပြစ်ဒဏ်များ ချမှတ်ကြောင်း ကြေညာခဲ့သည်။
ကျွန်းဆွယ် အားကစားပွဲ ကျင်းပရေးကော်မတီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်မှာ ဘောလုံးစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် မကိုက်ညီဘဲ ရှိသည်။ ဘောလုံးကစားခြင်းနှင့် ပတ်သက်ပြီး အရေးယူ အပြစ်ပေးမည် ဆိုလျှင် ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကသာ အရေးယူ အပြစ်ပေး ပိုင်ခွင့်ရှိသည်။ အခြားသော မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်များကမှ ဝင်ရောက် အရေးယူ အပြစ်ပေး တရားစီရင်ခွင့် မရှိပါ။
အပြစ်မရှိ
သို့ရာတွင် ကျွန်းဆွယ်ပြိုင်ပွဲ ကျင်းပရေး ဥက္ကဋ္ဌ ကိုယ်တိုင်က တင်ပြလာခြင်း ဖြစ်သောကြောင့် ဘောလုံး အဖွဲ့ချုပ် ကလည်း မနေသာတော့ဘဲ ယင်းဘောလုံးသမား ၅ ဦးအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ စုံစမ်း စစ်ဆေးနေချိန် အတွင်းသတင်းစာကြီး တစောင်နှင့် အားကစား ကလောင်ရှင်ကြီး တဦးတို့က ဘောလုံးသမားများ ဘက်မှ အပြင်းအထန် ခုခံချေပပေးခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း ယင်းဘောလုံးသမား ၅ ဦးစလုံး အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
ပွင့်ထွက်လာခြင်း
၁၉၆၁ ခုနှစ်၊ ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲအရှုပ်တော်ပုံမှာ တဖြေးဖြေးနှင့် တိမ်မြုပ် ပျောက်ကွယ်သွားသည်။ သို့ရာတွင် ၁၀ စုနှစ် များစွာ ကြာမြင့်ပြီးနောက်တွင် ယင်း ဘောလုံးပွဲ အရှုပ်တော်ပုံ၏ ဖြစ်ရပ်မှန် တစွန်းတစ သည် မတော်တဆ ပွင့်ထွက်လာသည်။ ဖြစ်စဉ်မှာ ဤသို့ ဖြစ်၏။
အားကစားဂျာနယ်ကြီး တစောင်၏ ဘောလုံးစာအုပ် မိတ်ဆက်ပွဲကို ဟိုတယ်ကြီး တခုတွင် ကျင်းပခဲ့သည်။ ဘောလုံးနှင့် ပတ်သက်သူတိုင်းကို စုံစုံညီညီဖိတ်ကြားထားသည်။ ဟိုတယ်အဝင်ဝတွင် ၁၉၆၁ ကျွန်းဆွယ် ပြိုင်ပွဲ အရှုပ်တော်ပုံတွင် ဘောလုံးသမားများ ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သော အားကစား လောင် ရှင်ကြီးက ၁၉၆၁ ကျွန်းဆွယ်ဘောလုံးပွဲတွင် ပါဝင်ကစားခဲ့ပြီး ယနေ့ထက်တိုင် အသက်ရှင် ကျန်နေသူ အားကစားသမားဟောင်း တဦးကို တွေ့သောအခါ “ဟေ့ကောင် မင်းတို့ကို ငါကယ်လိုက်တာကွ” ဟု အော်ကြီး ဟစ်ကျယ်ပြော ပါသည်။
အပြောခံရသူ ဘောလုံးသမားကြီးက မခံရပ်နိုင်ဘဲ ယင်းအားကစား ကလောင်ရှင်ကြီးကို ထိုးမယ်၊ ကြိတ်မယ် တကဲကဲ လုပ်သဖြင့် အနီးရှိသူများက ဝိုင်းပြီး ပြန်းဖျေ ပေးလိုက်ရပါသည်။
ယင်းဖြစ်ရပ်ကို စဉ်းစားကြည့်သောအခါ ၁၉၆၁ ၏ ဖြစ်ရပ်မှန်ကို ရေးရေးမျှ ပေါ်လာပါသည်။
အားကစားသမားများ၊ အားကစား ကလောင်ရှင်များသည် အဖြစ်မှန်ကို သွေဖည်၍ လုပ်ဆောင်ခဲ့မှုများ၊ ပြော ဆိုခဲ့မှုများ၊ အားကစားတွင် အဂတိ လိုက်စားမှုများကို အမှတ်မထင် တွေ့လိုက်ရပေသည်။ နှစ်ပေါင်း ၅၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော ၁၉၆၁ ကျွန်းဆွယ် ဘောလုံးပွဲ အရှုပ်တော်ပုံမှ ဘောလုံးသမားများ အနေဖြင့် သင်ခန်း စာ ယူသင့်သည်မှာ အားကစား စိတ်ဓာတ်ကောင်း မွေးမြူယှဉ်ပြိုင်ပြီး တိုင်းပြည်ဂုဏ် ဆောင်သင့်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။
ယခုလည်း ဆူဇူးကီး ဖလားပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ဘောလုံးသမား ၃ ဦး၏ စည်းကမ်းချိုးဖောက်မှု အပေါ် အများပြည်သူများ၏ သံသယစိတ်များ မကြီးထွားမီ သက်ဆိုင်ရာ တာဝန်ရှိသူက မှန်ကန်စွာ ဆုံး ဖြတ်ပေးသင့် ကြောင်း စာရေးသူ အနေဖြင့် သန့်ရှင်းသော ဘောလုံးလောက၊ ကောင်းမွန်သော ဘောလုံးလောက ဖြစ်ပေါ်လာရေး ရှေးရှု၍ တင်ပြလိုက် ပါသည်။ ။