ဥရောပတိုက်က အက်စ်တိုးနီးယားနိုင်ငံငယ်လေးဟာ ကမ္ဘာပေါ်မှာ အမျိုးသမီး ခေါင်းဆောင်တွေသာ အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်လာပါပြီ။ ဇန်နဝါရီ ၂၆ ရက်မှာ နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာအတွက် အမျိုးသမီးခေါင်းဆောင်ကို ရွေးချယ်ပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ်တည်းက ရွေးချယ်ခံထားရတဲ့ လက်ရှိသမ္မတ Kersti Kalijulaid ကိုယ်တိုင်လည်း အမျိုးသမီး ဖြစ်သလို၊ ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်လိုက်တဲ့ Reform ပါတီခေါင်းဆောင် Kaja Kallas ကပါ နောက်ထပ် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
ယခင်အစိုးရအဖွဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် ဇန်နဝါရီ ၁၃ ရက်မှာ နုတ်ထွက်သွားခဲ့ပြီးနောက် သမ္မတ Kalijulaid ကနေ ဇန်နဝါရီ ၁၄ ရက်က အစိုးရသစ်ဖွဲ့ဖို့အတွက် Kallas ကို နာမည်စာရင်း တင်သွင်းပေးခဲ့ကာ ဇန်နဝါရီ ၂၅ ရက်မှာတော့ ပါလီမန်က ဝန်ကြီးချုပ်နေရာအတွက် အတည်ပြုပေးလိုက်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်မှာ သမ္မတ Kalijulaid က အစိုးရအဖွဲ့သစ်ကို ခန့်အပ်ခဲ့ပြီး တရက်တည်းမှာပဲ ဝန်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။ “အက်စတိုးနီးယားနိုင်ငံရှိ နေရာဒေသတိုင်း ဖွံ့ဖြိုးဖို့နဲ့ COVID-19 ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတနဲ့ ဝန်ကြီးချုပ်တို့ရဲ့ နိုင်ငံအင်အားကြီး ပါတီနှစ်ခုပေါင်း ညွှန့်ပေါင်းအစိုးရဖွဲ့မှာဖြစ်ပြီး တပါတီစီကနေ ဝန်ကြီး ၁၄ နေရာထားရှိမှာဖြစ်သလို၊ အစိုးရအဖွဲ့မှာ ကျား၊ မ တန်းတူ အခွင့်အရေး ရရှိမှုတွေပါ နှစ်ပါတီ သဘောတူချက်ထဲမှာ ထည့်သွင်းထားပါတယ်။ အက်စ်တိုးနီးယားနိုင်ငံရဲ့ အစိုးရသစ်မှာ အမျိုးသမီးဝန်ကြီး ၇ ဦး၊ ၄၆ ဒသမ ၇ ရာခိုင်နှုန်းထိ စံချိန်တင် ပါဝင်လာပါတယ်။
အသက် ၄၃ နှစ်အရွယ် ဝန်ကြီးချုပ်အသစ် Kallas ဟာ Tartu တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး နိုင်ငံရေးလောကထဲ မဝင်ခင် ရှေ့နေတဦး ဖြစ်ခဲ့သလို၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဥရောပပါလီမန်မှာ ဥပဒေပြုအမတ်အဖြစ် အမှုထမ်းခဲ့သူတဦးပါ။ သူ့ရဲ့ ဖခင်ကိုယ်တိုင်လည်း ဝန်ကြီးချုပ်တဦးဖြစ်ခဲ့တဲ့အပြင် ဥရောပ ကော်မရှင်နာအဖြစ်လည်း အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။
အက်စ်တိုးနီးယားနိုင်ငံလိုပဲ ယခင်က ဖင်လန်နိုင်ငံမှာ အမျိုးသမီး သမ္မတ Tarja Halonen (2000-2012) အုပ်ချုပ်ခဲ့ဖူးပြီး သူ့လက်အောက်မှာ အစိုးရအဖွဲ့ခေါင်းဆောင် အမျိုးသမီး ၂ ဦး ရှိခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာလည်း အမျိုးသမီးသမ္မတနဲ့ ဝန်ကြီးချုပ် တပြိုင်တည်း ရှိခဲ့ဖူးတဲ့ သာဓကေတွေ ရှိပါတယ်။
အက်စ်တိုးနီးယားနိုင်ငံဟာ ဥရောပမြောက်ပိုင်း ဘောလ်တစ်ဒေသမှာ တည်ရှိပြီး အနောက်ဘက်မှာ ဆွီဒင်၊ အရှေ့ဘက်မှာ ရုရှား၊ တောင်ဘက်မှာ လတ်ဗီးယား၊ မြောက်ဘက်မှာ ဖင်လန်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကျောက်နုလွှာကနေ ထုတ်လုပ်ရရှိတဲ့ ရေနံအများဆုံးထွက်တဲ့ နိုင်ငံလည်း ဖြစ်သလို၊ စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်ကြကာ ထွက်ကုန်ပစ္စည်းတွေကိုတော့ ရုရှားနိုင်ငံကို တင်ပို့ပါတယ်။
Ref: Estonia World , DW
You may also like these stories:
ကာဗွန်ဖမ်းယူမှု နည်းပညာ တီထွင်နိုင်သူကို Elon Musk ဒေါ်လာ သန်း ၁၀၀ ချီးမြှင့်မည်
အီတလီမှာ TikTok ရိုက်ရင်း မိန်းကလေးငယ် သေဆုံးပြီးနောက် အကောင့်များ ပိတ်မည်
ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်များ