မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မြန်မာဘက်က ကာရံထားတဲ့ နယ်စပ်ခြံစည်းရိုးမှာ မိုးရာသီ ရေတိုက်စားမှုနဲ့ ခိုးယူခံရမှုကြောင့် ပျက်ဆီးမှုများရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း မိုးဆက်တိုက် ရွာသွန်းပြီး တောင်ပြို၊ မြေပြိုမှုများကြောင့် နယ်စပ်ခြံစည်းရိုး နေရာတချို့မှာ ပျက်ဆီးနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဆပ်ဒါလာ ကျေးရွာသား တဦးက ပြောပါတယ်။
“ဝေလာတောင်ရွာရဲ့ အထက်နားလောက်မှာ မိုးရွာပြီး တောင်ပြိုတော့ ခြံစည်းရိုးပါ ပြိုနေတာကို တွေ့ခဲ့တယ်။ ဒီနောက်ပိုင်း မိုးတွေကလည်း ဆက်တိုက်ရွာတော့ တခြားနေရာတွေမှာလည်း ပြိုတယ်လို့ ပြောသံကြားတယ်။ နယ်စပ်က လူတွေကလည်း သံကြိုးတွေ ခိုးဖြတ်တာတွေ ရှိနေတော့ လုပ်ခါစ ခဏပဲ။ နောက်တော့ ပျက်နေတာတို့၊ သံကြိုးမရှိတာတို့ ရှိနေတယ်” လို့ အဆိုပါ ဆပ်ဒါလာ ရွာသားက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကို ခြံစည်းရိုး ကာရံထားပေမယ့် နယ်စပ်ဒေသ စစ်ဆေးရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ (နစက) များက ခြံစည်းရိုးရဲ့ အဝေးမှာ ရှိနေကြတဲ့အတွက် ခြံစည်းရိုးက သံကြိုးတွေ ခိုးဖြတ်ခံရတာ၊ ပျက်နေတဲ့ ခြံစည်းနေရာများကို အချိန်မီ မပြင်နိုင်ဘဲဖြစ်နေတာတွေ ရှိကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့တမြို့ဖြစ်တဲ့ နတ်ကျောက်စရီမှ မြို့ခံ တဦးက ပြောပါတယ်။
“ခြံစည်းရိုးနဲ့ နစကတွေ ရှိတာနဲ့က ၂ မိုင်လောက်ဝေးတယ်။ ဆိုတော့ နယ်စပ်ကို သွားချင်တိုင်းသွားလို့ ရနေတာပေါ့။ ပြီးတော့ ခြံစည်းရိုးက သံကြိုးတွေကို ခိုးဖြတ်ချင်တိုင်း ဖြတ်လို့ရနေကြတယ်” လို့ နတ်ကျောက်စရီ မြို့ခံက ရှင်းပြပါတယ်။
သူက ဆက်ပြီး “ခြံစည်းရိုး လုပ်ကတည်းက အောက်ခံ ဖောင်းဒေးရှင်း ထည့်တာက တတောင်လောက်ပဲ မြှုပ်ထားတာ ဆိုတော့ ကြာရှည်မခံတာကြောင့်လည်း ပါတယ်” လို့ ဆိုပါတယ်။
ခြံစည်းရိုးကာရံတဲ့ သံဆူးကြိုးများဟာ မိုးရေဒဏ် ခံနိုင်အောင် ဆီလူးထားသော သံဆူးကြိုးများ ဖြစ်ပြီး သံချေး လွယ်ကူစွာ မတက်ကြောင်း၊ ယင်းသံဆူးကြိုးများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရှိ ကောက်စ်ဘဇားမြို့ရှိ မှောင်ခိုဈေးမှာ အရောင်းအဝယ်လုပ်နေကြကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဧရာဝတီက သတင်းတင်ပြခဲ့ပါတယ်။
မောင်တောမြို့မှ ကြေးတိုင်နှင့် မြေစာရင်း ဝန်ထမ်းတဦးက နယ်စပ် ခြံစည်းရိုးကို တခါ ကာထားရုံနဲ့ မပြီးဘဲ၊ ပျက်စီးသွားတဲ့ နေရာတွေကိုလည်း ပြင်ဆင်ပေးနေဖို့လိုပြီး ခြံစည်းရိုးနဲ့အတူ ရှိနေတဲ့ ကားလမ်းကိုလည်း အချိန်းမရွေး သွားလာနိုင်အောင် လုပ်ထားသင့်တယ်လို့ မြင်ကြောင်း ပြောပါတယ်။
“ခြံစည်းရိုးကို မပျက်အောင် ထိမ်းဖို့ဆိုရင် ကားလမ်းတွေ ကောင်းနေဖို့လိုတယ်။ မြေကြီးလမ်းတွေ ဖြစ်နေတော့ ပြင်မယ့်အဖွဲ့တွေကလည်း အချိန်မရွေး မသွားနိုင်ဘူး။ မိုးရာသီရောက်ရင် ပိုဆိုးတာပေါ့” လို့ အဆိုပါ ဝန်ထမ်းက ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြံစည်းရိုး ကာရံခြင်းဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေကို တားဆီးနိုင်အောင် ဖြစ်တယ်လို့ မြန်မာအစိုးရက ပြောခဲ့ပေမယ့် လက်ရှိ အခြေအနေမှာ ဘာကိုမှ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း တက္ကနာမြို့အခြေစိုက် ဘင်္ဂလား ထောက်လှမ်းရေးတဦးက ပြောပါတယ်။
“မြန်မာဘက်က နယ်ခြားစောင့်တပ်တွေက သေသေချာချာ စစ်ဆေးမှုတွေ မရှိလို့ မှောင်ခိုလမ်းက အရင်အတိုင်းပဲ ရှိနေတယ်။ စိတ်ကြွဆေးပြားတို့၊ အရက်တို့က အရင်လိုပဲ ဝင်နေတယ်” လို့ အဆိုပါ ထောက်လှမ်းရေးက ဆိုပါတယ်။
ကီလိုမီတာ ၃၀၀ ကျော် ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာနိုင်ငံဘက်က ၂၀၀၈ ခုနှစ် မတ်လကတည်းက စတင်ကာရံခဲ့ပြီး ယခုဆိုရင် နယ်စပ်မှတ်တိုင် ၇၀ အနီး ကီလိုမီတာ ၁၅၀ ခန့်အထိ ကာရံထားပြီး ဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်ကို လုံခြုံအောင် ခြံစည်းရိုး ကာရံသော်လည်း ခြံစည်းရိုးအနီး အမြဲတမ်း နယ်စပ်လုံခြုံရေးတပ်များ ရှိရန်လိုအပ်ပြီး အဂတိလိုက်စားမှုများလည်း ကင်းရှင်းဖို့လိုအပ်ကြောင်း မောင်တောမြို့မှ မြေစာရင်း ဝန်ထမ်းက ဆိုပါတယ်။
“အခု ခြံစည်းရိုးပဲရှိတယ်။ လုံခြုံရေးကျတော့ မရှိဘူး။ လုံခြုံးရေး ရှိတဲ့နေရာတွေကျတော့ ဝင်မလား၊ ထွက်မလား ငွေနည်းနည်းလောက် ပေးလိုက်ရင် အကုန်ဖြစ်တယ်” လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်။