ကျောင်းအပ်ချိန်တွင် သတ်မှတ်နှုန်းထက် ကျော်လွန်၍ ငွေတောင်းခြင်း၊ အလှူငွေ ကောက်ခြင်း၊ မတက်မဖြစ် ကျူရှင် သင်နေခြင်းများ ဆက်လက် ပြုလုပ် နေကြသေးသော်လည်း ကျောင်းသားမိဘများက တိုင်ကြားခြင်း မရှိပါက အရေးယူရန် ခက်ခဲကြောင်း အခြေခံ ဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ကျောင်းသားမိဘများက မကျေနပ်၍ သက်ဆိုင်ရာ ဌာနသို့ တိုင်လျှင် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သော်လည်း၊ မိဘများက မတိုင်ပါက ပညာရေး ဝန်ကြီးဌာနနှင့် အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ လာဘ်စားမှု ရှိ/ မရှိကို ဝင်ရောက်စစ်ဆေးခြင်း မပြုကြောင်း အမှတ် ၃ အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။
“၂ နှစ်လောက်ရှိပြီ၊ ကျောင်းအုပ် လာဘ်စားတာ၊ အလှူခံတာကို မကျေနပ်လို့ တိုင်ရင် ကျောင်းအုပ်အပြစ်ပေါ် မူတည်ပြီး စာပြန် သင်ခိုင်းတာ၊ ရာထူးက ထုတ်လိုက်တာ၊ နယ်ပြောင်းလိုက်တာတို့ လုပ်တယ်။ မနှစ်ကဆို အဲဒီလို လုပ်ခံရတဲ့ ကျောင်းအုပ် တော်တော်များတယ်။ ဘယ်ကျောင်းကလဲ၊ ဘယ်နှယောက်လဲ ဆိုတဲ့ အတိအကျကိုတော့ ကျနော်တို့ ပြောလို့ မရဘူး” ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက ပြောသည်။
ကျောင်းအပ်လျှင် သတ်မှတ်နှုန်းအတိုင်း ကောက်ရမည်ဟု စည်းကမ်း ထုတ်ထားသော်လည်း ကျောင်းအုပ်အများစုမှာ အလှူငွေကို နားလည်မှုဖြင့် ကောက်ခြင်း၊ တချို့ကျောင်းများတွင် ကျောင်းအုပ်များက အလှူငွေ မကောက်သော်လည်း ကျောင်း အကျိုးတော်ဆောင်များ ခန့်အပ်ကာ ၎င်းတို့မှတဆင့် အလှူငွေများ ပေးရခြင်းရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။
ကျောင်းတချို့တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့တွင် ကျောင်းသားမိဘ တချို့သာ ပါဝင်၍ ငွေကြေး တတ်နိုင်သော ရပ်မိရပ်ဘများ ပါဝင်ကြောင်း သိရသည်။
“ကျောင်းအပ်တော့ အလှူငွေ မပေးခဲ့ရပါဘူး။ ဒါပေမယ့် ကျောင်း အကျိုးတော်ဆောင်ကို ကျောင်းမအပ်ခင် အနည်းဆုံး ၃ သောင်းခွဲ ပေးရတယ်။ သူတို့တွေကို ပေးမှ ကျောင်းအပ်လို့ ရတာ။ သူတို့တွေနဲ့ ကျောင်းအုပ်နဲ့က ပေါင်းလုပ်နေကြတာ” ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျောင်းသား မိဘ တဦးဖြစ်သည့် ဒေါ်မူမူအေးက ဆိုသည်။
တချို့သော နာမည်ကြီး အစိုးရ ကျောင်းများတွင် အတန်းပိုင် ဆရာ၊ ဆရာမ တဦးလျှင် ကျောင်းသား တဦးစီ ကျောင်းအပ် လက်ခံခွင့်ရှိပြီး မိမိ သားသမီးများကို ကျောင်းအပ် လက်ခံထားသည့် ဆရာ၊ ဆရာမများ တောင်းသည့် ငွေကြေး၊ အလှူငွေများကို မိဘက ပုံမှန်ပေးရကြောင်း၊ မပေးလျှင် မိမိသားသမီးများကို နှိမ့်ချဆက်ဆံပြီး အရေး မပေးတော့ကြောင်း ၎င်းက ဆက်ပြောသည်။
စည်းကမ်း မလိုက်နာသည့် ကျောင်းကို တိုင်နိုင်သည့် ဖုန်းနံပါတ်၊ Fax နံပါတ်များအား ကျောင်းအဝင်ဝ၊ ရုံးခန်း အဝင်ဝနှင့် ကျောင်းသား လက်ခံရာ ဌာနတွင် ကပ်ထားမည်ဖြစ်ပြီး တိုင်ကြားသူ၏ အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ် ဖော်ပြ၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် တိုင်ကြားလျှင် ထိရောက်စွာ စစ်ဆေး အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အခြေခံ ဦးစီးဌာနမှ သိရသည်။
“နောက်တခုက ကျောင်းသား မိဘတွေက ကိုယ့်သားသမီးတက်တဲ့ ကျောင်းမှာ မိမိသဘောနဲ့ အလှူငွေ ထည့်ချင်ရင်တော့ ကျောင်းတက်ရတဲ့ ကာလတွေမှာ လှူနိုင်တယ်။ မဟုတ်ဘဲ ကျောင်းအပ်ချိန်မှာ လှူရင်တော့ စည်းကမ်းချက် တွေကြောင့် ကျောင်းတက်မှ လက်ခံဖို့ကို ညွှန်ကြားထားတယ်” ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောသည်။
ကျောင်းအုပ်များကို စည်းကမ်း ထုတ်ထားသကဲ့သို့ပင် ကျောင်းဆရာ၊ ဆရာမများကိုလည်း ကျူရှင်မသင်ရန် စည်းကမ်း ထုတ်ထားကြောင်း၊ စည်းကမ်း မလိုက်နာဘဲ ကျူရှင် သင်သည့် ဆရာ၊ ဆရာမများကို တိုင်ကြားနိုင်ပြီး ထိုသို့တိုင်ကြားပါက ၎င်းကျူးလွန်သည့် အပြစ်အပေါ်မူတည်၍ ရာထူးမှ ထုတ်ခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းဆရာ၊ ဆရာမများအား ကျူရှင်မသင်ရန်နှင့် ကျောင်းအုပ်များအား အလှူငွေ မကောက်ရန် စည်းကမ်းချက်များ ထုတ်ထားသော်လည်း အနည်းအကျဉ်းသာ လိုက်နာကြပြီး မလိုက်နာသူ များနေသေးကြောင်း တွေ့ရသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ အထက်တန်း ကျောင်းတကျောင်းမှ အလယ်တန်းပြ အတန်းပိုင်ဆရာမ ဒေါ်သက်သက်ဝေက “ကျောင်းအုပ်ကျတော့ အလှူငွေ ကောက်တာမျိုး လုပ်လို့ရတယ်။ ဆရာ၊ ဆရာမတွေကျတော့ ဒီလို လုပ်လို့မရဘူးလေ။ ရတဲ့ လစာကလည်း မိသားစုအတွက် မလုံလောက်တော့ ကျုရှင်သင်မှ ရတယ်” ဟု ပြောသည်။
တချို့ အစိုးရကျောင်း ဆရာ၊ ဆရာမများသည် ဝင်ငွေ ဖူလုံရုံတင်မကဘဲ စီးပွားဖြစ် ကျူရှင်သင်နေကြောင်း၊ သန်လျင်မြို့နယ်ရှိ ဗဟို မူလွန်ကျောင်းရှိ ဆရာ၊ ဆရာမတချို့က ကျောင်းတွင် စာအနည်းငယ်သာ သင်ပြီး ကျူရှင်တွင်သာ စာသင်၍ စာမေးပွဲတွင် မေးမည့် မေးခွန်းပါ တခါတည်း ပေးလိုက်ကြောင်း၊ ကျူရှင်မတက်နိုင်သည့် ကျောင်းသားများမှာ မည်သည့်စာမှ မရဘဲ စာမေးပွဲနီးမှာသာ ကျူရှင်တက်နိုင်သည့် ကျောင်းသားများထံတွင် ကူးယူ လေ့လာရကြောင်း သန်လျင်မြို့နယ်ရှိ ကျောင်းသားမိဘတဦးက ဆိုသည်။
“ကျောင်းမှာ ကလေးကို စာမသင်တော့ ဆရာမ ကျူရှင်မှာ ထားရတယ်၊ ဒီနှစ် ပထမတန်း ကလေးအတွက် ၁၆ ယောက် ဝိုင်း ကျူရှင်ခကို ကျပ် ၂ သောင်းခွဲ တောင်းတယ်။ များတယ်ပြောတော့ မိဘတွေက ပေးတာ ဘယ်တတ်နိုင်မလဲလို့ ပြောတယ်။ ကျောင်းသားအားလုံး တက်ရတဲ့ ဟောကျူရှင်ဆိုတာ ရှိသေးတယ်။ သူငယ်တန်းတုန်းကလည်း ကျူရှင်တက်မှ ရတယ်။ အဲဒီတုန်းက ကျူရှင်လခက ၈ ထောင် ယူတယ်။ ကျူရှင် မတက်နိုင်တဲ့ ကလေးတွေဆို စာလုံးဝမရဘူး” ဟု ၎င်းက ဆက်ပြောသည်။
သန်လျင်မြို့နယ် ဗဟို မူလွန်ကျောင်းတွင် တက်နေသည့် ကျောင်းသားတချို့သည် ကျောင်းမှ ဆရာမကို အိမ်သို့ ဝိုင်းကျူရှင် ခေါ်သင်ကာ ကျောင်းကို တပတ် ၂ ရက်သာ တက်သော်လည်း ကျောင်းခေါ်ချိန် အပြည့်ဖြင့် စာမေးပွဲဝင်ရောက်နိုင်ကြောင်း ကျောင်းသားမိဘများ ထံမှ သိရသည်။
“ကျောင်းနဲ့ မတူတော့ဘူး။ ကျောင်းဆိုတာက ကလေးရဲ့ ပညာရေးတခုတည်း မဟုတ်ဘူး။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အားလုံး တာဝန်ယူရမှာ။ စာသင်တော့လည်း မေးခွန်းကအစ တစ်ကဘာ၊ နှစ်ကဘာ အကုန် အလွတ်ကျက်ထားတဲ့ ပုံစံနဲ့ သင်တာ၊ ကျောင်းမှာ စာမသင်ဘဲ ကျူရှင်တက်မှ စာရမယ်ဆိုတဲ့ အဲဒီကျောင်းမှာ ကျမ သားကို ဒီနှစ် မထားတော့ဘူး” ဟု ဗဟိုမူလွန် ကျောင်းတွင် သူငယ်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ပထမတန်း တက်မည့် ကျောင်းသားတဦး၏ မိခင်ဖြစ်သူက ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ သန်လျင်မြို့နယ် ပညာရေးမှူးရုံးအား ဧရာဝတီက မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့် ထိုသို့ ပြုလုပ် နေသည်ကို မသိရသေးကြောင်း၊ ကျောင်းသား မိဘများကလည်း ထိုကိစ္စရပ်နှင့် ပတ်သက်၍ လာရောက် တိုင်ကြား ခြင်းများ မရှိသေးကြောင်း တာဝန်ရှိသူတဦးက ဆိုသည်။
ယခင်က ရန်ကုန်ရှိ နာမည်ကြီး အစိုးရကျောင်းများတွင် သူငယ်တန်းတက်ရောက်ခွင့် ရရန် ပေးရသည့် ငွေကြေး ပေါက်ဈေးမှာ ကျပ် သိန်း ၂၀ ခန့်ရှိကြောင်း၊ ယခုနှစ်ပေါက်ဈေးမှာ ၅ သိန်းခန့်သာ ရှိတော့ကြောင်း၊ တတ်နိုင်သည့် ကျောင်းသား မိဘများသည် ၎င်းတို့၏ သားသမီးများကို အစိုးရကျောင်းများထက် နိုင်ငံတကာ ကျောင်းများနှင့် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများတွင်သာ ပိုမို အပ်လာကြသောကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ ဒဂုံ အထက ၁ နှင့် နီးစပ်သူ တဦးက ပြောသည်။
မူလတန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ရာတွင် ပုံနှိပ်စာအုပ်ဖိုး ကျပ် ၂၃၀ မှ ၆၃၀ အထိသာ ကောက်ရမည် ဖြစ်ပြီး အလယ်တန်းမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူများဖြစ်လျှင် မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်နှင့် ကျောင်းလခ စုစုပေါင်း ကျပ် ၂ ထောင်မှ ၃၅၀၀ နှင့် စာအုပ်ဖိုး ကျပ် ၉၄၀ မှ ၂၁၄၀ အတွင်းသာ ကုန်ကျရမည် ဖြစ်ကြောင်း သိရသည်။