ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နေပြီ ဖြစ်သော်လည်း ဗန်းမော်မြို့ မန်စီခရိုင်တွင်မူ မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တပ်ခြင်းထိတွေ့ မှုများ ရှိနေသေးကြောင်း သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို ရှင်းလင်းရာမှ KIA နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထိတ်လန့်ကာ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အဖွဲ့အနေနဲ့ကတော့ တိုင်းမှူးကို စာတင်ထားပါတယ်။ နှစ်ဘက်စလုံး ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်မယ် ဆိုတာတော့ သိပါတယ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ဖို့တော့ နှစ်ဘက်စလုံးကို ပြောပါတယ်။ ပြီးတော့ အများပြည်သူ လူထုတွေ ဒုက္ခရောက် နေရတယ်၊ ထိတ်လန့်အောင် မလုပ်ဖို့တော့ ပြောထားပါတယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် စီမံကိန်းကြောင့် မန်စီတလျှောက်ရှိ သစ်မှောင်ခို လုပ်ငန်းကို လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း၊အောက်တိုဘာ လဆန်းပိုင်းက ကျင်းပခဲ့သည့် မြန်မာအစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူ စာချုပ်တွင်လည်း ပြည်သူများ သွားလာသည့် လမ်းကြောင်းများကို ပြန်လည်ဖွင့်ပေးကာ ပြည်သူလူထုနှင့် စည်းလုံးရေး အနေဖြင့် ပြန်လည် ဝင်ရောက်မည် ဖြစ်ကြောင်း၊ မန်စီဒေသတွင် အစိုးရက စစ်လေ့ကျင့်ရေး စခန်း ပြုလုပ်ရန် ပြောဆိုထားကြောင်း ၎င်းက ထပ်မံပြောသည်။
“တိုက်ပွဲက အကြီးအကျယ် မဟုတ်ပေမယ့် မုံးဒိန်းပါရွာက လူတွေကတော့ ဗန်းမော်ဘက်ကို ဒီလ ၂၈ ရက်နေ့ ကတည်းက လမ်းလျှောက်လာ နေပါတယ်။ ရွာသား အယောက် ၅၀၀ ကျော်လောက် ရှိမယ်ထင်တယ်။ သူတို့အတွက် အခု လောလောဆယ် ဘာသာရေး အဆောက်အဦးမှာ နေရာချပြီး စားဝတ်နေရေးကို အမြန်ဆုံး ကူညီပေးနိုင်အောင် ဆောင်ရွက် ပေးနေပါတယ်” ဟု ကရုဏာ လူမှုကူညီရေး အဖွဲ့ ဗန်မော်ခရိုင် တာဝန်ခံ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ဒုက္ခသည်များမှာ စားဝတ်နေရေး အတွက် ခက်ခဲမှု ရှိနေကြောင်း၊ အစား အသောက် ရရှိရန် ဗန်းမော်ဒေသအတွင်းရှိ လူမှုရေးအဖွဲ့များနှင့် UN အဖွဲ့အစည်းများကို ညှိနှိုင်းနေကြောင်း၊ မြန်မာအစိုးရ တပ်စခန်း ချထားမှုကြောင့် ပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲနေကြောင်း ကိုနော်ဒင်း၏ အဆိုအရ သိရသည်။
“မိုင်းခေါင်ကနေ ဘယ်ကိုမှ သွားလို့မရသလို အိမ်ထဲကနေ အပြင်ထွက်ရင်တောင် စစ်တပ်က အမေးအမြန်း ရှိတာကြောင့် ဒေသခံတွေ မထွက်ရဲဘူး။ ကျမတို့ ရွာကတော့ မြန်မာအစိုးရတပ် အခြေချတာရှိတော့ တိုက်ပွဲတော့ မရှိဘူး၊ ဒါပေမယ့်
ဘယ်မှ သွားလို့မရတာ ခက်တယ်” ဟု မိုင်းခေါင် ကျေးရွာမှ ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းကျေးရွာ အနီးရှိ ဒုက္ခသည်စခန်းတွင် မန်စီမြို့နယ်ရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များ ရှိနေပြီး လူပေါင်း ၅၀၀ ခန့် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်က မြန်မာအစိုးရနှင့် KIA တို့ စစ်ဆင်ရေး စတင်ကတည်းက ထွက်ပြေးနေရသော ရွာသားများ ဖြစ်ကြောင်း သိရသည်။