ကိုးကန့်ဒေသတွင် ရေအားလျှပ်စစ်ဖြင့် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး လျှပ်စစ်မီး ရရှိနိုင်ရန် စီစဉ်နေကြောင်း ကိုးကန့်အထူး ဒေသ(၁) ဦးစီး အဖွဲ့မှ ဥက္ကဌ ဦးပယ်ဆုံချိန်က ပြောသည်။
ကိုးကန့်ဒေသ တခုလုံးအတွက် ချားဟို၊ စီဖာဟော်၊ ကျွင်းဖား ရေအားလျှပ်စစ် စက်ရုံ ၃ ခု တည်ဆောက်သွားရန် စီစဉ်ထားပြီး အဆိုပါ ရေအားလျှပ်စစ် စက်ရုံများမှ ကိုးကန့်ဒေသ ကျေးရွာ၂၆ ရွာကို မီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
“အခုက တရုတ်ကနေ ဝယ်သုံး နေရတာပေါ့။ ဒါပေမယ့် လောက်ကိုင်လောက်ပဲ ဝယ်သုံးနိုင်တယ်။ တောင်ပေါ်ရွာတွေ မသုံးနိုင် သေး ဘူး။ သုံးနိုင်ဖို့အတွက် အခုလို စီစဉ်နေတာပါ”ဟု ဦးပယ်ဆုံချိန် က ပြောပြသည်။
တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံများ အတွက် ရေလှောင်ကန် တည်ဆောက်ရန် မူလကတည်းက စီစဉ်ထားကြောင်းနှင့် အဆိုပါရေ လှောင်ကန် ၃ ခုအတွက် ခန့်မှန်းကုန်ကျငွေမှာ တရုတ်ယွမ်ငွေ သိန်း ၁၂၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရ သည်။
“ရေလှောင်ကန် ဆောက်ဖို့အတွက် တောင်ပေါ်က ရေကို ရေလှောင်နိုင်ဖို့၊ ချားဟိုဆို တောင်ပေါ်က ရေကို လှိုင်ခေါင်း ၁.၇ မီတာ ဖောက်ပြီး အဲဒီကနေ ရေကို လှောင်ကန်ထဲ ရောက်အောင် လုပ်နေပါတယ်။ ဒီရေလှောင်ကန် ဆောက်ပြီးပြီဆိုရင် ဒေသတွင်း သောက် ရေ၊ သုံးရေ အတွက်ကိုပါ ဒီရေကန်ထဲကရေနဲ့ ပေးဝေသွားမှာပါ”ဟုလည်း ဦးပယ်ဆုံချိန်က ဆက်ပြောသည်။
ကိုးကန့်ဒေသဦးစီး အဖွဲ့က အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကိုးကန့်ဒေသ တခုလုံး လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“၂၀၁၁ ကနေဆို အခုနှစ်အထိ ၄ နှစ်တာ ပြီးဆုံးသွားပြီပေါ့။ ဒီ အတောအတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး အပိုင်းကို အထူး လုပ်ဆောင် ဖြစ်ခဲ့တယ်။ အခုဆို လားရှိုးဘက်ကနေ လောက်ကိုင်ဘက်ကိုလာတဲ့ လမ်းပိုင်းကို ပြင်ဆင်တဲ့ အပိုင်းက ပြီးစီး သလောက် ရှိနေပါပြီ။ ဒါက ကျနော်တို့တာဝန်ယူနေတဲ့ ပထမ ၅ နှစ်အတွင်း လုပ်ဖြစ်ခဲ့တယ်။ လျှပ်စစ်မီးက နောက် ၅ နှစ် အတွက် စီစဉ်ထားတာပါ”ဟု ဦးပယ်ဆုံချိန်က ဆိုသည်။
စီမံကိန်း အရ ပထမဆုံး တည်ဆောက်နေသည့် ချားဟို ရေအားလျှပ်စစ်မှ လျှပ်စစ်မဂ္ဂါဝပ် ၅၀၀၀၊ ဒုတိယ တည်ဆောက်မည့် စီဖာဟော် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၆၅၀၀၊ ကျွင်းဖား ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၅၀၀ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။
လောက်ကိုင်မြို့ခံ ကိုသန်းဦးက“အခု ကျနော်တို့က တရုတ်ကနေ လျှပ်စစ်မီး ဝယ်သုံးနေရတာ။ တလကို မကျဘူးဆို အိမ်သုံးဆို ယွမ် ၁၀၀ ကျော် ကျတယ်။ ပြောရရင် မြန်မာငွေနဲ့ဆို တလကို ကျပ် တသောင်း ကျော် ကျပါတယ်။ တယူနစ်ကို သူတို့က ၁၀ ယွမ် ကျော် ကောက်တယ်။ သုံးတဲ့အပေါ် မူတည်တယ်။ တယူနစ် ၁၀ ယွမ်ဆို မြန်မာငွေနဲ့ဆို ၁၀၀ ကျော် ကျတာပေါ့”ဟု ပြောဆိုသည်။
လောက်ကိုင် အပါအဝင် ကိုးကန့်ဒေသရှိ ကျေးရွာ ၂၆ ရွာသည် တရုတ်နိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲနေရပြီး အများစုမှာ သုံးစွဲနိုင်ခြင်း မရှိဘဲ တချို့ကျေးရွာများသာ ဝယ်ယူ အသုံးပြုကြကြောင်း၊ ကျေးရွာ အားလုံး၏ ၂၀ ရာခိုင်နှုန်း ခန့်သာ လျှပ်စစ်မီး ဝယ်ယူ သုံးစွဲနိုင်ကြောင်း သိရသည်။
ယခု ၅ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းသည် ကိုးကန့်ဒေသတွင် မကြာမီ အကောင်ထည်ဖော်မည့် စက်မှုဇုန် များကိုပါ လျှပ်စစ်မီး လုံလောက်စွာ ပေးသွားနိုင်မည် ဖြစ်ကြောင်း ကိုးကန့်ဒေသ ဦးစီးအဖွဲ့က ပြောသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို ကိုးကန့် ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုးကန့်ဒေသဦးစီး အဖွဲ့မှ ကိုယ့်အား ကိုယ်ကိုး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။