ဆီးရီးယားမှာ နေ့စဉ် လူတွေ သေနေတယ်။ အီရတ်မှာ အသေခံဗုံးခွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်။ ဆွန်နီ မွတ်စလင်နဲ့ ရှီယာ မွတ်စလင်အကြား ပဋိပက္ခလို့ ပြောရင်လည်း မမှားပါ။ ဆော်ဒီအာရေဗျလို ဆွန်နီ မွတ်စလင်နိုင်ငံတွေက ဆိုနီဘက် အားပေးကူညီပြီး အီရန်လို ရှီယာ မွတ်စလင်နိုင်ငံတွေက ရှီယာဘက် အားပေးကူညီနေကြတယ်။ အာဏာရှိပြီး ငွေကို လိုသလောက် သုံးနိုင်ကြသူတွေက သြဇာအရှိန်အဝါ ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ ပဋိပက္ခရဲ့ နောက်ကွယ်မှာ ရှိနေကြတယ်။ ကြားထဲမှာ မြေဇာပင် ဖြစ်နေကြရသူတွေက အပြစ်မဲ့ သာမာန် မွတ်စလင် လူများစုတွေပါ။
ယူကရိန်းပြဿနာကတော့ နိုင်ငံရေးရော လူမျိုးရေးပါ ရောစွက်နေတယ်။ ငြိမ်းချမ်းစွာ ပြေလည်သွားမလား၊ ပေါက်ကွဲထွက်သွားမလား၊ ရင်တမမ အခြေအနေမှာ ရှိနေတယ်။ ကမ္ဘာ့ တခြားနေရာများမှာလည်း ပဋိပက္ခတွေ မစဲနိုင်သေးပါ။
လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းစဉ် ဘယ်လိုပင် တပ်တပ် ခြုံငုံကြည့်မယ်ဆိုရင် လူတွေရဲ့ လောဘ၊ ဒေါသ၊ အာဃာတ၊ မာန၊ အတ္တတွေအပေါ် အခြေခံတဲ့ အားပြိုင်မှုတွေပါ။ အားပြိုင်မှုကို သာယာတဲ့ အာသာဆန္ဒဟာ လူမှာ ရှိနေတယ်။ လက်ဝှေ့ပွဲတွေ၊ ပစ်ခတ် ထိုးခုတ် တိုက်ခိုက်ကြတဲ့ ရုပ်ရှင်တွေကို ကြည့်နေရတာကို သဘောကျတယ်။ ကိုယ်တိုင် သူတပါးနဲ့ အားပြိုင်ချင်သလို အခြားသူတွေ အားပြိုင်ကြတာကိုလည်း ရှုစားချင်နေတယ်။
အန္တရာယ်ရှိတဲ့ အားပြိုင်မှုကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ဘောလုံး၊ ဘော်လီဘော၊ ဘက်စကတ်ဘော၊ တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ် စတဲ့ အားကစားတွေ ရှိနေသင့်တယ်။ ဒါ့အပြင် ကဗျာ၊ ဝတ္ထု၊ သီချင်း၊ ဂီတ စတဲ့ သုခုမအနုပညာတွေဟာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေတာ ဖြစ်တဲ့အတွက် မရှိမဖြစ် လိုအပ်တယ်။
သီချင်း ဂီတ အနုပညာတွေကို ဆန့်ကျင်ပိတ်ပင်တဲ့ တာလီဘန်အဖွဲ့လို မွတ်စလင် အစွန်းရောက်တွေရဲ့ အယူအဆဟာ လူ့ယဉ်ကျေးမှုနဲ့ အံချော်နေတယ်။ ဒီလို လူ့ယဉ်ကျေးမှုနဲ့ အံချော်တဲ့ အယူအဆတွေဟာ အမြင်ကျဉ်းမှုကနေ မြစ်ဖျားခံလာတာပါ။ အမြင်ကျယ်မှုဆိုတာ လေ့လာစူးစမ်းမှု အသိအမြင် ဗဟုသုတ ကြွယ်ဝမှုမှ လာတာပါ။ လေ့လာစူးစမ်းမှု အသိအမြင် ဗဟုသုတနည်းမယ်ဆိုရင် အမြင်ကျဉ်းမှုကို ဖြစ်စေပါတယ်။
အမြင်ကျယ်မှုဆိုတဲ့ ပညာဦးစီးမှုဟာ လူ့အဖွဲ့အစည်းတိုင်းမှာ အခရာကျပါတယ်။ လွတ်လပ်စွာ တွေးခေါ်ရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ် လေ့လာသင်ယူခွင့်တွေကို ပိတ်ပင်ဟန့်တားတဲ့ လူ့အဖွဲ့အစည်းဟာ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်မလာနိုင်ပါ။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုးကွယ်ယုံကြည်မှုပေါင်းစုံ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ရှိနေတဲ့ နိုင်ငံပါ။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ပန်းဥယျာဉ်နဲ့ အလားသဏ္ဍာန် တူပါတယ်။
ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ကိုးကွယ်ယုံကြည်မှု ပေါင်းစုံနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ‘သဟ’ အတူတကွ၊ ‘ဇာတ’ ဖြစ်တည်မှုဆိုတဲ့ ‘သဟဇာတ’ ဖြစ်ဖို့ဆိုလျှင် အပြောသက်သက်နဲ့ မလုံလောက်ပါ။ မိမိတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကား စာပေယဉ်ကျေးမှုတွေကို လွတ်လပ်စွာ သင်ကြားရေးသား ထုတ်ဖော်မြှင့်တင်ခွင့်နဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အချင်းချင်းကြား အပြန်အလှန် လေ့လာသင်ယူမှု အမြင်ချင်း ဖလှယ်မှုတွေဆိုတာ တကယ် လိုအပ်ပါတယ်။ အချင်းချင်း အပြန်အလှန် နားလည်သိမြင်မှု မှတဆင့် အမြင်ကျယ်မှုဆိုတာ ဖြစ်လာရတာပါ။
သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက မအအောင် သမိုင်းသင်ပါလို့ ပြောခဲ့တယ်။ သမိုင်းပညာရှင်မို့ သမိုင်းကို ဦးတည်ပြီး ပြောပေမယ့် မသိတာမှန်သမျှဟာ ‘အ’ တာပါပဲ။ ဒါကြောင့်မို့ ဘယ်အရာမဆို များများသိလေ ကောင်းလေပါ။ ဒါမှ အမြင်ကျယ်သူ ဖြစ်လာမှာပါ။ အမြင်ကျယ်သူများမှ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်မှာပါ။
တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အမြင်ကျယ်မှုဆိုတဲ့ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာဦးစီးမှုဖြင့်သာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်နိုင်မှာပါ။ စစ်မိန့်နဲ့ တစ်ဖတ်သက် ဖိနှိပ်အုပ်ချုပ်မှုဖြင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ။
စစ်ရေးအမြင်တခုတည်း ရှိခြင်းဟာလည်း အမြင်ကျဉ်းမှုပင် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အမြင်ကျဉ်းသူများရဲ့ အမိန့်အာဏာအောက်မှ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေတခုသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောနဲ့တူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမြင်ကျယ်မှုအပေါ် အခြေခံထားတဲ့ ပညာဦးစီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဖြစ်သင့်ပါတယ်။
အမြင်ကျယ်မှုဆိုတဲ့ စကားဟာ အလွန်ပဲ အဓိပ္ပါယ် ကျယ်ဝန်း လေးနက်ပါတယ်။ အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုလျှင် မြတ်စွာဘုရားကို ပြရပါလိမ့်မယ်။ မြတ်စွာဘုရားသည် အမြင်အကျယ်ဆုံးနဲ့ စိတ်ဓါတ်အဖြူစင်ဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ သို့သော် ဗုဒ္ဓဘာသာဝင် ဖြစ်သွားရုံနဲ့ တခြားဘာသာဝင်များထက် စိတ်ဓာတ် ပိုမိုဖြူစင်သူ ဖြစ်သွားမယ်လို့ ပြောရင် လုံးဝ မှားပါတယ်။
ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓအဆုံးအမကို ကျင့်သုံးလိုက်နာသူလို့ ယေဘုယျအားဖြင့် သဘောအဓိပ္ပါယ် ထွက်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓအဆုံးအမကို တလေးတစား လိုက်နာကျင့်သုံးနေကြသူများ မဟုတ်ကြပါဘူး။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် အမည်ခံရုံနဲ့ စိတ်ဓါတ်မြင့်မြတ်ဖြူစင်သူ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် စိတ်ဓါတ်မြင့်မြတ်ဖြူစင်သူတွေ မြန်မာပြည်မှာရော ကမ္ဘာမှာပါ များစွာ ရှိကြတယ်။
ဗုဒ္ဓဘာသာရဲ့ အဆုံးပန်းတိုင်ဟာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ စိတ်ညစ်အကြေးအားလုံး ကင်းရှင်းတဲ့ ထာဝရ စိတ်ဖြူစင်မှုပါ။ ပန်းတိုင်ဖြစ်တဲ့ ထာဝရ စိတ်ဖြူစင်ရာသို့ သွားရာလမ်းမှာ စိတ်အညစ်အကြေးတွေ ပါးသထက် ပါးလာရပါမယ်။
ပန်းတိုင်ဖြစ်တဲ့ ထာဝရ စိတ်ဖြူစင်ရာသို့ သွားရာမှာ နိုင်ငံရေးသမား တယောက်အနေနဲ့ ဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးသမား တစ်ယောက်အနေနဲ့ ဖြစ်ချင်ဖြစ်မယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အတတ်ပညာရှင် အသိပညာရှင် တယောက်အနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အဆိုပါ သက်ဆိုင်ရာ အရည်အချင်းတွေနဲ့အတူ လူတိုင်းမှာ ယှဉ်တွဲလျှက် လိုအပ်တာက စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှု ဖြစ်ပါတယ်။
စိတ်အညစ်အကြေးများ ဖုံးလွှမ်းခံနေရသူဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်သူ ဖြစ်မလာနိုင်ပါ။ နိုင်ငံရေးသမားတယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင်ကျယ်မှု နှစ်မျိုးစလုံး လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ မိုးကျရွှေကိုယ် နိုင်ငံရေးသမား အတော်များများဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင်ကျယ်မှု နှစ်မျိုးစလုံး လစ်ဟာချို့ယွင်းနေပါတယ်။ ခေါင်းပေါင်းတလူလူ၊ ပိုးလုံချည် တကားကား၊ တိုက်ပုံတလက်လက် ဝတ်ထားလိုက်ရုံနဲ့ ပြည်သူလူထုက လေးစားယုံကြည် အားကိုးထိုက်တဲ့ နိုင်ငံရေးသမား နိုင်ငံခေါင်းဆောင်တယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင်ကျယ်မှု နှစ်မျိုးစလုံး လစ်ဟာချို့ယွင်းနေတဲ့ မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ နိုင်ငံရေးအာဏာကို လက်ဆင့်ကမ်း လွှမ်းမိုးချုပ်ကိုင်ခွင့် ရရာ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ ထိပ်ပိုင်း စစ်တပ်အရာရှိအသိုင်းအဝိုင်းများ သူတို့နဲ့ ပတ်သက် ဆက်နွယ်သူများ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခွင့် ရနေတဲ့ နိုင်ငံတနိုင်ငံဟာလည်း မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။
အထက်စီးမှ အာဏာပြ ချယ်လှယ်ခွင့် ရနေတဲ့ တရားမျှတမှုကင်းတဲ့ ဒီအစဉ်အလာဟာ ၁၉၆၂ ခုနှစ်ကတည်းက စတင်လာခဲ့တာ ယနေ့အချိန်အထိပါ။ သာမာန်ပြည်သူလူထုမှ ဆင်းသက်လာတဲ့ မျိုးဆက်သစ် လူငယ်လူရွယ်လေးများကတော့ မမျှတတဲ့ အစဉ်အလာရဲ့ ဆိုးမွေကို မျိုးဆက် ဘယ်နှဆက်တိုင်အောင် ဆက်လက် ခံကြရဦးမယ်ဆိုတာ မသိနိုင်ပါဘူး။
မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ နိုင်ငံရေးအာဏာ ဆက်ခံခွင့် အစဉ်အလာကို ၂၀၀၈ အခြေခံဥပဒေမှာ ခိုင်ခိုင်မာမာ ရေးဆွဲပြဌာန်းထားခဲ့ပါပြီ။ သာမာန်လူတန်းစား ပြည်သူပြည်သားများရဲ့ သားသမီး မြေးမြစ် တီတွတ် မျိုးဆက်သစ် လူငယ်လူရွယ်လေးများဟာ တရားမျှတမှုကင်းတဲ့ မှားယွင်းတဲ့ အစဉ်အလာရဲ့ ဆိုးမွေကို ဆက်လက် ခံကြပေတော့လို့ ၂၀၀၈ အခြေခံဥပဒေမှာ ရေးထားသကဲ့သို့ အဓိပ္ပါယ်ထွက်နေတာကို လူတိုင်းလူတိုင်း မြင်နိုင်ကြမယ်ဆိုလျှင် …။
(အရှင်စန္ဒိမာသည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့နှင့် မြန်မာနိုင်ငံ၊ ရေးမြို့နယ်၊ အစင်ရွာ၊ မွန်စိန်တောရတို့တွင် သီတင်းသုံးသော ဆရာတော် တပါးဖြစ်သည်။)