ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှုများကြောင့် ဖြစ်သည်ဟု အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ပြောဆိုကြောင်း သိရသည်။
တိုင်းရင်းသားများက ထိုသို့ပြုလုပ်သဖြင့် တပ်မတော်အနေဖြင့် ပစ်ခတ်ထိန်းသိမ်းရန် တာဝန်ရှိသောကြောင့် ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးက မေလ ၅ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာသို့ ဖြေကြား ထားသည်ကို တွေ့ရသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ဆိုသည်မှာလည်း ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေး ယူပြီးကတည်းက လုံးဝမရှိတော့ကြောင်း၊ တချို့ခွဲထွက်ပြီး ကျန်ရစ်ခဲ့သည့် အနည်း စုက ဆက်ကြေးကောက်၊ ဓားပြတိုက်သည့် အဆင့်သာ ရှိတော့ကြောင်း၊ သို့သော် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သဖြင့် လူသူသိလာသည့် သောင်းကျန်းသူ အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားကြောင်း ဖော်ပြထားသည်။
“သူတို့ဘက်က ဒီလို သဘောထားမျိုးကတော့ နှစ်ဘက်စလုံးအတွက် မကောင်းဘူး။ ကျနော်တို့ကတော့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ အားလုံးကို ကြီးကြီးငယ်ငယ် အကုန်လုံး အတူတူပဲဆိုတာ လက်ခံထားတယ်။ အခုလည်း Peace Talk အဆင့် ကို သွားနိုင်ဖို့ အပစ်အခတ် ရပ်စဲရေး မူကြမ်း အဆင့်ကိုပဲ အရင်ရအောင် လုပ်နေတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
ဒီမိုကရေစီ တူဒေး သတင်းစာ၌ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် စစ်တပ် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားရသည်မှာ KIA သည် နယ်မြေ ကျူးကျော်ခြင်း၊ ဒေသခံများကို နှိပ်စက်ခြင်း၊ လူများကို အဓမ္မဖမ်းဆီးပြီး စစ်သား လုပ်ခိုင်းခြင်း၊ ဆက်ကြေး ကောက် ခံခြင်း ၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း ၊ နိုင်ငံ၏ သယံဇာတများကို ခိုးထုတ်ခြင်း စသည့် လုပ်ရပ်များကြောင့့် ဒေသခံများက အကာအကွယ် ပေးရန် တောင်းဆိုခဲ့သဖြင့် စစ်တပ် အနေဖြင့် ဝင်ရောက် ကိုင်တွယ်ရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦး ဆိုသူက ဆက်လက်ပြီး“တပ်မတော်က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ဘူး။ လူမျိုးရေး အသွင်ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် ဖြစ်မသွားအောင် ထိန်းရပါတယ်။ သူတို့ဘက်ကကျတော့ ဘာမှ မထိန်းဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိခေါင်းဖြတ် အသတ်ခံရတဲ့ ဖြစ်စဉ်မျိုးကို သူတို့ဘက်က ကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ”ဟု ဒီမိုကရေစီ တူဒေးသို့ ပြောဆိုထားသည်။
ဒီမိုကရေစီ တူဒေး သတင်းစာ၏ ဖော်ပြချက်တွင် စာနယ်ဇင်းသမားများသည် KIA နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ လေထဲမှ စကားများကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှန်ဟု ထင်မြင်နေသည့်အပြင် တပ်မတော်အပေါ် နဂိုကတည်းကပင် အမြင်မရှင်း သောကြောင့် တပ်မတော် အပေါ် အကောင်းမမြင်သည်မှာ သဘာဝကျကြောင်းလည်း ပါဝင်သည်။
“KNU(ကရင် အမျိုးသား အစည်းအရုံး)နဲ့ ဘာကြောင့် မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်” ဟု လည်း စစ်တပ် အရာရှိကြီးက ဒီမိုကရေစီ တူဒေးသို့ ဖြေကြားထားသည်။
ဒီမိုကရေစီတူဒေး သတင်းစာက ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အပစ်ခတ် ရပ်စဲရေးတွင် တပ်မတော်၏ သဘောထားရပ်တည်ချက်နှင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး တွင် တပ်မတော်၏ အနေအထားများကို ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တဦး ကို ဧပြီလ နောက်ဆုံးပတ်အတွင်း ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားချက်များ ဖြစ်သည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC)မှ ဦးလှမောင်ရွှေက“တပ်ဘက်က ပွင့်လင်းလာတဲ့ အနေအထားမှာ သူ့အမြင် ကိုယ့်အမြင် ပြော လို့ရတာပဲ။ တပ်မတော်ဘက်က တဦးဦးက ပြောတာပေါ့နော်။ ဘယ်သူလဲတော့ ကျနော်လည်း မသိပါဘူး။ သူတို့ အမြင်ဘက် က ပြောတဲ့အတွက် တင်းမာတဲ့သဘောလို့တော့ မထင်ဘူး။ ရှု့ထောင်ကတော့ ဘက်တွေ ရှိနေတဲ့အတွက် မျိုးစုံ ရှိနိုင်ပါတယ်။ တကယ်အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ပါပဲ”ဟု ပြောသည်။
အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် မေလ ၁၉ ရက်နှင့် ၂၀ ရက်၌ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရေးထက် မူကြမ်းအပေါ်တွင် နှစ်ဘက်စလုံးက အရင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒ ၆ ရပ်တွင် (၁) ထာဝရ ငြိမ်းချမ်းရေး ရယူရန် ၊ အမှန် တကယ် ဆန္ဒရှိရန်၊ (၂) သဘောတူ စာချုပ်အတိုင်း ကတိတည်ရန်၊ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ် မထုတ် ရန်၊ (၄) ဒေသခံ ပြည်သူများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ (၅) နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန် အရေး ၃ပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။
“နံပါတ် တစ်နဲ့ နှစ်က သဘော မတူစရာ မရှိဘူး။ သုံးနဲ့ လေးနဲ့ကတော့ နှစ်ဖက်စလုံးက လိုက်နာဖို့ လိုတယ်။ တပ်ဘက်ကလည်း ပြည်သူလူထု အပေါ်မှာ ဝန်ထုတ်ဝန်ပိုး မဖြစ်အောင် လုပ်ဖို့လိုတယ်။ ကျနော်တို့ဘက်က ဆက်ကြေးကောက်တဲ့ ကိစ္စကိုပဲ အတင်း ဆွဲထည့်ပြီး ပြောနေလို့ မရဘူး။ နောက်ဆုံး နှစ်ချက်ကတော့ လုံးဝလက်ခံလို့ မရဘူး။ သူတို့ရဲ့ တချို့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ ကျနော်တို့ကိုယ်တိုင် တောင်းဆိုနေတာမျိုးတွေ ရှိတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ကာကွယ် ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ စာလက်ခံ ဖြေကြားသည့်ပုံစံမှာ တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့အပေါ်တွင် သဘောထား တင်းမာမှုကို ပြသရာ ရောက်နေကြောင်း နိုင်ငံရေး လေ့ လာ သူများကလည်း ပြောဆိုကြသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)တို့ မေလ ၁၃ ရက်နေ့တွင် တွေ့ဆုံရန် နှစ်ဖက် သဘော တူညီချက် ရရှိထားသည်။