ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB) သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သြစတြေးလျ နိုင်ငံသား သတင်းထောက် Mr.Angus Waston Roberzs ကို အစိုးရ အာဏာပိုင် များက ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ထိုသတင်းထောက်ကို ဗီဇာ ချိုးဖောက်မှုကြောင့် အစိုးရက ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်ကြောင်း ၎င်း၏ ကိုယ်ပိုင် ဖေ့ဘုတ်စ် စာမျက်နှာတွင် ဖြေရှင်းထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းထောက်အား မေလ ၇ ရက်က မကွေးမြို့တွင် ပြုလုပ်သည့် မီဒီယာ ဖိနှိပ်မှု ရပ်တန့်ရေး ဆန္ဒပြမှုတွင် ပါဝင်သည်ဟု ဆိုပြီး ယနေ့ နံနက်ပိုင်းက စမ်းချောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန(လဝက)က လာရောက် ခေါ်ဆောင်သွားကြောင်း DVB သတင်းဌာန မြန်မာပိုင်း တာဝန်ခံ ဦးတိုးဇော်လတ် က ဧရာဝတီသို့ ပြောသည်။
“မနေ့က မကွေး ဆန္ဒပြမှုမှာ ကျနော်တို့ဆီက နိုင်ငံခြားသား သတင်းထောက် တယောက် ပါသွားပါတယ်။ DVB အင်္ဂလိပ် ဝက်ဘ် ဆိုက် ကပါ။ ဒီမနက် သူ ရန်ကုန်ကို ပြန်လာတော့ သူနဲ့ အတူ လ.ဝ.က အမှုထမ်း တယောက် ပါလာ ပါတယ်။ သူ့ကို ဘာလုပ်ဖို့လည်း မေးတော့ ဒီနိုင်ငံခြား သတင်းထောက်ကို ရုံးခေါ်သွားမလို့ပါလို့ ပြောတယ်။ မနက်က သတင်းထောက်ကို ရုံးခေါ်သွားပါတယ်” ဟု ဦးတိုးဇော်လတ်က ပြောပြသည်။
လတ်တလောတွင် နိုင်ငံခြားသား သတင်းထောက်ကို စမ်းချောင်းမြို့နယ် လ.ဝ.က ရုံး၌ ခေါ်ဆောင်ထားပြီး မကြာမီ ရက်ပိုင်း အတွင်း ၎င်း နေထိုင်ရာ သြစတြေးလျ နိုင်ငံကို ပြန်ပို့မည် ဖြစ်ကြောင်း၊ ယင်းနိုင်ငံခြား သတင်းထောက်သည် မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်ကမှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ဦးတိုးဇော်လတ်က“မကွေးမြို့ လ.ဝ.က ကနေ သူ့ကို စာထုတ် ထားတယ်လို့ ပြောတယ်။ အဓိက ကတော့ မကွေး ဆန္ဒပြဖို့ ခွင့်ပြုမိန့် မကျထားတာကို ဆန္ဒ ဝင်ပြလို့ ဆိုပြီး ခေါ်တာလို့ ပြောတယ်။ နောက်တခုက ပြည်တွင်းကို ဝင်လာတာ Business ဗီဇာနဲ့ ဝင် လာပြီး သတင်းထောက် အလုပ် လုပ်တယ် ဆိုပြီးတော့ သူ့ကို မြန်မာပြည်ကနေ ပြည်နှင်ဖို့ ဆိုပြီး အမိန့်ချထားပါတယ်လို့ သိရ တယ်”ဟု ဆိုသည်။
ဦးရဲထွဋ် ၏ ဖေ့စ်ဘုတ်၌“အဲဒီ နိုင်ငံခြားသားဟာ စီးပွားရေး လုပ်ငန်းဗီဇာ(Visa No. 08986, Business) နဲ့ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့မှာ ဝင်ရောက် ခဲ့တာ ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ အထိ နေထိုင် ခွင့်ပြုထားပါတယ်။ သူဟာ ခွင့်ပြုမိန့် မရဘဲ စီတန်း လှည့်လည် ဆန္ဒပြရာမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ အတွက် ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ဒီနေ့မှာ လူဝင်မှု ကြီးကြပ်ရေးက လဝက အက်ဥပဒေ ပုဒ်မ (၂) အရ ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်”ဟု ရေးသား ထားသည်။
ပြန်ကြားရေး ဝန်ကြီး ဌာနအနေနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီ ၃၀ ရက်နေ့ အထိ DVB သတင်းထောက်များ အတွက် ဗီဇာ ထောက်ခံပေးမှု ရှစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး လက်ရှိ အချိန်တွင် DVB သတင်း ထောက်လေးဦးဟာ မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်း ယင်းသတင်းထောက် လေးဦး စာရင်းထဲတွင် သြစတြေးလျ နိုင်ငံသား သတင်းထောက် Mr.Angus Waston Roberzs မပါဝင်ကြောင်းလည်း ဦးရဲထွဋ် ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
မကြာသေးခင်ကလည်း DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) ကို ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ် အမိန့် ချမှတ်လိုက်သည့် အပေါ် မကျေနပ် သည့် အတွက် မကွေးတိုင်းဒေသကြီးမှ သတင်းထောက်များက စုပေါင်းပြီး ဆန္ဒပြ တောင်းဆိုကြခြင်း ဖြစ်သည်။
ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် DVB သတင်းထောက် ကိုဇော်ဖေသည် အများပြည်သူ သိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို မြို့နယ်ပညာရေး ဌာနတွင် သတင်း ရယူခဲ့ခြင်း အပေါ် မကွေးမြို့နယ် ပညာရေး ဌာနမှ ယင်းပုဒ်မနှစ်ခုဖြင့် တရားလို ပြုကာ ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်နှင့် အတူ ကိုဇော်ဖေကိုပါ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုပြီး တနှစ်ခွဲကျော် အကြာ ယခုနှစ် ဧပြီလ ၇ ရက်နေ့က မကွေးမြို့နယ် တရားရုံးက တရားစွဲဆို ခံထားရသူ နှစ်ဦးကို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။